နိုင်ငံတစ်ဝန်း တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်ကြောင်း လေ့လာသူတွေပြော

RFA Burmese
2023.11.27
နိုင်ငံတစ်ဝန်း တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်ကြောင်း လေ့လာသူတွေပြော ရှမ်းပြည်နယ် တုန်းရှမ်းဒေသ ၊ တာကျူချင့်ရွာအနောက်တောင်ကုန်းကို မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က သိမ်းပိုက်ခဲ့စဉ်။
The KoKang

TNLA၊ AA၊ MNDAA မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ဒီနေ့ တစ်လတိတိပြည့်ပါပြီ။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ ဒီစစ်ဆင်ရေးကို နိုဝင်ဘာလ ၂၇ ရက်နေ့မှာ နောက်တစ်ဆင့်တက်ပြီး နိုင်ငံတစ်ဝန်းမှာ အကောင်အထည်ဖော်တော့မယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က နိုဝင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

စစ်ရေးရည်မှန်းချက်က စစ်အာဏာရှင်ပြုတ်ကျသွားဖို့ ဖြစ်တယ်လို့ ကိုးကန့်အဖွဲ့ MNDAA ပြန်ကြားရေး လီကျားဝင်း က ပြောပါတယ်။

“ကျွန်တော်တို့ စစ်ရေးပိုင်းမှာ တစ်နိုင်ငံလုံးက လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဟန်ချက်ညီညီ ဖော်ဆောင် နိုင်ခဲ့တယ်။ စစ်ရေးပိုင်းမှာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်က စစ်အာဏာရှင်ပပျောက်ရေးပဲ။ ဒါကိုတော့ ကျွန်တော်တို့ အဲဒီအတွက် တိုက်ပွဲတွေ ဆက်တိုက်ဝင်သွားမှာဖြစ်ပါတယ်”

ဒီစစ်ဆင်ရေးကို တစ်နိုင်ငံလုံးပါဝင်ဖို့ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကိုးကန့်လို့ လူသိများတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ ရက္ခိုင့်တပ်တော်( AA) တို့က နိုဝင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်ချက်မှာ တိုက်တွန်းထား ပါတယ်။

အောက်တိုဘာလ ၂၇ ရက်ကစတဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ လက်ရှိမှာ ရှမ်းပြည်နယ်အပြင် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တွေအထိ ကျယ်ပြန့်လာပြီး နယ်မြေသိမ်းတိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ပြီးခဲ့တဲ့ တစ်လအတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီတပ်စခန်း ၁၇၀ ကျော် နဲ့ ရခိုင်ပြည်နယ်က စစ်ကောင်စီတပ်စခန်း ၄၀ ကျော်ကို သိမ်းယူနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။

''ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်က စစ်အာဏာရှင်ပပျောက်ရေးပဲ။ ကျွန်တော်တို့ အဲဒီအတွက် တိုက်ပွဲတွေ ဆက်တိုက်ဝင်သွားမှာဖြစ်ပါတယ်”

ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းက ကွမ်းလုံ၊ မုံးကိုး၊ နမ့်ခမ်း၊ ချင်းရွှေဟော်မြို့တွေနဲ့ ပန်ဆိုင်း (ကြူကုတ်) နယ်စပ်ဂိတ်၊ ကျင်စန်းကျော့၊ ဖောင်းဆိုင်ဒေသ၊ နမ့်စလပ်ဒေသတွေကို ထိန်းချုပ်ထားသလို လက်ရှိမှာ လောက်ကိုင်မြို့ကို သိမ်းယူနိုင်ဖို့ လက်တစ်ကမ်းအလိုရောက်နေပြီလို့ MNDAA ပြန်ကြားရေး လီကျားဝင်းက ပြောပါတယ်။

