စစ်အာဏာသိမ်းပြီးနောက် ရင်းနှီးမြှုပ်နှံသူတွေ ပြန်ထွက်နိုင်ဖို့ ခက်ခဲ
2021.10.13

BAT ခေါ် British American စီးကရက်ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာရှိတဲ့ သူ့လုပ်ငန်းအားလုံးကို ရပ်ဆိုင်းပြီး ဒီနှစ်ကုန်ပိုင်းမှာ ထွက်ခွာမှာဖြစ်ကြောင်း အင်္ဂါနေ့က ပြောပါတယ်။
British American စီးကရက်ကုမ္ပဏီဟာ အရင် စစ်အစိုးရလက်ထက် ရန်ကုန်မြို့မှာ စက်ရုံတည်ပြီး London, Kent, and Lucky Strike တံဆိပ် စီးကရက်တွေ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ အဲဒီနောက် အရင်စစ် အာဏာသိမ်းအစိုးရနဲ့ အကျိုးတူ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ကန့်ကွက်ဆန္ဒပြခံခဲ့ရလို့ နိုင်ငံက ထွက်ခွာသွားခဲ့ရပြီး၊ ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းအပြီး နိုင်ငံကနေ ထွက်ခွာသွားခဲ့ကြတဲ့ ပြည်ပလုပ်ငန်းကုမ္ပဏီတွေမှာ British American စီးကရက်ကုမ္ပဏီဟာ ခုထိနောက်ဆုံးထွက်ခွာတဲ့ ကုမ္ပဏီဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီတခုအနေနဲ့ကမ္ဘာအနှံ့မှာရှိတဲ့ မိမိတို့လုပ်ငန်းတွေရဲ့ အခြေအနေကို သုံးသပ်အကဲဖြတ်နေရကြောင်း၊ မြန်မာနိုင်ငံတွင်းမှာလည်း ရေရှည် စီးပွားရေးလုပ်ငန်း ဆောင်ရွက်နိုင်ခြေအလားအလာတွေအပေါ် အဘက်ဘက်က သုံးသပ်ပြီး မြန်မာကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်း British American စီးကရက်ကုမ္ပဏီ ပြောပါတယ်။ အသေးစိတ်ကိုတော့ မပြောဆိုပါဘူး။
အဲဒီအချိန်က နည်းပညာကျွမ်းကျင်သူတွေ၊ အငြိမ်းစားစစ်အရာရှိတွေပါဝင်တဲ့ အရပ်သားတပိုင်း အစိုးရ နေနဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ် ဆွဲဆောင်ခဲ့ပါတယ်။ အခုတော့ စစ်တပ်အာဏာသိမ်းမှုနဲ့အတူ နိုင်ငံရဲ့ နုနယ်လှသေးတဲ့ စီးပွားရေးဟာ ချိနဲ့ ယိမ်းယိုင်သွားခဲ့ရပြီး ပြီးခဲ့တဲ့လက ကျပ်ငွေတန်ဖိုး ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ရုံမက စားသောက်ကုန်နဲ့လောင်စာဆီဈေးနှုန်းတွေ မြင့်တက်သွားခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်ကလည်း ဒီနှစ် မြန်မာနိုင်ငံရဲ့ ပြည်တွင်း အသားတင်ထုတ်လုပ်မှု တန်ဖိုး GDP ဟာ ၁၈ ရာနှုန်း ကျုံ့ဝင်သွားဖွယ် ရှိတယ်လို့ ခန့်မှန်းပါတယ်။ ဒါ့ပြင် အမေရိကန်၊ ဗြိတိန်၊ ကနေဒါ နဲ့ အီးယူဥရောပနိုင်ငံတွေကလည်း အာဏာသိမ်း မြန်မာစစ်ကောင်စီနဲ့ သူ့ရဲ့ စီးပွားရေး အကျိုးအမြတ်တွေရရှိရာ၊ လုပ်ငန်းကွန်ရက်တွေအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေစဉ်အတွင်း ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က ထပ်မံ အာဏာသိမ်းခဲ့ပြန်တာကြောင့် အခြေအနေတွေ ပိုမိုဆိုးရွားလာနေပြီး မြန်မာနိုင်ငံမှာ လာရောက် မြှုပ်နှံလုပ်ကိုင်နေကြတဲ့ ပြည်ပလုပ်ငန်းကုမ္ပဏီကြီးတွေအတွက် ရှေ့ရေးအခြေအနေကို တွက်ဆ စဉ်းစားလာကြရပါတယ်။ စစ်တပ် အာဏာ သိမ်းမှု ဆန့်ကျင်ဆန္ဒပြကြတဲ့ ပြည်သူတွေကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းလို့ ပြည်သူ တစ်ထောင်ကျော် သေဆုံးခဲ့ရပြီးတဲ့နောက်၊ ပြည်ပလုပ်ငန်း ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာတွေဖြစ်လာခဲ့ပါ တယ်။ British American စီးကရက်ကုမ္ပဏီအနေနဲ့လည်း မြန်မာနိုင်ငံကနေ ထွက်ခွာဖို့သာ ဆုံးဖြတ်ခဲ့ရပါတယ်။ British American Tobacco ကုမ္ပဏီမှာ အလုပ်သမား လေးရာဝန်းကျင်ရှိပါတယ်။

ဒီအတွင်း စစ်အာဏာသိမ်းအပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားသူတွေ ပြန်ထွက်ဖို့ အခက်တွေ့နေကြကြောင်း Nikkei Asian Review သတင်းက ဖော်ပြပါတယ်။
အခုအခါ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေကြတဲ့ လုပ်ငန်းရှင်တွေ ရှေ့ဆက်ပြီး ဘယ်လိုဆောင်ရွက်မလဲဆိုတာ စဉ်းစားနေကြရပြီ လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံတွင်းကနေ လုပ်ငန်းတွေ ပြန်လည်နှုတ်သိမ်းသွားဖို့လည်း မလွယ်ကူသေးဘဲဖြစ်နေကြပါတယ်။
ပထမအချက်အနေနဲ စစ်တပ်နဲ့ ဆက်စပ်လုပ်ကိုင်နေကြတဲ့ နေပြည်တော်က လုပ်ငန်းရှင်သစ်တွေနဲ့ အရင်က ဆုံးဖြတ်ချက်ချနိုင်သူတွေ ကြားက အကွာအဟတွေ၊ ဒုတိယအနေနဲ့ နိုင်ငံ့ဘဏ္ဍာရေး အခြေအနေ ဆိုးရွားနေပြီး၊ ဘဏ်တွေ အလုပ်ကောင်းကောင်းမလုပ်နိုင်လို့ ပြည်သူတွေ ATM ငွေထုတ်စက်တွေမှာ လူတန်းရှည်ကြီးတွေဖြစ်နေရတာ၊ တတိယအနေနဲ့ မြန်မာနိုင်ငံ ရှေ့ဆက်ပြီး ဘယ်လိုသွားမလဲ၊ ဘာတွေဖြေရှင်းနိုင်မလဲ ဆိုတဲ့ အချက်တွေဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဖော်ပြပါတယ်။