အာဏာသိမ်း နှစ်နှစ်ခွဲကျော်အတွင်း ချင်းလူမျိုး ငါးရာကျော် သေဆုံး

RFA Burmese
2023.10.10
အာဏာသိမ်း နှစ်နှစ်ခွဲကျော်အတွင်း ချင်းလူမျိုး ငါးရာကျော် သေဆုံး စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲခဲ့သည့် ချင်းပြည်နယ် ဝေဘူလမြို့မှ သေဆုံးသွားသူများအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က သင်္ဂြိုဟ်ပေးနေစဉ်။
Citizen Journalist

စစ်တပ်အာဏာသိမ်းချိန်ကနေ အခုနှစ် အောက်တိုဘာ ၁ ရက်နေ့အထိ နှစ်နှစ်ခွဲကျော် အတွင်း စစ်ကောင်စီတပ် ကြောင့် တစ်နိုင်ငံလုံးမှာ အသက်မပြည့်တဲ့ ကလေးတွေ အပါအဝင် ချင်းလူမျိုး ၅၂၈ ဦး သေဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က အောက်တိုဘာလ ၁၀ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ချင်းပြည်နယ်အပြင် မြန်မာနိုင်ငံအနှံ့မှာ သေဆုံးခဲ့ရတဲ့ ချင်းလူမျိုး အရေအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသူ ၅၂၈ ဦးထဲမှာ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၃၁၁ ဦးနဲ့ ခရစ်ယာန်ဓမ္မဆရာတွေ၊ ကလေးတွေအပါအဝင် အရပ်သား ၂၁၇ ဦး ပါဝင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီအထဲမှာ ခရစ်ယာန် ဘာသာရေးဓမ္မအမှုတော်ဆောင် ငါးဦး၊ ခရစ်ယာန်သင်းထောက်သုံးဦးနဲ့ အသက်မပြည့်တဲ့ကလေး စုစုပေါင်း ၂၄ ဦး ပါဝင်ပါတယ်။

ဟားခါး - ထန်တလန်အကြားတိုက်ပွဲတွင် သေဆုံးခဲ့သည့် ချင်းတော်လှန်ရေး ရဲဘော် သုံးဦးအား ထန်တလန်မြို့နယ် တစ်‌နေရာတွင် ၂၀၂၃ ခုနှစ် ဩဂုတ် ၁၇ ရက်နေ့က သင်္ဂြိုဟ်နေစဉ်။ (Photo: Citizen Journalist)
ဟားခါး - ထန်တလန်အကြားတိုက်ပွဲတွင် သေဆုံးခဲ့သည့် ချင်းတော်လှန်ရေး ရဲဘော် သုံးဦးအား ထန်တလန်မြို့နယ် တစ်‌နေရာတွင် ၂၀၂၃ ခုနှစ် ဩဂုတ် ၁၇ ရက်နေ့က သင်္ဂြိုဟ်နေစဉ်။ (Photo: Citizen Journalist)

အခုနှစ်အတွင်း အရင်နှစ်တွေထက် သေဆုံးသူပိုများတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် ICA ရဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးစံက RFA ကို ပြောပါတယ်။

“ချင်းပြည်နယ် အပါအဝင် ချင်းပြည်နယ်ပြင်ပ ချင်းအမျိုးသားတွေ နေထိုင်တဲ့ နေရာတွေပေါ့နော်၊ အဓိက ကတော့ ကလေးမြို့နဲ့ ဂန့်ဂေါပေါ့လေ။ မန္တလေးဆိုရင် လည်း ကျွန်တော်တို့ လက်လှမ်းမီ သလောက် ကောက်ထားတာပါ။ ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃ ဒီအောက်တိုဘာလအထိပေါ့နော်၊ အဲ့လို သုံးပိုင်းခွဲပြီး ကြည့်မယ်ဆိုရင် ချင်းလူမျိုး သေဆုံးတာ ပိုများလာတာ တွေ့ရတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ အထိ တစ်နှစ် တည်းမှာဆိုရင် ကျွန်တော်တို့ ချင်းအမျိုးသား သေဆုံးမှုက အရင် နှစ်နှစ်ပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းလောက်ရှိတယ်”

