ဒေါ်အောင်ဆန်းစုကြည်အယူခံ စစ်ကောင်စီလက်ခံတာ နိုင်ငံတကာကိုလှည့်စားဖို့ဖြစ်ကြောင်း သုံးသပ်ကြ
အမှုတွေကို ကြားနာမယ်လို့ လက်ခံလိုက်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ရှေ့နေတွေနဲ့ တွေ့ဆုံဆွေးနွေးခွင့်မပေးတာက တရားမျှတမှုမရှိဘူးလို့ ဥပဒေပညာရှင်တွေက ထောက်ပြကြပါတယ်။
-
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023-04-19 -
-
-
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲထောင်ချထားတဲ့ အမှုတချို့ အယူခံတက်ထားတာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဧပြီလ ၁၉ ရက် မနေ့က လက်ခံခဲ့ပါတယ်။
ဒါဟာ နိုင်ငံတကာဖိအားတွေ လျော့အောင် စစ်ကောင်စီက ဆောင်ရွက်လိုက်တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ ပြန်လွတ်လာနိုင်ခြေ အင်မတန်နည်းတယ်လို့ ပြည်တွင်းက တရားရေးနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေနဲ့ ပတ်သက်ပြီး မတရားတဲ့ တရားစီရင်ရေးစနစ်နဲ့ သက်သေအထောက်အထား၊ မပြည့်စုံတဲ့ အမှုတွေအဖြစ်နဲ့ နိုင်ငံတကာက ဝိုင်းဝန်းကန့်ကွက်နေတာဖြစ်ပါတယ်"
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံအမှုအများစုကို လက်မခံဘဲ ပယ်ချလေ့ရှိရာကနေ ဒီတစ်ကြိမ်မှာတော့ NLD အစိုးရလက်ထက်က ရဟတ်ယာဉ် ငှားရမ်း၊ ဝယ်ယူမှုနဲ့ သက်ဆိုင်တဲ့ အဂတိအမှုငါးမှု၊ ရွေးကောက်ပွဲ မသမာမှုစွပ်စွဲချက် ရာဇသတ်ကြီးပုဒ်မ- ၁၃၀ (က)နဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေပုဒ်မ - ၃ (၁) (ဂ) အမှုတွေကို နှစ်ဖက်ကြားနာဖို့ လက်ခံလိုက်တာပါ။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ဧပြီလဆန်းမှာ ကျင်းပတဲ့ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ မတရားဖမ်းဆီးခံထားရသူတွေ ချက်ချင်းလွှတ်ဖို့ ဆုံးဖြတ်ချက်အတည်ပြုပြီးနောက် ၁၅ ရက်အတွင်း စစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်အမှုကို အယူခံ လက်ခံလိုက်တာ ဖြစ်ပါတယ်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အယူခံကို လက်ခံလိုက်ပေမဲ့ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုနေသလို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ NLD ပါတီဝင် ရှေ့နေတစ်ဦးက ပြောပါတယ်။
“ အခုက လက်ခံရေးအဆင့်ရတယ်။ အမှုတွဲတွေ တောင်းခေါ်တော့မယ်။ ပြီးလို့ရှိရင် မူလရုံး တရားလိုဘက်ကိုလည်း ဆင့်ခေါ်မယ်။ လွတ်မြောက်နိုင်ခြေလုံးဝမရှိဘူး။ တစ်ခုပဲရှိတယ်။ ပြစ်ဒဏ်လျှော့ပေးတာတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ အပြစ်မရှိပါဘူး။ အောက်ရုံးက ဆုံးဖြတ်ချက်မှားပါတယ်ဆိုတာမျိုးတော့ မျှော်လင့်လို့မရဘူး။ အလွန့်အလွန်ဆုံးက အိမ်မှာပြန်ထားတာ အဲ့ဒါပဲဖြစ်နိုင်တယ်။ လုံးဝ တရားသေလွှတ်ဖို့တို့ အားလုံးကွင်းလုံးကျွတ်ကတော့ မျှော်လင့်လို့လည်း မရသလို ဖြစ်လည်း မဖြစ်နိုင်ဘူး။”
