COVID-19 ခြိမ်းခြောက်မှုနဲ့ မြန်မာနိုင်ငံ

COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုနဲ့ သေဆုံးမှုတွေက မြန်မာနိုင်ငံမှာ စက်တင်ဘာလအတွင်း သိသိသာသာမြင့်တက်လာခဲ့ပါတယ်။ အခုလိုဖြစ်လာရတာ ဘာကြောင့်လဲဆိုတာကို အာဏာပိုင်တွေဘက်က တိတိကျကျထုတ်ပြန်တာမရှိပါဘူး။ ရောဂါကူးစက်မှုနှုန်းက အခုထက်ပိုများလာပြီး သေဆုံးမှုနှုန်းလည်း ပိုများလာမယ်ဆိုရင် အစိုးရအနေနဲ့ ထိန်းချုပ်နိုင်ဖို့ အခက်အခဲတွေရှိနေပါတယ်။

ရန်ကုန်မြို့အတွင်းက အရေးပေါ်လူနာတင်ယာဉ်အနီးတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး ဝတ်စုံပြည့်နှင့် တွေ့ရသော ကျန်းမာရေးဝန်ထမ်းတဦး။ Photo: Reuters

COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုနဲ့ သေဆုံးမှုတွေက မြန်မာနိုင်ငံမှာ စက်တင်ဘာလအတွင်း သိသိသာသာမြင့်တက်လာခဲ့ပါတယ်။ အခုလိုဖြစ်လာရတာ ဘာကြောင့်လဲဆိုတာကို အာဏာပိုင်တွေဘက်က တိတိကျကျထုတ်ပြန်တာမရှိပါဘူး။ ဒါပေမဲ့လည်း လူအများစုကူးစက်ရတဲ့ အကြောင်းအရင်းတချို့ကိုတော့ ကျန်းမာရေးဝန်ကြီးဌာန အရာရှိတချို့က ထောက်ပြကြပါတယ်။ ရောဂါကူးစက်မှုနှုန်းက အခုထက်ပိုများလာပြီး သေဆုံးမှုနှုန်းလည်း ပိုများလာမယ်ဆိုရင် အစိုးရအနေနဲ့ ထိန်းချုပ်နိုင်ဖို့ အခက်အခဲတွေရှိနေပါတယ်။

■ အရှိန်မြင့်လာတဲ့ ကူးစက်မှု

မြန်မာနိုင်ငံရဲ့ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အခြေအနေက သြဂုတ်လအစပိုင်းထိ အာဆီယံဆယ်နိုင်ငံရဲ့ ဇယား အောက်ပိုင်းမှာရှိနေခဲ့ပါတယ်။ စက်တင်ဘာလကုန်ပိုင်းမှာတော့ ကူးစက်ပြန့်ပွားမှု တစ်သောင်းကျော်ထိရှိလာတာကြောင့် အိမ်နီးချင်း ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် တို့ကို ကျော်တက်သွားပါတယ်။ 

ရန်ကုန်က ကူးစက်မှုအများဆုံး ဖြစ်ပြီး၊ စုစုပေါင်းရဲ့ ၇၆ ရာခိုင်နှုန်း ရှိပါတယ်။  ဒါကြောင့် ကိုကိုးကျွန်းကလွဲပြီး ရန်ကုန်တိုင်းက ပြည်သူတွေ အိမ်မှာ၂ ပတ်တာနေဖို့ ဒီလ၂၀ ရက်နေ့မှာ အစိုးရက အမိန့်ထုတ််ပြန်ပါတယ်။ ဒါပေမဲ့ လိုက်နာမှု အားနည်းရင်တော့ ကူးစက်မှုဆက်မြင့်မားနေမှာပဲလို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက RFA ကို ပြောပါတယ်။   