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ မြေမြှုပ်မိုင်းအပြင် ဖမ်းဆီးနှိပ်စက်မှုတွေ ကြောင့် အရပ်သားတွေ အများဆုံးသေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့က ထန်တလန်မြို့မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့အတွက် နေအိမ်မှာ ပုန်းအောင်းနေတဲ့ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပါတယ်။ အလားတူ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း ဟားခါးမြို့နယ် ဘွမ်လုံ (Buanlung) ရွာမှာရှိတဲ့ စာသင်ကျောင်းကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ အသက် ခြောက်နှစ်နဲ့ ခုနစ်နှစ်အရွယ် ယောက်ျားလေး နှစ်ဦးသေဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 "စစ်ကြောင်းနဲ့ လုံးဝမဆိုင်တဲ့၊ စစ်ပွဲနဲ့ လုံးဝမဆိုင်တဲ့ စစ်ပွဲလုံးဝမဖြစ်တဲ့ ရွာတွေမှာ အကြိမ်ကြိမ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပါတယ်”

ဒါဟာ စစ်ကောင်စီတပ်ရဲ့ လူသားမဆန်တဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ချင်းပြည်နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

“အပြစ်မဲ့ ပြည်သူလူထုကို ဒီလောက်ထိ သတ်ဖြတ်တာကျတော့ လူသားမဆန်တဲ့ လုပ်ရပ်လို့ ကျွန်တော် မြင်တယ်။ တော်တော်လေး ဝမ်းနည်းစရာကောင်းတယ်။ ပြီးတော့ အခုသေဆုံးသူတွေမှာဆိုရင် လူငယ်တွေ များတယ်။ လူငယ်တွေ အများကြီး ဒီလောက်ထိ ဆုံးတာကျ ချင်းလူမျိုးတွေအတွက်ရော၊ မြန်မာနိုင်ငံအတွက်ရော နောက်လာမယ့်အချိန်မှာ ဖြစ်မယ့် တန်ဖိုးရှိတဲ့ လူငယ်တွေ အမြောက်အမြား ဆုံးရှုံးရ တယ်လေ။ အဲလိုအခြေအနေမျိုးမှာတော့ တော်တော်လေး ရင်လေးစရာကောင်းတယ်”

အာဏာသိမ်း နှစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ချင်း ခရစ်ယာန်ဘုရား ကျောင်းတွေအပါအဝင် ဘာသာရေး အဆောက်အုံ ၁၀၁ ခုနဲ့ ချင်းလူမျိုး တွေရဲ့ နေအိမ်ပေါင်း ၂၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့က ချင်းပြည်နယ် ဝေဘူလမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့တိုက်ခိုက်ခဲ့ရာမှာ အသက် ၁၂ နှစ်အရွယ် ကလေးသူငယ်တစ်ဦးအပါအဝင် အရပ်သား ကိုးဦး သေဆုံးခဲ့ပါတယ်။ အလားတူ ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့မှာလည်း မင်းတပ်မြို့နယ်၊ ပန်းပါကျေးရွာ(Panpa) ကို တိုက်လေယာဉ် နှစ်စင်းနဲ့ ဗုံး ၁၇ လုံး ကြဲချခဲ့ရာမှာ အသက် လေးနှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲခဲ့သည့် ဝေဘူလမြို့မှ မီး‌လောင်ပျက်စီးသွားသော နေအိမ်အချို့ကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲခဲ့သည့် ဝေဘူလမြို့မှ မီး‌လောင်ပျက်စီးသွားသော နေအိမ်အချို့ကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

စစ်ကောင်စီတပ်ဟာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ ဒေသခံတွေ နေထိုင်တဲ့ ကျေးရွာတွေကို အကြိမ်ကြိမ် ဗုံးကြဲချခဲ့ တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်ရဲ့ မူဝါဒရေးရာပြောခွင့်ရ ဆလိုင်းပီတာထန်းက ပြောပါတယ်။

“သူတို့ကို လုံးဝ မတိုက်ခိုက်တဲ့ ပြည်သူတွေရဲ့ အိမ်တွေကိုလည်း မီးရှို့ပါတယ်။ ကျွန်တော်တို့ ချင်းပြည်နယ်မှာ တွေ့ရတဲ့ မီးဟုန်းဟုန်း တောက်လောင်နေတဲ့ဟာ ပြီးတော့ သူတို့က လေကြောင်းနဲ့လည်း တိုက်ခိုက်ပါတယ်။ ကျွန်တော်တို့မှာ လေကြောင်း တိုက်ခိုက်စရာလည်း မရှိပါဘူး။ သူတို့ လေကြောင်းတိုက်ခိုက်တာ ကျွန်တော်တို့ မှာ သက်သေ ပုံ၊ ဗီဒီယိုဖိုင်တွေလည်း ရှိပါတယ်။ စစ်ကြောင်းနဲ့ လုံးဝမဆိုင်တဲ့၊ စစ်ပွဲနဲ့ လုံးဝမဆိုင်တဲ့ စစ်ပွဲလုံးဝမဖြစ်တဲ့ ရွာတွေမှာ အကြိမ်ကြိမ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပါတယ်”

