မြန်မာ့အာဏာသိမ်းစစ်တပ်နဲ့ ဆင်းရဲမွဲတေမှု

စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြားက တိုက်ပွဲတွေကြောင့် မူဆယ်မြို့ကနေ ထွက်ပြေးလာကြသော ဒေသခံပြည်သူများကို သြဂုတ်လ ၁၅ ရက်နေ့က တွေ့ရစဉ်။
စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြားက တိုက်ပွဲတွေကြောင့် မူဆယ်မြို့ကနေ ထွက်ပြေးလာကြသော ဒေသခံပြည်သူများကို သြဂုတ်လ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဆင်းရဲမှု နဲ့ ရိက္ခာ မဖူလုံမှုတွေ မြင့်တက်လာနေပါတယ်။ အထူးသဖြင့် မြန်မာပြည်အလယ်ပိုင်း မိုးခေါင်ရေရှားရပ်ဝန်းဒေသ အပြင် နိုင်ငံ့စိုက်ပျိုးရေး အချက်အချာဖြစ်တဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေမှာပါ ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ မုတ်သုန်ကာလ စိုက်ပျိုးရာသီဖြစ်တဲ့ ပြီးခဲ့တဲ့ သုံးလအတွင်း လယ်သမားတွေ စပါးမစိုက်နိုင်ဘဲ အငတ်ဘေးကြောင့် ရှိတဲ့နွား တဝက်ဈေးနဲ့ ရောင်းလိုက်ရတာမျိုးတွေ ရှိခဲ့ပါတယ်။

တောင်သူတွေ ဝင်ငွေကျဆင်းတာ၊ ကုန်ကျစရိတ်မြင့်တက်တာတွေကြောင့် အငတ်ဘေးအခြေအနေ ပိုမို ဆိုးရွားလာနေရတာပါ။ စားလို့ရတာ စားနေရတယ်လို့ တောင်သူတစ်ဦးက ပြောဆိုကြောင်း ရိုက်တာသတင်းက ဖော်ပြ ါတယ်။ ဒါပေမဲ့ လူသားချင်းစာနာကူညီရေး အစီအစဉ်အများစုက တောင်သူတွေအပေါ် မျက်စိလျှမ်းနေကြသလိုဖြစ်နေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

ဒါ့ပြင် စစ်တပ်အာဏာသိမ်းအပြီး နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ COVID-19 ကူးစက်မှု ကပ်ရောဂါတွေနဲ့အတူ ဓာတ်မြေဩဇာ ဈေးနှုန်းတွေ မြင့်တက်ပြီး သီးနှံဈေးနှုန်းကျဆင်းတဲ့ ပြဿနာ နဲ့လည်း တောင်သူ တွေ ကြုံနေရပါတယ်။ အာဏာသိမ်းမှုနဲ့အတူ နိုင်ငံတဝန်း လူမှုဘဝအခြေအနေတွေ ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်ပြီး နိုင်ငံ့စီးပွားရေးကလည်း အရှိန်အဟုန်နဲ့ ကျဆင်းနေကြောင်း၊ မြန်မာ့ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး GDP ကလည်း ဒီနှစ် ၁၈.၄ ရာခိုင်နှုန်း ကျဆင်းသွားဖွယ်ရှိကြောင်း၊ မြန်မာ့ကျပ်ငွေတန်ဖိုးကလည်း စက်တင်ဘာလ အတွင်း ၆၀ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း အာရှ ဖွံ့ဖြိုးရေး ဘဏ် ADB က ခန့်မှန်းထားပါတယ်။ ရိက္ခာနဲ့ လောင်စာဆီဈေးနှုန်းတွေကိုလည်း ပိုမို ဖိအားပေးထိန်းချုပ်နေတဲ့ကြားက မြင့်တက်သွားခဲ့ပါတယ်။

စီးပွားရေးပြိုကွဲမှုက နိုင်ငံတဝန်း ရိက္ခာမလုံခြုံမှုကို ပိုမိုဆိုးရွားစေပါတယ်။ မြန်မာနိုင်ငံ အပူပိုင်းဇုန်နဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေဟာ နယ်စပ်ဇုန်တွေလိုမဟုတ်ဘဲ၊ အစဉ်အလာအရ အကူအညီ ရရှိရေးစာရင်းထဲမှာ မပါဝင် သလောက်ပါ။ ဒါပေမဲ့ ဆင်းရဲမှုက မြန်မြန်ဆန်ဆန် မြင့်တက်လာ နေတာ ကြောင့် မြစ်ဝကျွန်းပေါ်ဒေသမှာလည်း ဆင်းရဲမှုနှုန်းဟာ မနှစ်က ၁၈ ရာနှုန်းရှိခဲ့ရာက ဒီနှစ်ဇူလိုင်လမှာ ၃၀ ရာနှုန်းရှိလာခဲ့ကြောင်း ဝါရှင်တန်အခြေစိုက် နိုင်ငံတကာ စားနပ်ရိက္ခာဆိုင်ရာ မူဝါဒဌာန က ဆိုပါ တယ်။ လာမယ့်လတွေအတွင်း အပူပိုင်းဇုန်နဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေမှာ ဆင်းရဲတဲ့အဆင့် အိမ်ထောင်စုပေါင်း ၆၀ ရာနှုန်းအထိ ရှိလာမယ်လို့လည်း ခန့်မှန်းထားပါတယ်။ ရေရှည်မှာ စားနပ်ရိက္ခာ ပြဿနာဘယ်လိုဖြေရှင်းရမလဲဆိုတာ မစဉ်းစားတတ်အောင်ဖြစ်နေပြီး၊ အကြွေးတွေကလည်း ပမာဏ များသထက် များလာနေပါတယ်။

