ဒေါ်အောင်ဆန်းစုကြည်ရဲ့ စင်္ကာပူခရီးစဉ် အကျိုးအမြတ်တွေရခဲ့သလား
စင်ကာပူနိုင်ငံမှာ ၅ ရက်တာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီး ညီလာခံကို သွားရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခရီးစဉ်မှာ ရခိုင်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာဖိအားတွေရှိခဲ့ပေမယ့်လည်း နိုင်ငံတကာကို ရှင်းလင်းအသိပေးချင်တဲ့ကိစ္စတွေကို ဆွေးနွေးဖလှယ်နိုင်ခဲ့တဲ့အတွက် အကျိုးရှိတဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်လို့ နိုင်ငံရေးပါတီတချို့နဲ့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
-
2018-11-15 -
-
-
Your browser doesn’t support HTML5 audio
RFA သတင်းထောက် မသက်စုအောင် က စုစည်းတင်ပြထားပါတယ်။
■ အမေရိကန်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံခေါင်းဆောင်တွေနဲ့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး သီးခြား စီတွေ့ဆုံ ဆွေးနွေးနိုင်ခဲ့တဲ့အတွက် ဒီမိုကရေစီအပြောင်းအလဲပေါ်မှာ နိုင်ငံတကာထောက်ခံမှုနဲ့ ဝန်းရံမှုရရှိဖို့၊ ရခိုင်အရေးဖြေရှင်းနိုင်ဖို့ အတိုင်းအတာတစ်ခုထိ အကျိုးသက်ရောက်မှု ရှိခဲ့တယ်လို့ နိုင်ငံရေးပါတီတချို့နဲ့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။
နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်တဲ့ ဒေါက်တာရန်မျိုးသိမ်းက အခုလိုပြောပါတယ်။
"စိန်ခေါ်မှုတွေ အကျပ်အတည်းတွေကြားထဲမှာ ထိုးဖောက်ပြီးသွားခဲ့ရတဲ့ ခရီးစဉ်တစ်ခုလို့တော့ သုံးသပ်လို့ ရတယ်၊ ဒီအစည်းအဝေးကနေတဆင့် မြန်မာနိုင်ငံရဲ့ ရခိုင်အရေး အပါအဝင် ဒီမိုကရေစီ အပြောင်းအလဲနဲ့ ပတ်သက်ပြီး နိုင်ငံတကာကို အသိပေးချင်တဲ့ နိုင်ငံတကာကို ရှင်းလင်းချင်တဲ့် အနေအထားတွေ အချက် အလက်တွေကို ရှင်းလင်းဆွေးနွေးဖလှယ်နိုင်တဲ့ အခွင့်အလမ်းရတယ်။ နောက်ပြီး အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံတကာခေါင်းဆောင်တွေ ဒေသတွင်းခေါင်းဆောင်တွေနဲ့ သီးခြားအမြင် ဖလှယ်ဆွေးနွေးနိုင်တဲ့ အတွက်ကြောင့်မို့ မြန်မာဒီမိုကရေစီ အပြောင်းအလဲအတွက်ရော ရခိုင်အရေး ဖြေရှင်းနိုင်ဖို့အတွက်ရော မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲပေါ်မှာ နိုင်ငံတကာရဲ့ ထောက်ခံမှုနဲ့ ဝန်းရံမှုရရှိဖို့အတွက် အတိုင်းအတာတစ်ခုထိ အထောက်အကူပြုတယ်လို့မြင်တယ်"
စင်္ကာပူနိုင်ငံမှာ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ဒီနေ့အထိ ၅ ရက်ကြာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က ဒေသတွင်းနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်ကြဖို့လည်း ဖိတ်ခေါ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းကြည်အနေနဲ့ အခုလိုဖိတ်ခေါ်ခဲ့တာဟာ နိုင်ငံရဲ့ စီးပွားရေးအခြေအနေ တိုးတက်သွားဖို့ မျှော်လင့်လို့ရပေမယ့်လည်း နိုင်ငံတွင်း တည်ငြိမ်မှုရှိနေစဉ်တုန်းက ဖိတ်ခေါ်နိုင်ခဲ့ရင် ပိုမိုကောင်းမွန်တဲ့ရလဒ်တွေ ရလာနိုင်မှာဖြစ်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က အခုလိုပြောပါတယ်။
"နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ အများဆုံးလာဖို့ရာအတွက်ကို စောစောလုပ်ခဲ့ရမယ့် အနေအထားဗျ၊ အခုဒီလို နိုင်ငံတော်မှာ မတည်ငြိမ်မှုတွေ ဖြစ်နေတဲ့အချိန် သွားပြီးတော့ ဖိတ်ခေါ်မှုလုပ်တဲ့အခါမှာ အာဆီယံနိုင်ငံများ နိုင်ငံတော်တော်များများက ဖိအားပေးလာတဲ့အပေါ်မှာ ရင်းနှီးမြှုပ်နှံမှုတွေလာဖို့က တွန့်ဆုတ်သွားနိုင်တယ်လို့ မြင်တယ်၊ လာချင်တဲ့နိုင်ငံရှိရင်တောင်မှ အခုနိုင်ငံတော်တော်များများက ဖိအားပေးနေတဲ့အပေါ်မှာ ကျနော် တို့နိုင်ငံရဲ့ ဖြစ်တည်မှုကို ရင်းနှီးမြှုပ်နှံမယ့်နိုင်ငံတွေက သိပြီးတော့ လာမှာကို ကြောက်ရွံ့သွားနိုင်တဲ့ အနေအထားရှိတယ်"
အာဆီယံထိပ်သီးညီလာခံကျင်းပနေတဲ့ အတောအတွင်းမှာပဲ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၉ ခုနှစ်က ချီးမြှင့်ထားခဲ့တဲ့ လူ့အခွင့်အရေးဆုကို ပြန်လည်ရုပ်သိမ်းကြောင်းလည်း ကြေညာခဲ့ပါတယ်။
ခရီးစဉ်အတွင်းမှာ အခုလို ဆုရုပ်သိမ်းခံရသလို နိုင်ငံတကာဖိအားပေးမှုတွေ ကြုံခဲ့ရပေမယ့် ဒီခရီးစဉ်ဟာ အကျိုးရှိတဲ့ခရီးစဉ်တစ်ခု ဖြစ်ခဲ့တယ်လို့ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင် က အခုလိုပြောပါတယ်။
"ရင်းနှီးမြှုပ်နှံမှုကိစ္စကို သူပွင့်ပွင့်လင်းလင်းပြောခဲ့တယ်၊ ရင်းနှီးမြှုပ်နှံမှုတွေလာကြပါ၊ လုပ်ကြပါ၊ ပြီးတော့ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေကိုလည်း အသစ်ပြန်လည်ရေးဆွဲထားတဲ့ အတွက်ကြောင့် ပွင့်လင်းမြင်သာမှုရှိတယ်၊ လုပ်လို့ ကိုင်လို့ကောင်းတယ်ဆိုပြီးတော့ ဆွဲဆောင်မှုရှိတဲ့ စကားလုံးတွေနဲ့ ပြောခဲ့တယ်လေ၊ ဒီဘင်္ဂါလီ ကိစ္စကိုလည်း အဲမှာတက်တဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ ရှင်းပြနိုင်ခဲ့တယ်ပေါ့ဗျာ၊ ဒီအာဆီယံ မိတ်ဖက်နိုင်ငံများနဲ့ ပတ်သက်ပြီးတော့လည်း ပိုပြီးတော့ကောင်းတဲ့ ဆက်ဆံရေးရအောင်လုပ်ခဲ့တယ်ဗျာ၊ အထူးသဖြင့်တော့ အမေရိကန်ပေါ့၊ အဲဒီအချက် ၃ ချက်ကတော့ ကျနော်တို့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခရီးစဉ်က အကျိုးရှိခဲ့တယ်လို့ ပြောချင်ပါတယ်"
ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဆီယံထိပ်သီးညီလာခံမှာ ပြောဆိုခဲ့တာ မရှိပေမဲ့လည်း ညီလာခံပြင်ပ အမေရိကန်ဒုသမ္မတနဲ့ သီးခြားတွေ့ဆုံရာမှာ အမေရိကန် ဒုသမ္မတက ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း စစ်တပ်ရဲ့ဖိနှိပ်မှုတွေကို ပြစ်တင်ဝေဖန်ခဲ့ပြီး စစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကြောင့် မွတ်စလင် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတာနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က နယူးဇီလန်ဝန်ကြီးချုပ်နဲ့လည်း သီးသန့်တွေ့ဆုံခဲ့ပြီး နယူးဇီလန်ဝန်ကြီးချုပ်ကတော့ သိန်းနဲ့ချီတဲ့ဒုက္ခသည်ပြသနာတွေကို ဖြေရှင်းရာမှာ မြန်မာနိုင်ငံကို ကူညီမယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီအာဆီယံထိပ်သီးညီလာခံ ခရီးစဉ်မစတင်ခင်ကတည်းက နိုင်ငံတကာဖိအားတွေ ရှိခဲ့တာဖြစ်ပြီး ညီလာခံမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်းကို ဦးစားပေးဆွေးနွေးသင့်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ကလည်း ညီလာခံမစခင်မှာ ကြေညာချက် ထုတ်ပြန်တိုက်တွန်း ခဲ့ပါတယ်ရှင်။