ချင်းရေးရာအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်ပါ အချက်အလက်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ကိုသိရဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြား ခြင်း မရှိပါဘူး။

ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေး အဖွဲ့က အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို RFA က ဆက်လက်မေးမြန်းခဲ့ရာ မှာတော့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး စားပွဲဝိုင်းပေါ်တောင်းဆိုမှသာ ဒီပဋိပက္ခတွေကို အဆုံးသတ်နိုင်မယ်လို့ ပြောပါတယ်။

“လက်နက်ကိုင် ပဋိပက္ခ ရှိနေတဲ့ ကာလပတ်လုံး ဘယ်သူလုပ်တာပါ၊ ဘယ်ဝါက လုပ်တာပါ ဘာလို့လဲဆိုတော့ တစ်ဖက်နဲ့ တစ်ဖက်က ဘယ်လိုခေါ်မလဲ ဆိုတော့ ဖြေရှင်းဖို့မဟုတ်ပဲနဲ့ လက်ညှိုးထိုးဖို့ ချည်း များသွားလိုက် မယ်။ အဲ့လို လက်ညှိုးထိုးနေတဲ့ ကာလပတ်လုံးကတော့ ကျွန်တော်တို့ အဖြေရှာလို့ မရဘူး။ အဲ့တော့ အရပ်သား သေဆုံးမှုနည်းချင်တယ်ဆိုရင် လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ဒေသခံတွေ ဘာမှ မဖြစ်အောင် အကုန်လုံးလည်း အေးအေးချမ်းချမ်းနေလို့ရအောင် လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ တစ်မျိုးပဲ ရှိတယ်။ လက်ရှိ ဖြစ်နေတဲ့ ပဋိပက္ခတွေ အကုန်လုံးနီးပါးကို ရပ်နိုင်ဖို့အတွက် လက်နက်ကိုင်ကို စွန့်ပြီး စားပွဲဝိုင်း ဆွေးနွေးပွဲမှာ အဓိက တောင်းမှပဲ ရမယ်။ အဲဒါ မသွားနိုင်ဘဲနဲ့တော့ မလွယ်ဘူးလို့ သုံးသပ်ပါတယ်”

အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်ကတော့ စစ်အာဏာရှင် လက်အောက်မှာ သေဆုံးခဲ့ရသူတွေအတွက် တရားမျှတမှု ရရှိရေး လုပ်ဆောင်နေတယ်လို့ RFA ကို ပြောပါတယ်။

“ချင်းလူထုတွေက နွေဦးတော်လှန်ရေးမှာ အသက်ကို စွန့်လွှတ်ပြီး ထိပ်ဆုံးကနေ ရဲရဲဝံ့ဝံ့ တက်တက်ကြွကြွနဲ့ ပါဝင်ခဲ့တယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်အာဏာရှင်ရဲ့ လက်အောက် မှာ အသက်ဆုံးရှုံးရသူတွေအတွက် မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။ ဒီလိုမျိုး ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့ အရပ်သားတွေ၊ ကလေးသူငယ်တွေ၊ ဘာသာရေးဆရာတွေ၊ အမျိုးသမီးတွေ အတွက် တရားမျှတမှု ရှိအောင် ကျွန်တော်တို့အစိုးရက လုပ်ဆောင်ပါမယ်၊ အခုလည်း လုပ်ဆောင်နေပါတယ်"

ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ စီမံအရာရှိ ဆလိုင်းမန်ဟရဲလျန်ကတော့ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ထိုင်ကြည့်မနေဘဲနဲ့ လက်တွေ့အရေးယူမှုတွေ လုပ်ဆောင်ဖို့ လိုတယ်လို့ပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို အမြဲတမ်းစောင့်ကြည့်နေပြီးတော့ နိုင်ငံတကာ အဖွဲ့အစည်းသော်လည်းကောင်း၊ ပြီးရင် ကုလသမဂ္ဂအဖွဲ့အစည်းတွေက စောင့်ကြည့်နေ တုန်းပဲ ဆိုရင် စစ်ကောင်စီက ဆက်ပြီးတော့ ကျူးလွန်နေဦးမှာပဲ။ စစ်ကောင်စီကို စောင့်ကြည့်မယ့်အချိန် မဟုတ်တော့ဘူး။ အခုချိန်မှာတော့ အရေးယူဖို့ အချိန်တန်ပြီလို့ ကျွန်တော် ပြောချင်ပါတယ်”

ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ချင်းလူမျိုးတစ်သိန်းခန့်ရှိပြီး နောက်ထပ် လူပေါင်း ခြောက်သောင်းကျော်ဟာလည်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံနေကြရ တယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။