ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုနဲ့ ထောင်ချတဲ့ကိစ္စ တရားမမျှတလို့ ဝေဖန်နေကြ
ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှု ၁၈ ခုထဲမှာ ငါးမှုအတွက် ထောင်ဒဏ် ခြောက်နှစ်အထိ ချမှတ်ခံထားရပြီး အခုအမှုအတွက် ထပ်တိုး ထောင်ဒဏ် ငါးနှစ်နဲ့ဆိုရင် စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် ကျခံရမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ အခု စီရင်ချက်ချမှတ်လိုက်တဲ့ အမှုအပါအဝင် သူမကို စွဲဆိုထားတဲ့ စွဲချက်တွေ အားလုံးကို ငြင်းဆိုထားပါတယ်။
-
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2022-04-27 -
-
-
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရွှေသား ၁၁ ကီလိုနဲ့ ငွေကြေး အမေရိကန်ဒေါ်လာ ၆ သိန်းလောက်ကို အဂတိလိုက်စားပြီး လက်ခံရယူခဲ့တယ်ဆိုတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ စွပ်စွဲချက်အတွက် စွဲဆိုခံထားရတဲ့ အမှုကို မနေ့က ဧပြီလ ၂၇ရက်နေ့က နေပြည်တော် တရားရုံးကနေ ကြားနာစစ်ဆေးပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ ထောင်ဒဏ် ငါးနှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှု ၁၈ ခုထဲမှာ ငါးမှုအတွက် ထောင်ဒဏ် ခြောက်နှစ်အထိ ချမှတ်ခံထားရပြီး အခုအမှုအတွက် ထပ်တိုး ထောင်ဒဏ် ငါးနှစ်နဲ့ဆိုရင် စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် ကျခံရမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ အခု စီရင်ချက်ချမှတ်လိုက်တဲ့ အမှုအပါအဝင် သူမကို စွဲဆိုထားတဲ့ စွဲချက်တွေ အားလုံးကို ငြင်းဆိုထားပါတယ်။
အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်လိုက်တဲ့ နေပြည်တော် တရားရုံးရဲ့ စီရင်စစ်ဆေးမှုတွေဟာ ဥပဒေနဲ့ မညီညွတ်တဲ့အတွက် တရားမျှတတဲ့ စစ်ဆေးစီရင်မှု မဖြစ်ခဲ့တဲ့အကြောင်းနဲ့ အာဏာသိမ်းစစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလောကထဲက ဖယ်ရှားဖို့ ကြိုတင်စီစဉ်ထားတဲ့ ဆုံးဖြတ်ချက်သာ ဖြစ်တဲ့အကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ အာရှရေးရာဒါရိုက်တာ Phil Robertson က RFA ကို ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးတဲ့ တရားရုံးဟာ လွတ်လပ်တဲ့ တရားရုံး မဟုတ်ပါဘူး။ ဒီတရားရုံးကနေ ကြားနာစစ်ဆေးမှုတွေကို လျှို့ဝှက်ပြီး လုပ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကိုလည်း ကြားနာစစ်ဆေးမှုတွေအကြောင်း အပြင်ကို မပြောဖို့ တားမြစ်ထားပါတယ်။ တင်သွင်းခဲ့တဲ့ သက်သေအထောက်အထားတွေကလည်း ယုံကြည်လောက်စရာ မရှိပါဘူး။ ဒီအမှုမှာ အဓိက စွပ်စွဲသူဖြစ်တဲ့ အရင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ ဖိအားပေးခံရလို့ တရားရုံးမှာ ထွက်ဆိုခဲ့တာလို့ အများက ယုံကြည်နေကြပါတယ်။ သူပြောသလို လာဘ်ပေးခဲ့တယ်ဆိုတဲ့ ရွှေချောင်းတွေနဲ့ ငွေကြေးတွေကိုလည်း ထုတ်ပြတာ မတွေ့ရပါဘူး။ ပြောရရင်တော့ ဒီတရားရုံးရဲ့ စွဲချက်တင်မှု၊ ကြားနာစစ်ဆေးမှုနဲ့ စီရင်ချက်ချလိုက်တဲ့ ဖြစ်စဉ်အားလုံးအပေါ်မှာ မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။ ဒီတရားရုံးဟာ စစ်ကောင်စီက အလိုကျ ဒေါ်အောင်ဆန်းစုကြည်ကို နောက်နှစ်ပေါင်းများစွာ ချုပ်နှောင်ထားဖို့ ဆောင်ရွက်ပေးရတဲ့ ဟန်ပြတရားရုံး Kangaroo Court တစ်ခုသာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ စစ်တပ်က သူတို့အာဏာသိမ်းလိုက်တာကို ဆန့်ကျင်လို့မရအောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးနယ်ပယ်ထဲက ဖယ်ထုတ်ဖို့ ကြိုတင်စီစဉ်ထားတဲ့ ဆုံးဖြတ်ချက်တစ်ခုသာ ဖြစ်ပါတယ်။”
HRW အဖွဲ့ရဲ့ ကြေငြာချက်ထဲမှာ “အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်အတွက် ချုပ်နှောင်ခံရမှုမရှိဘဲ လွတ်လွတ်လပ်လပ် နေထိုင်လို့ရတဲ့ရက်တွေ ကုန်ဆုံးသွားပါပြီ။ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ ဟန်ပြတရားရုံးကနေ သူတို့ ကြိုတင်စီစဉ်ထားတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အရွယ်အရ ထောင်ဒဏ် တစ်သက်တစ်ကျွမ်း ချမှတ်ခံရတာနဲ့ အတူတူပါပဲ၊ တမင်တကာ အမှုဆင်ထားတဲ့ စွဲချက်တွေကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျခံရမယ့် ထောင်ဒဏ်နှစ်တွေ တိုးလာနေပါတယ်။ စိတ်မကောင်းစရာကတော့ လာမယ့်လတွေအတွင်းမှာ သူ့ကို စွဲဆိုထားတဲ့ အခြားအမှုတွေအတွက် ထပ်ပြီး စီရင်ချက်ချတဲ့အခါ ကျခံရမယ့်နှစ်တွေ ပိုပြီးတိုးလာနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ လူထုဆန္ဒနဲ့ ကိုက်ညီတဲ့ ခေါင်းဆောင်ကို ရွေးကောက်တဲ့ ဒီမိုကရေစီစနစ်ကို ဖျက်ဆီးပြစ်ဖို့အတွက်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးကနေ ဖယ်ထုတ်မှရမှာ ဖြစ်တဲ့အတွက် စစ်ခေါင်းဆောင်တွေက သူ့ကို လုံးဝ ငဲ့ညှာမှာ မဟုတ်ပါဘူး” လို့ ပြောထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အခုလို အဂတိလိုက်စားမှုစွဲချက်နဲ့ စီရင်ချက် ချလိုက်တာနဲ့ ပတ်သက်ပြီး အထူးပဲ စိုးရိမ်ပူပန်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက တွစ်တာမှာ ရေးသားပြီး လူ့အခွင့်အရေးနဲ့ တရားမျှတမှုအတွက် အလေးအနက်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။
ဥရောပသမဂ္ဂ အီးယူကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုနဲ့ စီရင်ချက်ချလိုက်တာဟာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်လိုက်တာဖြစ်ပြီး စစ်ကောင်စီကနေ ပြောင်ပြောင်တင်းတင်း လူ့အခွင့်အရေးချိုးဖောက်မှု နောက်တစ်ခု ထပ်ပြီးကျူးလွန်လိုက်တာဖြစ်တယ်လို့ ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု မရှိတော့တာကို ပြသနေတယ်လို့လည်း အီးယူက ပြောပါတယ်။
“မြန်မာနိုင်ငံမှာ လူထုဆန္ဒနဲ့ ကိုက်ညီတဲ့ ခေါင်းဆောင်ကို ရွေးကောက်တဲ့ ဒီမိုကရေစီစနစ်ကို ဖျက်ဆီးပြစ်ဖို့အတွက်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးကနေ ဖယ်ထုတ်မှရမှာဖြစ်တဲ့အတွက် စစ်ခေါင်းဆောင်တွေက သူ့ကို လုံးဝငဲ့ညှာမှာ မဟုတ်ပါဘူး”
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်လိုက်တဲ့ နေပြည်တော် အထူးတရားရုံးဟာ စစ်ကောင်စီက ချုပ်နှောင်ထားတဲ့ သူတွေကို သက်သေအဖြစ် တင်သွင်းခဲ့တဲ့အတွက် သက်သေခံ ဥပဒေကို ချိုးဖောက်ရာလည်းရောက်ကြောင်း နော်ဝေနိုင်ငံအခြေစိုက် လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စွဲဆိုခံထားရတဲ့ အမှု ၁၈ ခုလုံးအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရမယ်ဆိုရင် အများဆုံး ထောင်ဒဏ် နှစ် ၁၉၀ အထိ ကျခံရနိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို မနေ့က ချမှတ်လိုက်တဲ့ စီရင်ချက်ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေနဲ့ စီရင်ထုံးတွေနဲ့ မညီညွတ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဆီကို အယူခံဝင်သွားဖို့ ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။