တရုတ်က စစ်ကောင်စီကို အသိအမှတ် ပြု၊ မပြု မသေချာ
2022.04.07

ပြီးခဲ့တဲ့ ဧပြီလ ၁ရက်နေ့က မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံရာမှာ အခြေအနေတွေ ဘယ်လိုပြောင်းပြောင်း တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနဲ့နယ်မြေပိုင်စိုးမှုတွေကို ကာကွယ်ထိန်းသိမ်းဖို့ ထောက်ခံသွားမှာ ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို ရှာဖွေရာမှာ ကူညီသွားမှာ ဖြစ်တဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့တယ်လို့ ရှင်ဟွာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
“တရုတ်အစိုးရဟာ စစ်ကောင်စီကို ဆန့်ကျင် တော်လှန်နေတဲ့ အင်အားစုတွေနဲ့လည်း တရားမဝင် ထိတွေ့ဆက်ဆံနေပါတယ်"
တရုတ်အစိုးရ အဆင့်မြင့်အရာရှိတစ်ဦးက အခုလိုပြောဆိုလိုက်တာဟာ ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တဲ့အတွက် နိုင်ငံတကာက အသိအမှတ်ပြုမှု မရှိသေးတဲ့ အာဏာသိမ်းစစ်ကောင်စီကို တရုတ်နိုင်ငံက အသိအမှတ်ပြု ထောက်ခံတဲ့ သဘောဖြစ်ကြောင်း နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဝေဖန်သုံးသပ်မှုတွေ ရှိနေပါတယ်။
မြန်မာနိုင်ငံ အမေရိကန်သံရုံးရဲ့ အကြီးတန်း သံတမန်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ပြီး လက်ရှိအချိန်မှာလည်း အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ သုတေသနတွေ ပြုလုပ်နေတဲ့ မစ္စ Priscilla Clapp ကတော့ အခုလို တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်တာဟာ စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုတဲ့သဘော မသေချာဘူးလို့ သုံးသပ်ပါတယ်။
“ဒါဟာ ပေကျင်းအစိုးရဟာ စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ အစိုးရအဖြစ် တရားဝင်အသိအမှတ်ပြုလိုက်တာ ဟုတ်၊ မဟုတ် မသေချာပါဘူး။ တရုတ်က စစ်ကောင်စီနဲ့အလုပ်လုပ်နေတာကြာပါပြီ။ ဒါဟာ အသိအမှတ် ပြုတဲ့ သဘောမဟုတ်ပါဘူး။ စစ်ကောင်စီဘက်ကတော့ သူတို့ကို တရုတ်က အသိအမှတ်ပြုလိုက်ပြီဆိုတဲ့ သဘောမျိုး ဝါဒဖြန့်ပါလိမ့်မယ်။ တစ်ဖက်မှာလည်း တရုတ်အစိုးရဟာ NLD ရဲ့ မြန်မာသံအမတ်ကို ကုလသမဂ္ဂမှာ ဆက်ပြီးကိုယ်စားပြု ထားရှိဖို့အတွက် ထောက်ခံခဲ့တာလည်း ရှိနေပါတယ်။ တရုတ်အစိုးရဟာ NLD အစိုးရ နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိသလို၊ NLD အစိုးရကိုလည်း လိုလားတဲ့ သဘောထားရှိပါတယ်။ ဒီလို အခြေအနေမှာ စစ်တပ်က အာဏာသိမ်းလိုက်တာဟာ သူတို့အတွက်လည်း မလိုလားတဲ့ ကိစ္စတစ်ခုဖြစ်ပြီး၊ အခုအထိလည်း အခြေအနေသစ်မှာ အသားကျဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ တရုတ်အစိုးရဟာ စစ်ကောင်စီကို ဆန့်ကျင် တော်လှန်နေတဲ့ အင်အားစုတွေနဲ့လည်း တရားမဝင် ထိတွေ့ဆက်ဆံနေပါတယ်။ အခုအချိန်မှာ NLD နဲ့ အတိုက်အခံတွေဘက်က အားလုံးကိုယ်စား ညှိနှိုင်းဆွေးနွေးပြီး ဆုံးဖြတ်ပေးနိုင်မယ့်သူ မရှိတဲ့အတွက် တရုတ်ဟာ နေပြည်တော်က