ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပန်းသပိတ်လှုပ်ရှားမှု လူပေါင်း ၁၃၀ ကျော်ဖမ်းဆီးခံရ

ဧရာဝတီ၊ ရန်ကုန်၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတွေမှာ ဇွန်လ ၁၉ ရက် မနေ့က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပန်းပန်တာ၊ ပန်းကိုင်ဆောင်ပြီး သွားလာခဲ့တဲ့ လူပေါင်း ၁၃၀ ကျော်ကို စစ်ကောင်စီ တပ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့မှာ မနေ့ မနက်က လူပေါင်း ၈၀ ခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ အဲဒီအကြောင်းကို သိထားသူ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မော်လမြိုင်ကျွန်းမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

“မနက် ၈ နာရီလောက်မှာ၊ အုပ်ချုပ်ရေးမှူးတွေ၊ ပျူစောထီးတွေ၊ ပြည်သူ့စစ်တွေက မြို့ရဲ့အဓိက(Main) လမ်းမကြီးပေါ့၊ အဲဒီအတန်းက အိမ်တွေကို ဓာတ်ပုံရိုက်တယ်။ ဘာမှမလုပ်ဘူးဆိုတဲ့ ပုံစံမျိုး၊ ၁၀ နာရီလောက်မှာ စပြီးဖမ်းတာ အယောက် ၈၀ လောက်ပါသွားတယ်။ အဲဒီလမ်းမကြီးတန်းမှာ မြို့မဈေးကြီးရှိတယ်။ အဲဒီ ဈေးကြီးက ဆိုင်ခန်းတွေကလူတွေကိုပါ အဖမ်းခံရတယ်။ ဘုရားပန်းထိုးတဲ့လူတွေပါ အကုန်ပါတယ်။ ညက ၈ နာရီလောက်မှာ အကုန်ပြန်လွှတ်ပေးလိုက်တယ်။ ခံဝန်တော့ ထိုးခိုင်းတယ်”

ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ အမျိုးသမီး ၅၀ ခန့်နဲ့ အမျိုးသား ၃၀ ဝန်းကျင်ရှိတယ်လို့ ပြောပါတယ်။ အဲဒီအထဲက အမျိုးသားတွေကတော့ လူမှုကွန်ရက်မှာ ပန်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ရေးသားမျှဝေခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတာလို့လည်း သူကပြောပါတယ်။

ခံဝန်နဲ့ပြန်လွတ်လာသူအချို့ကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် သူတို့ရဲ့ လုံခြုံရေးအခြေအနေအရ ဖြေကြားဖို့ အဆင်မပြေဘူးလို့ ပြောကြပါတယ်။

မော်လမြိုင်ကျွန်းမြို့က အမှတ် ၉၊ ၁၀၊ ၁၁ ရပ်ကွက်ကနေအိမ်တွေကို မနေ့က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည် မွေးနေ့လှုပ်ရှားမှုနဲ့ ပတ်သက်လို့ စစ်ဆေးမေးမြန်းခဲ့တယ်လို့ မော်လမြိုင်ကျွန်း မြို့ခံတွေက ပြောပါတယ်။

"ကလေးနဲ့ ယောကျ်ား ရှေ့မှာ တင်ရိုက်တာ။ မိန်းမကို လူးလိမ့်နေတာပဲ။"

အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့မဈေးနဲ့ မြို့အဝင်အထွက် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေမှာလည်း နှင်းဆီပန်းပန်တဲ့ အမျိုးသမီး ၂၀ နီးပါး မနေ့က ဖမ်းဆီးခံခဲ့ရပါတယ်။

ကလေးမြို့မဈေးမှာ ပန်းပန်တဲ့အမျိုးသမီးမှန်သမျှကို ကနဦးဖမ်းဆီးပြီးနောက် စံပယ်ပန်းနဲ့ ခရေပန်း ပန်သူတွေကို ပြန်လွှတ်ပေးလိုက်ပေမယ့် နှင်းဆီပန်း ပန်သူတွေကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

“ခရေပန်းနဲ့ စံပယ်ပန်း ပန်တဲ့သူတွေကို ပြန်လွှတ်ပေးလိုက်တယ်။ အဓိကတော့ နှင်းဆီပန်း ပန်တဲ့သူတွေကို ဖမ်းတာ။ ဖမ်းတုန်းကတော့အကုန်ဖမ်းတာ။ ဈေးသည်တွေ အဓိကပါသွားတာ။ ဖြစ်တာကတစ်နေရာတည်း မဟုတ်ဘူး။ မြို့ဝင် မြို့ထွက် ဂိတ်တွေမှာလည်း ဖြစ်တယ်”