သူ့လိုပါပဲ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတစ်ဦးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ကြားနာမယ့် အယူခံအမှုဟာ ဒေါ်အောင်ဆန်းစုကြည်ဘက်က နိုင်ခြေမရှိဘူးလို့ ပြောပါတယ်။
“ကျွန်တော်တို့က ခေါင်းထဲမှာ rule of law ဆိုတဲ့ အမြင်နဲ့ သွားတာ၊ အဆုံးရည်မှန်းချက်ကောင်းမယ်လို့ ဘယ်တုန်းကမှ မယူဆခဲ့ဘူး။ အယူခံတက်လည်း အယူခံမှာ နိုင်မယ်လို့ မယူဆပါဘူး။ တစ်နေ့ကျမှ အဲဒီမှတ်တမ်းတွေနဲ့ rule of law ရှိမရှိ မှတ်တမ်းတင်ဖို့ပဲ လိုတာပါ၊ အဲဒီအတွက်ပဲ ကျွန်တော်တို့ လုပ်ကြတာပါ။”
နိုင်ငံတကာအမြင်မှာ တရားမျှမျှတတ စစ်ဆေးတယ်ဆိုတာမျိုး ပုံဖော်ချင်လို့ အမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လက်ခံလိုက်တာလို့ ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က မှတ်ချက်ပြုပါတယ်။
“ဒီလိုလုပ်တာကို အချိန်ဆွဲမှုတစ်ရပ်အဖြစ် ကျွန်တော်က မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေနဲ့ ပတ်သက်ပြီး မတရားတဲ့ တရားစီရင်ရေးစနစ်နဲ့ သက်သေအထောက်အထား၊ မပြည့်စုံတဲ့ အမှုတွေအဖြစ်နဲ့ နိုင်ငံတကာကနေ ဝိုင်းဝန်းကန့်ကွက်နေတာဖြစ်ပါတယ်။ အဲ့လိုအချိန်မျိုးမှာ သူတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို တရားမျှတစွာ စစ်ဆေးတယ်ဆိုတာကို ပုံဖော်ဖို့ အခုလို လက်ခံလိုက်တယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။”
စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက ဒေါ်အောင်ဆန်းစုကြည်ဘက်က လူသားတစ်ယောက်ရဲ့ မွေးရာပါအခွင့်အရေးမဆုံးရှုံးအောင် အယူခံတက်တာဖြစ်ပြီး စစ်ကောင်စီထံက ဘာမှမျှော်လင့်လို့ရမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
“လူသားတစ်ယောက်ရဲ့ မွေးရာပါအခွင့်အရေးမဆုံးရှုံးရအောင်၊ Political Defense ပဲဖြစ်ဖြစ်၊ Legal Defense ပဲဖြစ်ဖြစ် နှစ်ခုကိုမျှတပြီးပဲ သုံးသုံး၊ ဒီလိုသုံးတဲ့ဟာက ဆီလျော်တယ်လို့ ကျွန်တော်တို့အနေနဲ့ မြင်ပါတယ်။ တရားစီရင်ရေးနဲ့ ပတ်သက်ပြီးနိုင်ဖို့ဆိုတာကတော့ မထင်ထားပါဘူးဗျ။ စကစ ခေါင်းဆောင်က မျှော်လင့်ချက်ထားစရာမရှိတော့တဲ့ လူတစ်ယောက်ဗျ။ သူ့လက်ထက်မှာတော့ ကျွန်တော်တို့ဘာမှ မျှော်လင့်ထားလို့ မရနိုင်ပါဘူး။”
တစ်ဖက်မှာလည်း အမှုတွေကို ကြားနာမယ်လို့ လက်ခံလိုက်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ရှေ့နေတွေက တွေ့ဆုံဆွေးနွေးခွင့်မပေးတာက တရားမျှတမှုမရှိဘူးလို့ ဥပဒေပညာရှင်တွေက ထောက်ပြကြပါတယ်။
အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ကို နေပြည်တော် အချုပ်ထောင်အတွင်းက အဆောက်အအုံငယ်တစ်ခုမှာ တစ်ဦးတည်း သီးသန့်ထားရှိခံထားရပြီး အကျဉ်းကျခံနေရပါတယ်။