အလားတူ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ကိုင်းတိုင်း ကောလင်းနဲ့ ခါမ်းပါတ်မြို့တွေကို သိမ်းယူပြီးနောက် စစ်ကောင်စီတပ်နဲ့ နေ့တိုင်းတိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မြောက်ပိုင်းမဟာမိတ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အပြိုင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ/ ကရင်နီ တပ်မတော် (KNPP/KA) နဲ့ပူးပေါင်းတပ်တွေကလည်း ကယား ပြည်နယ်မှာ တစ်လေးလုံး(၁၁၁၁) စစ်ဆင်ရေးကို နိုဝင်ဘာလ ၁၁ ရက်မှာ စတင်ခဲ့ပါတယ်။ လက်ရှိမှာ လွိုင်ကော်မြို့ကို သိမ်းယူဖို့ ကြိုးစားနေပြီး စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ဟာ ကယားပြည်နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ဖြစ်တယ်လို့ KNPP/KA အတွင်းရေးမှူး (၁) ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“အခုကတော့ ကျွန်တော်တို့ပြည်နယ်ထဲက အဓိက မြို့တော်ဖြစ်တဲ့ လွိုင်ကော်ကို စစ်ဆင်ရေးလုပ်တာဖြစ် တယ်။ ဒီနေ့အချိန်ကလကနေ ကျွန်တာ်တို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်တဲ့ ကာလအထိ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကျင့်သုံးနိုင်ဖို့ အဓိက လိုအပ်တယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ ပြည်နယ်ထဲမှာ ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေး ၊ ဥပဒေပြုရေး နဲ့ တရားစီရင်ရေးလုပ်ငန်းတွေကို အပြည့်အ၀ အကောင်အထည်ဖော်နိုင်ဖို့အတွက် အနှောင့်အယှက်အတားအဆီးဖြစ်နေတဲ့ စစ်အာဏာရှင်ကို ကျွန်တော်တို့ ပြည်နယ်ထဲက မောင်းထုတ်နိုင်အောင် လုပ်ရမှာပဲဖြစ်တယ်”

စစ်ဆင်ရေးအချိန်ကြာလာရင် လက်နက်ခဲယမ်းလိုအပ်ချက်နဲ့ လူထုထိခိုက်မှုကြီးလာနိုင်တာကြောင့် စစ်ရေး ရည်မှန်းချက်အမြန်ဆုံး အောင်မြင်ဖို့ကြိုးစားနေတယ်လို့ သူက ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကလည်း ပွင့်လင်းရာသီရောက်လာတာကြောင့် စစ်ဆင်ရေးအရှိန်မြှင့်မှုနဲ့အတူနို င်ငံတစ်ဝန်းမှာ တိုက်ပွဲတွေပိုပြီးပြင်းထန်လာလိမ့်မယ်လို့ သုံးသပ်ပါတယ်။

“ဒီအချိန်က အချိန်ကောင်းပဲ။ ခါတိုင်း စစ်တပ်က လုပ်တာက နအဖ ခေတ်တို့ ဘာတို့မှာလုပ်တာက တစ်နေရာကို ငြိမ်းချမ်းရေးယူပြီး နောက်တစ်နေရာကို သူ့အင်အားစုပြီးတိုက်တာ။ အခုတော့ လူမျိုးစုတွေကလည်း သဘောပေါက်သွားပြီ။ အဲ့ဒါကြောင့် အားလုံးက တညီတညွတ်တည်းတိုက်တော့ စစ်တပ်အင်အားတွေက ကျဲပြန့်ကုန် တာပေါ့။ သူ့အတွက် တော်တော် အခြေမလှဘူး။ ဒါကို တော်လှန်ရေးအင်အားစုတွေက ဟန်ချက်ညီညီနဲ့ တစ်ပြိုင်နက်တည်း ဆက်တိုက်ရင် ပိုပြီးအခြေအနေကောင်းလာစရာရှိပါတယ်”

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေရဲ့ စစ်ဆင်ရေးတွေကို စစ်ကောင်စီတပ် တုံ့ပြန်နှိမ်နင်းမှုတွေလည်း ပိုပြီး ပြင်းထန်လာလိမ့်မယ်လို့ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။ ဒီလိုတုံ့ပြန်တဲ့နေရာမှာ စစ်ကောင်စီ တပ်က အရပ်သား ထိခိုက်မှုတွေကို ထည့်တွက်မှာမဟုတ်ဘူးလို့ သူက ပြောပါတယ်။