အဖမ်းခံရသူတွေ ပြန်လွတ်၊ မလွတ်ကိုတော့ မသိရသေးဘူးလို့ သူကပြောပါတယ်။

ရန်ကုန်တိုင်းမှာလည်း ကမာရွတ်၊ ပန်းဘဲတန်း၊ တာမွေမြို့နယ်တွေက ပန်းသပိတ် ပါဝင်ခဲ့တဲ့ အမျိုးသမီး ၂၈ ဦးနဲ့ အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကမာရွတ်မြို့နယ်မှာ ဖမ်းဆီးခံရတဲ့ အမျိုးသမီး ၁၅ ဦးထဲက ကမာရွတ်မြို့နယ်၊ အမှတ် ၅ ရပ်ကွက်မှာနေထိုင်တဲ့ ဈေးသည်အမျိုးသမီး သုံးဦးကို မနေ့ညက ပြန်လွှတ်ပေးလိုက် ပေမယ့် ကျန်တဲ့သူတွေ ပြန်လွတ်၊ မလွတ်ကိုတော့ မသိကြရသေးဘူးလို့ ဆိုပါတယ်။

မန္တလေးမြို့မှာတော့ မနေ့က ပန်းပန်လာတဲ့အမျိုးသမီးတချို့ကို စစ်ကောင်စီ တပ်သားတွေက လမ်းပေါ်မှာ ရိုက်နှက်တာတွေရှိခဲ့တယ်လို့ အဲဒီဖြစ်စဥ်ကိုသိထားတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

“တော်တော်အရိုက်ခံလိုက်ရတယ်။ တစ်ယောက်ဆိုရင် ဘဏ်ရှေ့မှာ ကျွန်တော်တို့ ၂၆ လမ်း စီးပွားရေးဘဏ် အရှေ့မှာ ကလေးလေးရယ်၊ သူ့ယောကျာ်းနဲ့ သုံးယောက် ဆိုင်ကယ်စီးလာတာ။ ကလေးနဲ့ ယောကျ်ားရှေ့မှာတင်ရိုက်တာ။ မိန်းမကို လူးလိမ့်နေတာပဲ။ ပန်းပန်လို့။ စစ်သားတွေကြီးပဲ ယာဉ်ထိန်းမပါဘူး။ ရဲမပါဘူး။ စစ်သားချည်းပဲ”

ဒါ့အပြင် မန္တလေးတိုင်း ရမည်းသင်းအကျဉ်းထောင်ကနေ ထောင်ဝင်စာပို့ပြီး ပြန်လာတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင် နှစ်ဦးနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးကို ရဲတပ်ဖွဲ့ဝင်တွေက ပန်းသပိတ်လုပ်တယ်လို့ဆိုပြီး စွပ်စွဲဖမ်းဆီးခဲ့ပြီးနောက် တစ်ဦးကိုပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်နှစ်ဦးကိုတော့ ရမည်းသင်း ရဲစခန်းကနေ ရာဇသတ်ကြီးပုဒ်မ -၅၀၅-က နဲ့ အမှုဖွင့်ခံလိုက်ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ပြုလုပ်ခဲ့ကြစဉ်။ (ဓာတ်ပုံ - ကိုလူချော)
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ပြုလုပ်ခဲ့ကြစဉ်။ (ဓာတ်ပုံ - ကိုလူချော)

အမှုဖွင့်ခံထားရသူတွေက ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ကမှ ရမည်းသင်း အကျဉ်းထောင်ကနေ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုသူရမောင်မောင်နဲ့ ထောင်ဒဏ် ၁၂ နှစ်ကျနေတဲ့ နိုင်ငံရေးအ ကျဉ်းသား ခင်ပွန်းဆီကို ထောင်ဝင်စာလာပို့တဲ့ ဒေါ်စန္ဒာမြင့်တို့ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့အမျိုးသမီးသမဂ္ဂက တွဲဖက်အတွင်းရေးမှူး(၁) မဇူးပဒုမ္မာကတော့ စစ်ကောင်စီတပ်က ပြည်သူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ချိုးဖောက်ပြီးကြောက်ရွံ့ လာအောင်လုပ်နေတာလို့ ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ ပန်းသပိတ်မှာ ပါဝင်ကြတဲ့လူတွေကို အကြောက်တရား ဖြစ်အောင်လို့ ဖမ်းဆီး၊ ရိုက်နှက်ပြတဲ့ လုပ်ရပ်တစ်ခုကို သူတို့ (စစ်ကောင်စီတပ်) လုပ်ပြသွားတာဖြစ်တယ်။ လူ့အခွင့်အရေးအရ ကြည့်မယ်ဆိုရင် လွတ်လပ်စွာထုတ်ဖော်ခွင့် ကျွန်မတို့ရဲ့ဆန္ဒကို ပုံစံမျိုးစုံနဲ့ဖော်ထုတ်ခွင့်တွေကို ပိတ်ပင်တာဖြစ်တယ်။ နောက်တစ်ခု ကျွန်မတို့ရဲ့ တစ်ဦး၊ တစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို ချိုးဖောက်တာလည်းဖြစ်တယ်။ ဖိနှိပ်တာလည်း ဖြစ်တယ်”

ဒီကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်း၊ မန္တလေးနဲ့ ဧရာဝတီတိုင်းက ပြောခွင့်ရသူတွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေကြားပါဘူး။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုလည်း RFA က ဇွန်လ ၂၀ ရက် မနက်မှာ ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေကြားပါဘူး။

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထောင်ချတာကိုခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ပန်းသပိတ်နဲ့ လူထုလှုပ်ရှားမှုတွေကို နိုင်ငံတစ်ဝန်းမှာ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။