“အခုလက်ရှိ ရန်ကုန်တိုင်းမှာ အိမ်မှာနေ (stay at home) ဆောင်ရွက်ထားတာ ဖြစ်တဲ့အတွက်ကြောင့် ဒီရဲ့ ရလဒ်ကို နှစ်ပတ်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ လူတွေသာ တကယ်အိမ်မှာ နေကြမယ်။ လိုက်နာရမယ့် စည်းကမ်းတွေကို သေချာလိုက်နာတယ်ဆိုရင် ရောဂါဖြစ်ပွားမှုက တော်တော်ကြီးကို ကျဆင်းလာမှာပါ။ ပူးပေါင်းဆောင်ရွက်မှုတွေရှိရင် ရောဂါဖြစ်ပွားမှု ကျဆင်းလာမှာ ဖြစ်ပြီး အားနည်းရင်တော့ ရောဂါဆက်လက် ဖြစ်ပွားနေမှာ ဖြစ်သလို၊ အသက်ကြီးတဲ့သူ ရောဂါနောက်ခံ ရှိတဲ့သူတွေလည်း ဆက်လက်သေဆုံးနေဦးမှာ ဖြစ်ပါတယ်။”

ဧပြီလအထိ မြန်မာမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ မရှိသလောက်နည်းသလို၊ ကူးစက်မှု အတည်ပြုလူနာက ၅၀ အောက်မှာပဲရှိ ခဲ့ပါတယ်။ ဒါပေမဲ့ သြဂုတ်လကစလို့  ကူးစက်မှုက တစ်နေ့ကို ၅၀၀ အထိတိုးလာပြီး၊  စက်တင်ဘာလကုန်ပိုင်းမှာ တစ်သောင်းကျော်လာတာပါ။ သေဆုံးသူကလည်း ၂၅၀ ကျော်လာခဲ့ပါတယ်။  အင်ဒိုနီးရှားမှာတော့ တစ်နေ့ကို လူပေါင်း ၄ ထောင်ဝန်းကျင်ကူးစက်ခံရတာကြောင့် မြန်မာရဲ့ ကိန်းဂဏန်းက အင်ဒိုနီးရှားနဲ့စာရင် နည်းတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။  

ဗိုင်းရပ်စ် အသိုက်အမြုံများ

ဗိုင်းရပ်စ်ပိုး အရှိန်အဟုန်ရတဲ့နေရာကို ရခိုင်ပြည်နယ်က စတင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက တွက်ဆထားပါတယ်။ ဒေါက်တာခင်ခင်ကြီးကတော့ ရခိုင်ပြည်နယ်မှာ ကွင်းဆက်လိုက်ကူးစက်တဲ့ အမှုကြီး ၅ ခုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် သြဂုတ်လထဲမှာ ရန်ကုန်ကနေ ရခိုင်ပြည်နယ်သို့ သွားလာခဲ့သူ ငါးထောင်ဝန်းကျင်ကို ကျန်းမာရေး၀န်ကြီးဌာနက လာရောက်ဆေးစစ်ခံကြဖို့ စက်တင်ဘာပထမအပတ်မှာ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ ကူးစက်ခံရသူတချို့ဟာ ရောဂါလက္ခဏာမပြတာကြောင့် အစိုးရက လေကြောင်းခရီးသွားထားသူတွေကို လာရောက် ဆေးစစ်ခံကြဖို့၊ စောင့်ကြည့်ရေးစခန်းမှာ နေထိုင်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ လူ ၂ ထောင်ဝန်းကျင်က ဆက်သွယ်ခြင်း မရှိပါဘူး။

ဒါကြောင့် လူနှစ်ထောင်ထဲက ဘယ်လောက်ကတော့ ကူးစက်ခံထားရခြင်း ရှိ၊ မရှိလည်း မသိနိုင်ပါ။  ဒါပေမဲ့လည်း ဗိုင်းရပ်စ်ပိုး အသိုက်အမြုံတစ်ခုလို ကူးစက်တာက ရခိုင်တစ်ခုတည်းတော့ မဟုတ်ပါဘူး။ အစိုးရက စားသောက်ဆိုင်တွေ၊ လူစုလူဝေးလုပ်တာတွေကို တားမြစ်ထားတဲ့ကြားက တိတ်တဆိတ်ဖွင့်လှစ်ခဲ့တဲ့ သင်္ဃန်းကျွန်းမြို့ နယ်က Music Zone ကာရာအိုကေဆိုင်ဟာလည်း ဗိုင်းရပ်စ်အသိုက်အမြုံတစ်ခုပဲလို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

“Music Zone က ကျတော့ တစ်ရက်တည်းမှာ အစုလိုက်အပြုံလိုက်တွေ့ရတာမျိုးမဟုတ်ဘဲနဲ့ ကွင်းဆက်လိုက် (contact tracing) လိုက်ရာကနေ၊ လူအရေအတွက်ဆိုလို့ရှိရင် တစ်ရာဝန်းကျင်နီးပါးလောက် ဖြစ်သွားတာ တွေ့ရှိရပါတယ်။ သူကတော့ cluster (ဗိုင်းရပ်စ်အစုပြုံလိုက်တွေ့ရတာ) နည်းနည်းကြီးတယ်လို့တော့ ပြောလို့ရပါတယ်။”


နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကာရာအိုကေဆိုင်ကိစ္စကို စက်တင်ဘာ ၂၈ ရက်နေ့ မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။

“ကာရာအိုကေဆိုင်တွေနဲ့ပတ်သက်လို့ ကျွန်မတို့တိတိကျကျ၊ တင်းတင်းကျပ်ကျပ်အရေးယူပါမယ်။ အခုလည်း အရေးယူဖို့ဆောင်ရွက်နေပါတယ်ဆိုတာလည်း ပြည်သူတွေကို အသိပေးချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့ကနေပြီးတော့ ကာရာအိုကေနဲ့ပတ်သက်လို့အရေးမယူဘူးလား၊ လွှတ်ထားသလားလို့ ဆိုပြီးတော့ မေးခွန်းတွေထုတ်ပါတယ်။ ကျွန်မတို့လည်း ဒါအမြဲပဲ စဉ်းစားပါတယ်။”

ရန်ကုန်မှာ နောက်ထပ် ထင်ရှားတဲ့ ဗိုင်းရပ်စ်အသိုက်အမြုံတစ်ခုကတော့ စက်တင်ဘာ ၂၄ ရက်နေ့မှာ တွေ့ရှိတဲ့ အင်းစိန် ရွာမဘုန်းကြီးကျောင်းဖြစ်ပါတယ်။ သံဃာအပါး နှစ်ရာကျော် ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ဘုန်းကြီးကျောင်းက ထုတ်ပြန်ထားပါတယ်။  

ပေါ့ဆခြင်းနှင့် အယူအဆလွဲမှားမှု

ဒေါက်တာခင်ခင်ကြီးကတော့ မပြည့်စုံတဲ့သတင်းတွေ ပြည်သူတွေဆီ ရောက်ရှိတာကလည်း ဗိုင်းရပ်စ်ပြန့်ပွားမှု အကြောင်းအရင်းတစ်ခုလို့ ပြောပါတယ်။ စက်တင်ဘာ ၂၂ရက် ဗိုင်းရပ်စ်ကူးစက်မှု ၇ဝဝဝ ကျော်တွေ့ရှိတဲ့အချိန်ထိ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လေ့လာတွေ့ရှိချက် အရ ပိုးတွေ့သူတွေထဲက ၇၀ ရာခိုင်နှုန်းဟာ ရောဂါလက္ခဏာမပြသူတွေဖြစ်ကြောင်း ဒေါက်တာခင်ခင်ကြီးက ရှင်းပြပါတယ်။ ပြီးခဲ့တဲ့အပတ်အထိ သေဆုံးသူ ၁၀၀ ၀န်းကျင်ကို စိစစ်လေ့လာတဲ့အခါ အသက် ၇၀ အထက်နဲ့ ရောဂါအခံရှိသူ သေဆုံးမှုနှုန်းက ၇၅ ရာခိုင်နှုန်းထိရှိပြီး ရောဂါအခံမရှိဘဲ သေဆုံးသူကတော့ ၁၀ ရာခိုင်နှုန်း ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။

တကယ်လို့ မြန်မာနိုင်ငံမှာ ရောဂါကူးစက်ခံရသူအရေအတွက် ၅ သောင်းကနေ ၁ သိန်းလောက်အထိများလာရင် အစိုးရက ဘယ်လိုဖြေရှင်းဖို့ အစီအစဉ်ရှိလဲလို့ RFA က မေးတဲ့အခါ ဒီလိုအခြေအနေက မဖြစ်နိုင်ဘူးလို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“အဲလောက်ထိအများကြီး ၅ ထောင် တစ်သောင်းထိ နေ့ချင်းညချင်းထိဖြစ်လာစရာ အကြောင်း..မဖြစ်နိုင်ပါဘူး။ ကျမတို့ စစ်ဆေးတဲ့ အတိုင်းအတာက နဂိုကတည်းက အကန့်အသတ်ရှိပါတယ်။ ကျမတို့နေ့စဉ်စစ်နေတာ ၅ သောင်းမဟုတ်ပါဘူး။ တစ်သောင်း၊ နှစ်သောင်းမဟုတ်ပါဘူး။ အခုလက်ရှိစစ်နေတဲ့ ၅ ထောင်ကျော်ဆိုတာ ကျမတို့ရဲ့ မိုင်ကုန်လောက်ဖြစ်ပြီ ဖြစ်ပါတယ်။”

နှာခေါင်းတို့ဖတ်နမူနာတွေကို ကျန်းမာရေးဝန်ကြီးဌာန အမျိုးသားဓာတ်ခွဲခန်း၊ တပ်မတော်ပိုင်ဆေးရုံတွေ အပါအဝင် ခုနစ်ခုက စစ်ဆေးသလို၊ တစ်နိုင်ငံလုံးမှာရှိတဲ့ ဆေးရုံကြီး ၂၇ ခုကလည်း မျိုးဗီဇစစ်ဆေးတဲ့စက် (Genexpert) တွေနဲ့လည်း စစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဗိုင်းရပ်စ်စတင်တွေ့ရှိချိန်ကနေ ဒီလအထိ လူပေါင်း ၂ သိန်း ၀န်းကျင် စစ်ဆေးခဲ့ပြီး ဖြစ်ပါတယ်။  

၂၈ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာတော့ တောင်ကိုးရီးယားကနေ ၀ယ်ယူထားတဲ့ ဗိုင်းရပ်စ်ပိုး စစ်ဆေးတဲ့ပစ္စည်း(Antigen Test kit) ၂ သိန်းလောက် ဒီရက်ပိုင်းအတွင်းမှာ ရောက်ရှိနေပြီလို့ဖော်ပြထားပါတယ်။ ဒါကြောင့် တိုင်းနဲ့ ပြည်နယ် ဆေးရုံကြီးတွေမှာပါ များများစစ်ဆေးပေးနိုင်တော့မယ့် သဘောရှိပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ COVID-19 ကမ္ဘာ့ကပ်ရောဂါ အခြေအနေနဲ့ပတ်သက်ပြီး(WHO)  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သုံးသပ်ချက်နဲ့ တွက်ချက်လေ့လာမှုတွေကို သိနိုင်ဖို့ ဌာနေကိုယ်စားလှယ် Stephan Pual ကို RFA က စာနဲ့တဆင့် အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ဖြေဆိုဖို့ ငြင်းဆိုပါတယ်။

ဆရာဝန်တို့ရဲ့ မြေပြင်တပ်လှန့်သံများ

အစိုးရ အရာရှိတွေက ကူးစက်မှုနည်းနိုင်တယ်လို့ဆိုပေမယ့်၊ ရန်ကုန်က ဖျားနာကုဆေးခန်းတွေမှာ စေတနာ့ဝန်ထမ်း လုပ်အားပေးနေကြတဲ့ ဆရာဝန်တွေရဲ့ ပြောဆိုမှုတွေနဲ့ ကွဲလွဲနေပါတယ်။ ဆေးရုံမှာထားစရာနေရာ မရှိလို့ လူနာတွေကို ဗိုင်းရပ်စ်ရှိမှန်းသိပေမယ့် အိမ်ပြန်လွှတ်နေရတဲ့အကြောင်း စေတနာ့ဝန်ထမ်း ဆရာဝန်တွေက Facebook ပေါ်မှာ ခပ်စိတ်စိတ်ရေးသားလာကြပါတယ်။

သံသယလူနာ ၆၀ ၀န်းကျင်ကို စစ်တဲ့အခါ အနည်းဆုံး ၄၀ နီးပါးက ဗိုင်းရပ်စ်ရဲ့ရောဂါလက္ခဏာတွေ့ရတယ်လို့ မရမ်းကုန်း ဖျားနာကုဆေးခန်းမှာ လုပ်အားပေးလုပ်နေတဲ့ ဒေါက်တာ မြတ်မင်းဦးကပြောပါတယ်။

“လူနာပို့ရင် ဆေးရုံကလည်း လူနာလက်မခံနိုင်ဘူးဆိုပြီး ကျနော်တို့စပြီးကြားလာတယ်။ တိတိကျကျပြောရင် ၂ ပတ်ရှိပြီပေါ့။ ကျနော်တို့ ဖုန်းနဲ့ဆက်သွယ်တဲ့အခါ အရေးပေါ်လူနာပဲ လွှတ်လိုက်ပါ။ အရေးပေါ်မဟုတ်ရင် လတ်တလော အိမ်မှာပဲပြန်ထား ပြီးတော့ ကျမတို့ ဖုန်းဆက်ပါမယ်။ ဘယ်နှစ်ယောက်လက်ခံနိုင်တယ်စသဖြင့်ပေါ့။”

ရန်ကုန်တိုင်းမှာ ကိုကိုးကျွန်းကလွဲပြီးတော့၊ မြို့နယ်စုစုပေါင်း ၄၄ မြို့နယ်ရှိပါတယ်။ အခုလို ပြန်လွှတ်လိုက်ရတဲ့ လူနာဦးရေက ရန်ကုန်တိုင်းတစ်ခုလုံးမှာ ဘယ်လောက်ရှိလဲမသိနိုင်ပါဘူး။ ဖျားနာကုဆေးခန်းတွေမှာ  သူတို့တွေ့ရှိချက်တွေကို စုစည်းထားတဲ့ သတင်းအချက်အလက်တွေ မရှိဘူးလို့ ဒေါက်တာမြတ်မင်းဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှုး ဒေါက်တာထွန်းမြင့်ကို ဖုန်းနဲ့ဆက်သွယ်ပေမယ့် ဖြေဆိုခြင်းမရှိပါဘူး။ ရန်ကုန်တိုင်းအစိုးရကတော့ စောင့်ကြည့်လူနာ ထောင်ချီဆံ့တဲ့အအောက်အအုံတွေ ရှိလာအောင် စီစဉ်ဆောင်ရွက်တာတွေ ရှိပါတယ်။ အသေးစိတ်အချက်လက်သိရဖို့ ရန်ကုန်တိုင်း ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ကော်မတီဝင်ဖြစ်တဲ့ လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်းကို RFA က စာနဲ့တဆင့် ဆက်သွယ်ပေမယ့် ပြန်လည်ဖြေဆိုခြင်းမရှိပါဘူး။

ထောက်ခံစာနဲ့သွားရတဲ့ ရန်ကုန်

ရန်ကုန်မှာ အိမ်ပြင်မထွက်ရ အမိန့်ကို အစိုးရက ရုတ်တရက်ထုတ်ပြန်တာကြောင့် လက်လုပ်လက်စားကအစ၊ စီးပွားရေးလုပ်ငန်းကြီး တွေထိ အကုန်ရပ်ဆိုင်းကုန်ပါတယ်။ အိမ်ပြင်ထွက်ပြီး  တခြားမြို့နယ်တခုကို  သွားလာဖို့တောင် ထောက်ခံစာယူရတဲ့အထိဖြစ် လာပါတယ်။

သာကေတမြို့နယ်ထဲက လမ်းဘေးကျူးကျော်ရပ်ကွက်နေ ဒေါ်နှင်းသဇင်ဟာ စွန့်ပစ်အမှိုက်ပုံထဲက ပုလင်းခွံတွေကောက်ပြီး စားဝတ်နေရေးဖြေရှင်းနေရသူပါ။

“အခုဆို ဆိုင်တွေကလည်း ပိတ်တယ်။ ဘူးခွံတွေလည်းမကောက်ရတော့ဘူး။ မကောက်ရတဲ့အတွက် ဒီမိသားစုတွေ အကုန်ဒုက္ခရောက်တယ်။ နို့မှုန့်ဘူးဝယ်တိုက်ရတဲ့ ကလေးရှိတယ်။ အလုပ်မလုပ်နိုင်တဲ့ လေဖြတ်တဲ့သူလည်းရှိတယ်။ တစ်အိမ်မှာ လူရှစ်ယောက်လောက်ရှိတော့၊ တစ်အိမ်တစ်ယောက်ပဲထွက်ဆိုရင် ဒီအိမ်ရဲ့စားဝတ်နေရေး အကုန်ဒုက္ခရောက်တယ်”

အစိုးရအနေနဲ့အမိန့်တွေကို ရုတ်တရက်ကပ်ပြီး ထုတ်ပြန်တာထက်၊ လုပ်ငန်းရှင်၊ လူထု၊ လွှတ်တော်ကိုယ်စားလှယ် စတဲ့ သူတွေနဲ့သေချာတိုင်ပင်ပြီး၊ ပွင့်လင်းမြင်သာအောင် ဆောင်ရွက်သင့်တယ်လို့ တက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည် က ထောက်ပြပါတယ်။

“အချိန်တွေရပါလျက်နဲ့ ပြင်ဆင်မှုတွေလုပ်လို့ရပါလျက်နဲ့ (အခု) ချမှတ်လိုက်တဲ့ မူဝါဒတွေက အစိုးရအဖွဲ့ အချင်းချင်းကြားမှာတောင် ချိတ်ဆက်မှုအားနည်းတာတွေ့ရတယ်။ ဆိုတော့ ပြည်သူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေဆိုရင် ဝေလေဝေးရောပေါ့။”

အစိုးရဆောင်ရွက်ချက်နဲ့ပတ်သက်ပြီး မသဉ္ဇာရွှန်းလဲ့ရည်လိုပဲ ဝေဖန်တဲ့သူက မြန်မာ့မဟာဗျူဟာနဲ့မူဝါဒလေ့လာရေးအဖွဲ့ (ISP-Myanmar) ရဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးအောင်သူငြိမ်းပါ။ 

“ကျနော်တို့ဆီမှာ လုပ်မှားကိုင်မှားတာတွေလည်းရှိနိုင်တယ်။ ဒါတွေက အစောပိုင်းမှာ ကျနော်တို့ခွင့်လွှတ်လို့ရပါတယ်။ ဧပြီမှာတုန်းက ဒါတွေဖြစ်ခဲ့တယ်။ ဘာတွေသင်ခန်းစာယူမယ် ပြင်သင့်တယ် စသဖြင့်ပေါ့။ အဲ့လို သင်ခန်းစာယူတဲ့ အပိုင်းတော့ ကျနော်တွေ့တာ အားနည်းတယ်လို့ မြင်တယ်ဗျ။”

လူသေဆုံးမှုနှင့် စီးပွားရေး ရွေးချယ်ခြင်း


စီးပွားရေးဆုံးရှုံးခံပြီး၊ လူသေဆုံးမှုနည်းအောင် ရန်ကုန်ကို တင်းကျပ်တဲ့နည်း ရွေးလိုက်ရတာလို့ ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

“ကျနော်တို့ (trade off ) ရွေးရတယ်ဗျ။ လူတွေအများကြီး ဖျားနာသေဆုံးတာမျိုးကို ယူမလား၊ ဒါမှမဟုတ် စီးပွားရေးလည်း မပျက်အောင် တစုံတရာလည်းဖွင့်ပေး၊ ကုသရေး၊ ရောဂါရှာဖွေရေးဆက်လုပ်ပေါ့ဗျာ။ အဲဒါမျိုး ဘယ်လိုလုပ်မလဲဆိုတာ ချိန်ညှိ ရတာပေါ့။ အခုအနေအထားက ကျနော်မြင်တာကတော့ ရန်ကုန်မှာပိုပြီး တင်းတင်းကျပ်ကျပ် ကိုင်မယ်ဆိုတဲ့အပိုင်းကို အစိုးရ က ရွေးလိုက်ရတဲ့ပုံရပါတယ်။”

သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့ (Sandhi Institute) တည်ထောင်သူ ဦးခိုင်ဝင်းကတော့ အစိုးရက စီးပွားရေးကို ငဲ့ကွက်တဲ့အတွက်အခုလိုအနေအထားကိုရောက်လာလို့သုံးသပ်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေက တကယ်တမ်း ကူးစက်များပြားလာရင် ကျန်းမာရေးကို ဦးစားပေးရွေးချယ်ကြတယ်လို့ သူက ရှင်းပြပါတယ်။

“အရင်ဆုံး (Peak) ကူးစက်မှုအမြင့်ဆုံးရောက်ပြီဆိုရင်တော့ ဆေးရုံဆေးခန်းတွေရဲ့ ကျန်းမာရေးဝန်ဆောင်မှုစနစ်တစ်ခုလုံး ပြိုလဲမသွားအောင်လို့၊ ဥပမာအားဖြင့် ဆရာဝန်တွေကလည်း အကန့်အသတ်နဲ့ရှိတယ်။ အားလုံးပေါင်းမှ သုံးသောင်းလောက်ပဲ ရှိတယ်လို့ ကြားတယ်။ အခုလည်း တခြားနယ်တွေက ရန်ကုန်ကို ကူဖို့လာနေရတယ်။ အဲဒီစနစ်ကြီးတစ်ခုလုံး ပြိုသွားမှာကို စိုးရိမ်ရတယ်။ စီးပွားရေးဆိုတာကတော့ ဗိုင်းရပ်စ်  ထိန်းမနိုင်သိမ်းမရဖြစ်လာရင်လည်း သူ့အလိုလိုကျဆင်းလာမှာပါ။”

နိုင်ငံတကာချေးငွေဖြင့် ကုစားခြင်း

ရန်ကုန်တိုင်းမှာ ပြည်သူတွေအိမ်မှာနေ ဆိုတဲ့ အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက တအိမ်တက်တအိမ်ဆင်း၊ ရိက္ခာပေးဝေဖို့ စာရင်းကောက်ယူနေပါတယ်။ ပြည်သူတွေကို ကူညီပေးဖို့ ကျပ် ဘီလီယံတစ်ထောင်ကျော် လျာထားကြောင်း အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင်ကပဲ ပြောထားပါတယ်။


COVID-19 ကမ္ဘာ့ကပ်ရောဂါရဲ့ ဒဏ်ကို ဖွံ့ဖြိုးမှုနောက်ကျတဲ့နိုင်ငံတွေ အပြင်းအထန်ကြုံရနိုင်ကြောင်း  ကုလသမဂ္ဂက မေလထဲမှာ သတိပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း COVID-19 ဒုတိယလှိုင်းကြောင့် စီးပွားရေးသုညထိ ထိုးကျ၊ မကျ အာမမခံနိုင်ဘူးလို့ ၂၈ ရက်နေ့ မိန့်ခွန်းမှာ ပြောထားပါတယ်။ 

“ကျွန်မတို့ အာဆီယံမှာဆိုရင် သုညအောက်မကျတဲ့နိုင်ငံ ၃ နိုင်ငံထဲမှာ ကျွန်မတို့နိုင်ငံ အခုထိတော့ရှိပါသေးတယ်။ ဆက်ရှိမယ်လို့တော့ ကျွန်မတို့ အာမ မခံနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခု ဒုတိယလှိုင်းနဲ့လည်း ကျွန်မတို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်”

ဒုတိယလှိုင်းကို ထိန်းထားနိုင်မယ်ဆိုရင်တောင်၊ အာရှမှာဗိုင်းရပ်စ်ပြန့်ပွားမှု အဆိုးဆုံးဒဏ်ကို ခံနေရတဲ့ အိန္ဒိယနဲ့ အင်ဒိုနီးရှားတို့ရဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး မြန်မာနိုင်ငံမှာ နောက်တစ်ကြိမ် ဆိုးဆိုးဝါးဝါးထပ်မဖြစ်အောင် စနစ်တကျ ကြိုတင်ဆောင်ရွက်သင့်တယ်လို့ ပညာရှင်တွေက တိုက်တွန်းနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org