ဒေသတွင်းမီဒီယာတွေ နဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေပေါ်အခြေခံပြီး RFA က ပြုစုထားတဲ့ စာရင်းတွေအရ အောက်တိုဘာလ၂၇ ရက်ကနေနိုဝင်ဘာလ၂၆ ရက်အထိ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးနဲ့ ဆက်စပ်တိုက်ပွဲတွေအတွင်း အရပ်သား ၁၆၈ ဦး သေဆုံးပြီး ၂၄၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းတိုက်ပွဲအတွင်း လက်နက်ကြီးထိမှန် ဒဏ်ရာရသွားသူများအား ပရဟိတအဖွဲ့များမှ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က ဆေးရုံသို့ ပို့ဆောင်ပေးနေစဉ်။ (ဓာတ်ပုံ - မေတ္တာရှင် လူမှုကူညီရေးအသင်း)
ရှမ်းပြည်နယ် မြောက်ပိုင်းတိုက်ပွဲအတွင်း လက်နက်ကြီးထိမှန် ဒဏ်ရာရသွားသူများအား ပရဟိတအဖွဲ့များမှ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က ဆေးရုံသို့ ပို့ဆောင်ပေးနေစဉ်။ (ဓာတ်ပုံ - မေတ္တာရှင် လူမှုကူညီရေးအသင်း)

ထိခိုက်သေဆုံးမှုတွေထဲ ၁၀၂၇ စစ်ဆင်ရေးအခြေပြုတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက အများဆုံးဖြစ်ပြီး တစ်လ အတွင်း အရပ်သား ၇၂ ဦးသေဆုံးပြီး ၁၂၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့ (TWO)တာဝန်ရှိ သူက ပြောပါတယ်။

အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီ နဲ့ လက်နက်ကိုင်တွေအကြား အပြန်အလှန် စွပ်စွဲမှုတွေရှိနေပါတယ်။ ဒေသခံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ အရပ်သားအများစုဟာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့်သေဆုံး ထိခိုက်ခဲ့တာလို့ RFA ကိုပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဒီကနေ့ဖုန်း ခေါ်ခဲ့ ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ အရပ်သားတွေကို တိုက်ခိုက် တာက စစ်ရာဇဝတ်မှု ဖြစ်ပြီး နိုင်ငံတကာက အချိန်မီမတားနိုင်ရင် ပိုပြီးဆိုးရွားတဲ့အခြေအနေတွေ ကြုံလာရနိုင် တယ်လို့ ပြောပါတယ်။

“စစ်ပွဲအတွင်းမှာ အရပ်သားပြည်သူတွေ၊ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ မထိခိုက်အောင် ကာကွယ်ပေးရမယ်ဆိုတာ လူသားချင်းစာနာမှုမှာ ပါဝင်တဲ့အချက်ဖြစ်တယ်။ တကယ်လည်း လိုက်နာရမယ့် အချက်ဖြစ်တယ်။ အခုတော့ စစ်ရေးရည်မှန်းချက်နဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းက နိုင်ငံတကာလူသားချင်း စာနာမှုကို ထိခိုက်ချိုးဖောက်ရုံတင်မကဘဲနဲ့ တကယ့် ရာဇဝတ်မှု ကျူးလွန်မှု ပုံစံဖြစ်ပါတယ်။ နိုင်ငံတကာက ဒါကို အချိန်မီအရေးယူမှုမရှိရင် ဒီထက်ပိုမိုဆိုးရွားတဲ့ တကယ့်ကို ကြေကွဲ ဝမ်းနည်းစရာကောင်းတဲ့ ရာဇဝတ်မှုတွေ ထပ်ဖြစ်လာမယ်။ အကျိုးဆက်ကတော့ ပြည်သူတွေရဲ့ ထိခိုက်နစ်နာမှုက ပိုပြီး များသွားနိုင်ပါတယ်”

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ကလည်း ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း တိုက်ပွဲတွေကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သား သုံးသိန်းကျော် (၃၃၅,၀၀၀) အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ နိုဝင်ဘာလ ၂၃ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။