အပူပိုင်းဇုန်နဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေဟာ မြန်မာ့ရိက္ခာ လုံခြုံရေးအတွက် အဓိကဒေသတွေ ဖြစ်သလို သီးနှံစိုက်ပျိုးမှု ၈၀ ရာနှုန်းကျော်ရှိတဲ့ ဒေသတွေဖြစ်ပါတယ်။ လူဦးရေကလည်း နိုင်ငံရဲ့ သုံးပုံတစ်ပုံ ရှိတာပါ။ စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ ဆင်းရဲသူအရေအတွက် မြင့်တက်လာခဲ့ပါတယ်။ ဘဏ်တွေကလည်း ငွေမချေးကြတော့လို့ ဆန်၊ ပြောင်း၊ ပဲ စိုက်ပျိုးတဲ့ တောင်သူတွေ အခက်တွေ့ကြရပါတယ်။ တချို့လည်း ရှိတဲ့ ရွှေတိုရွှေစလေးတွေ ရောင်းချ ပေါင်နှံပြီး နေထိုင် စားသောက်နေကြရသလို၊ တချို့လည်း အရင်နှစ်က ကျန်တဲ့ ဆန်ကို စားနေကြရတာပါ။ တချို့ စားစရာဆန်ပြတ်လပ်သွားပြီဖြစ်လို့ ကူနိုင်သူက ကူညီပေးကမ်းနေရတဲ့ အရေးပေါ် အခြေအနေ ဖြစ်လာနေပါတယ်။

မြန်မာ့မြစ်ဝကျွန်းပေါ် နဲ့ အပူပိုင်းဇုန်ဒေသက ပြည်သူတွေအပေါ် မျက်စိလျှမ်းနေမယ်ဆိုရင် မြန်မာနိုင်ငံတွင်းက စားရမဲ့ သောက်ရမဲ့ ပြည်သူ တဝက်လောက်ကို မျက်စိလျှမ်း နေတာဖြစ်လိမ့်မယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Duncan Boughton က ပြောလိုက်ပါတယ်။

ဒီအတွင်း အာဏာသိမ်းစစ်အစိုးရကတော့ မြန်မာ့စီးပွားရေး အခြေအနေ ဆိုးရွားနေရတာဟာ ပြည်ပကျောထောက်နောက်ခံပြု အဖျက်အမှောင့်တွေကြောင့်လည်း တစိတ်တပိုင်း ပါဝင်ကြောင်း၊ အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဦးအောင်နိုင်ဦး က ပြောဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းခဲ့ချိန်ကစလို့ ဆိုးရွားလာနေတဲ့ နိုင်ငံ့စီးပွားရေးကို ပြန်လည်ဦးမော့အောင် ကျပ်ငွေတန်ဖိုးတည်ငြိမ်အောင် ဆောင်ရွက်ခဲ့ကြောင်း ရိုက်တာသတင်းကိုပြောဆိုခဲ့ပါတယ်။ စစ်တပ်အာဏာမသိမ်းခင်က ကျပ်ငွေ ဖောင်းပွမှု တန်ဖိုး ၁.၅၂ ရာနှုန်းရှိခဲ့ရာက စစ်တပ်အာဏာသိမ်းအပြီး စက်တင်ဘာလမှာ ဖောင်းပွမှုတန်ဖိုး ၆၀ ရာနှုန်းကျော် ဖြစ်ခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲလိုသူတစ်ဦးအဖြစ် သိရှိကြတဲ့ ဦးအောင်နိုင်ဦး အနေနဲ့ စစ်အစိုးရနဲ့ အလုပ်လုပ်ရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုတွေ ပိုမိုဆောင်ရွက်နိုင်တဲ့အတွက် ဝန်ကြီးအဖြစ် လက်ခံလိုက်တာဖြစ်တယ်လို့ ပြောဆိုကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။