စစ်ခေါင်းဆောင်တွေဆီကိုပဲ ပြန်သွားနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်မြန်မာ နယ်စပ်တစ်လျှောက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေ ရှိနေပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံထဲမှာ နက်ရှိုင်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ပြိုင်ဘက်မရှိ ခြယ်လှယ်နိုင်တဲ့ အနေအထားရှိတဲ့အတွက် မြန်မာနိုင်ငံမှာ ဘယ်အစိုးရတက်တက် သူတို့နဲ့ ဆက်ဆံရေး ပြေလည်ဖို့ ကြိုးစားပါလိမ့်မယ်"
အမေရိကန်အစိုးရရဲ့ ငြိမ်းချမ်းရေးအင်စတီကျု USIP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Jason Tower ကတော့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ပြောကြားချက်အရ ပေကျင်းအစိုးရဟာ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာက လက်မခံတဲ့ စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုလိုက်တာ အမှန်ဆိုရင် မြန်မာပြည်သူတွေနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ဆုံးရှုံးသွားမယ့်အပြင် မြန်မာနိုင်ငံက တရုတ်ရဲ့အကျိုးစီးပွား စီမံကိန်းတွေကိုလည်း ထိခိုက်လာလိမ့်မယ်လို့ သုံးသပ်ပါတယ်။
“ပေကျင်းအစိုးရဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ပြီး၊ တရားဝင်ဖြစ်မှုလည်း မရှိတဲ့ စစ်ကောင်စီကို ဆက်ပြီး ထောက်ခံနေမယ်ဆိုရင်၊ မြန်မာပြည်သူတွေနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ဆက်ထိန်းထားဖို့ မဖြစ်နိုင်တော့ပါဘူး။ အခုလို ထောက်ခံလိုက်တာကြောင့် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ အဖွဲ့အစည်းတွေဘက်က နှစ်ဆတိုးပြီး တိုက်ခိုက်လာတဲ့အခါ၊ စစ်ကောင်စီဘက်က လည်း သူတို့သိထားတဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လက်တုံ့ပြန်လာပါလိမ့်မယ်။ အဲဒီနောက် အလွန်ဆိုးဝါး ပြင်းထန်တဲ့ ဒေသတွင်း အကျပ်အတည်းတွေ ဖြစ်လာပါလိမ့်မယ်။ ရေရှည်အနေနဲ့ဆိုရင် စစ်ကောင်စီကို အားပေး ထောက်ခံလိုက်တဲ့အတွက် မြန်မာနိုင်ငံက တရုတ်ရဲ့စီမံကိန်းတွေ အောင်မြင်ဖို့ ပိုပြီး အလှမ်းဝေးသွားပါလိမ့်မယ်”

သြစတြေးလျနိုင်ငံ၊ အမျိုးသားတက္ကသိုလ်မှာ မြန်မာနိုင်ငံအကြောင်း သုတေသနပြုနေတဲ့ ပါရဂူဘွဲ့ကျောင်းသား Hunter Marston ကတော့ နိုင်ငံတကာက အသိအမှတ်ပြုမှုကို လိုချင်နေတဲ့ စစ်ကောင်စီကို နေရာပေးပြီး၊ သူတို့ရဲ့ မဟာဗျူဟာ ရည်မှန်းချက်တွေ အောင်မြင်ဖို့ လုပ်နေတာသာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“ဦးဝဏ္ဏမောင်လွင်ရဲ့ ခရီးစဉ်အတွင်းမှာ ဘာရလိုက်သလဲလို့ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက တရုတ်ရဲ့ အခြေခံအဆောက်အဦ စီမံကိန်းတွေ ပြန်စဖို့ ကတိကဝတ်ရလိုက်ပါတယ်။ ဒါ့အပြင် ပေကျင်းအစိုးရအနေနဲ့ တောင်တရုတ်ပင်လယ် အရေးအတွက် Code of Conduct တွေ သတ်မှတ်မယ့် ကိစ္စမှာ မြန်မာနိုင်ငံကနေ အာဆီယံနဲ့ တရုတ်ကြားမှာ ကြားဝင်ပြီး တရုတ်အတွက် အလေးသာတဲ့ အနေအထားဖြစ်အောင် အကျိုးဆောင်ပေးဖို့ မျှော်လင့်ခဲ့ပါတယ်။ ဒါ့အပြင် ဝန်ကြီးဦးဝဏ္ဏမောင်လွင်ရဲ့ ခရီးစဉ်အတွင်းမှာ ထိုင်ဝမ်ဟာ တရုတ်ရဲ့ ခွဲခြားမရတဲ့ ပိုက်နက် နယ်မြေ ဖြစ်တယ်ဆိုတာကို မြန်မာစစ်ခေါင်းဆောင်တွေက လက်ခံတဲ့အကြောင်း ပြတ်ပြတ်သားသား ပြောလိုက်တာလည်း တွေ့နိုင်ပါတယ်။ ဒါကြောင့် ပေကျင်းအစိုးရဟာ မြန်မာစစ်ကောင်စီကို ထောက်ခံပြီး သူတို့ရဲ့ မဟာဗျူဟာ ရည်မှန်းချက်တွေ အောင်မြင်ဖို့ အသုံးချနေတာဖြစ်ပါတယ်”
တရုတ်နိုင်ငံက စစ်ကောင်စီကို ထောက်ခံကြောင်း ပြလိုက်ပေမယ့် သူတို့ အကျိုးစီးပွားအတွက် မျက်နှာစာပေါင်းများစွာ ဖွင့်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ အခြားအဖွဲ့အစည်းတွေနဲ့လည်း ဆက်ပြီး ထိတွေ့ဆက်ဆံမှုတွေ လုပ်နေတဲ့ ဗျူဟာက အပြောင်းအလဲရှိမှာ မဟုတ်ပါဘူးလို့ The Diplomat သတင်းဌာနရဲ့ မြန်မာ့အရေးဆောင်းပါးရှင် Prashanth Parameswaran က သုံးသပ်ပါတယ်။
တရုတ်နိုင်ငံဟာ စစ်ကောင်စီဟာကို လက်ခံကြောင်း ပြသရုံတင်မဟုတ်ဘဲ စီးပွားရေးနဲ့ စစ်ရေးအကူအညီတွေပါ ပေးလာမယ်ဆိုရင် မြန်မာနိုင်ငံတွင်းက စစ်ရေးပဋိပက္ခတွေအပေါ် သက်ရောက်မှု ရှိလာနိုင်တဲ့အတွက် အနီးကပ် စောင့်ကြည့်ဖို့ လိုတဲ့အကြောင်းနဲ့ တရုတ်ရဲ့ ထောက်ခံမှု ဘယ်လောက်ပဲ ရသည်ဖြစ်စေ၊ စစ်ကောင်စီက သူတို့ကို အစိုးရတစ်ရပ်အဖြစ် ပြည်သူတွေ လက်ခံလာအောင် စည်းရုံးနိုင်မလားဆိုတဲ့ အချက်ကပဲ အဆုံးအဖြတ်ပေးလိမ့်မယ်လို့ သူက သုံးသပ်ပါတယ်။
“ပေကျင်းအစိုးရဟာ မြန်မာစစ်ကောင်စီကို ထောက်ခံပြီး သူတို့ရဲ့ မဟာဗျူဟာ ရည်မှန်းချက်တွေ အောင်မြင်ဖို့ အသုံးချနေတာဖြစ်ပါတယ်”
တစ်ဖက်မှာလည်း တရုတ်နိုင်ငံဟာ အနောက်နိုင်ငံတွေက တန်ဖိုးထားတဲ့ လစ်ဘရယ် ဒီမိုကရေစီစံနှုန်းတွေကို လက်မခံကြောင်း ပြသတဲ့အနေနဲ့ အာဏာရှင်အစိုးရတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်နေတာဖြစ်တယ်လို့ မစ္စ Priscilla Clapp က ပြောပါတယ်။
“အနောက်နိုင်ငံတွေ လက်ခံထားတဲ့ ဒီမိုကရေစီမှာ လူတစ်ဦးချင်းရဲ့လွတ်လပ်ခွင့်ကို အလေးထားပြီး တရုတ်က လက်ခံထားတဲ့ ဒီမိုကရေစီမှာတော့ နိုင်ငံတစ်နိုင်ငံချင်းရဲ့ အကျိုးစီးပွားကို လူတစ်ဦးချင်းရဲ့ အကျိုးစီးပွားထက် ပိုအလေးထားပါတယ်။ ဒါကြောင့်လည်း အာဏာရှင် အစိုးရတစ်ရပ်ဟာ နိုင်ငံကို အမှန်တကယ် နိုင်နိုင်နင်းနင်း ထိန်းချုပ်ပြီး အုပ်ချုပ်နိုင်မယ်ဆိုရင် တရုတ်က အသိအမှတ်ပြု လက်ခံဖို့ ဝန်မလေးပါဘူး။ လက်ရှိစစ်ကောင်စီကတော့ မြန်မာနိုင်ငံကို အမှန်တကယ် ထိန်းချုပ်နိုင်တဲ့ အခြေအနေ မရှိဘူးဆိုတာ သူတို့ကိုယ်တိုင်လည်း လက်ခံထားပါတယ်”
မကြာသေးခင်က တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အာဖဂန်နစ္စတန်နိုင်ငံကို ထောက်ခံတဲ့အကြောင်းလည်း တရားဝင်ပြောကြားခဲ့ပြီး နိုင်ငံကို အုပ်ချုပ်နေတဲ့ တာလီဘန်အစိုးရရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့တော့ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပါဘူး။