ကိုရိုနာဗိုင်းရပ်စ်လူနာ များလာမှုကို ရန်ကုန်လူထု ဘယ်လို ရင်ဆိုင်မလဲ
ရန်ကုန်တိုင်းမှာ ကိုကိုကျွန်းမြို့နယ်ကလွဲပြီး အိမ်အတွင်းမှာပဲနေထိုင်ကြဖို့ အမိန့်ကို မနေ့ကစပြီး လိုက်နာကြဖို့ အမိန့်ထုတ်ပြန်ခဲ့ရာမှာ တချို့က မလိုက်နာဘဲ အရင်ကအတိုင်း ဆက်လက်သွားလာနေကြတယ်လို့ သိရပါတယ်။
-
ခင်မောင်စိုး
2020-09-21 -
-
-
ရန်ကုန်တိုင်းမှာ ကိုကိုကျွန်းမြို့နယ်ကလွဲပြီး အိမ်အတွင်းမှာပဲနေထိုင်ကြဖို့ အမိန့်ကို မနေ့ကစပြီး လိုက်နာကြဖို့ အမိန့်ထုတ်ပြန်ခဲ့ရာမှာ တချို့က မလိုက်နာဘဲ အရင်ကအတိုင်း ဆက်လက်သွားလာနေကြတယ်လို့ သိရပါတယ်။ ဒီအတောအတွင်း ကူးစက်သူအားလုံးကို စောင့်ကြည့်ကုသရေးစခန်းတွေမှာ လက်ခံဖို့နေရာ အခက်အခဲပေါ်လာနိုင်တယ်လို့ သုံးသပ်ပြောဆိုမှုတွေလည်း ရှိပါတယ်။
ရန်ကုန်တိုင်းမှာ မနေ့ကစပြီး နောက်လ ၇ ရက်အထိ မလွဲသာကိစ္စမှလွဲပြီး မိမိတို့ အိမ်အတွင်းမှာပဲ နေထိုင်ကြဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။ ဒီအမိန့်ကို တချို့က လိုက်နာပေမယ့် တချို့လည်း စားဝတ်နေရေးအတွက် မလွဲမရှောင်သာဘဲ အပြင်ထွက်နေကြတယ်လို့ သာကေတမြို့နယ်မှာ နေထိုင်တဲ့ အငှားယာဉ်မောင်းသူ ကိုဝင်းထွန်း က RFA ကိုပြောပါတယ်။
“မလိုအပ်ဘဲ သွားလာနေတဲ့လူ ၂ဝ ရာခိုင်နှုန်းလောက်ရှိတယ် ကျန်တဲ့ ၈ဝ ရာခိုင်နှုန်းကတော့ လုံးဝလိုအပ်လို့ မိသားစုစားဝတ်နေရေးအတွက်ကို ဖြစ်ရင်လည်းဖြစ် မတတ်နိုင်တော့ဘူးဆိုပြီး အရဲစွန့်ပြီး သွားနေရတာပေါ့။ ရောဂါကို မကြောက်လို့မဟုတ်ဘူး။ ကျနော့်အနေနဲ့ အိမ်လခ ရှိတယ်။ ကားအုံနာကြေးရှိတယ်။ မိသားစုစားဝတ်နေရေးရှိတယ်။ အဲ့လို ရှာနေရတဲ့အချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ mask ကိုတော့ အတတ်နိုင်ဆုံး အိမ်ကနေထွက်ကတည်းက လုံးဝမချွတ်ဘူး။ ပိုက်ဆံတခုခုကိုင်ပြီးတိုင်း တခြားအပြင်ကပစ္စည်း တခုခု ကိုင်ပြီးတိုင်း လက်ကို အတတ်နိုင်ဆုံးဆေးတယ်။ အိမ်ပြန်ရောက်ရင်လဲ အဝတ်အစားကို လျှော်မဲ့ထဲ တခါထဲထည့် လက်ကိုဆပ်ပြာနဲ့ဆေး ကိုယ်နိုင်သလောက်လုပ်တယ်။”
တောင်ဒဂုံမြို့နယ်မှာ နေထိုင်ပြီး ဆေးခန်းဖွင့်ထားတဲ့ ဒေါက်တာ ကြည်ဇော်ဝင်းကတော့ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်ကို လိုက်နာသူများပါတယ်လို့ ပြောပါတယ်။
“စားဝတ်နေရေးအရ ထွက်ကောင်းထွက်မှာပေါ့လေ၊ ဒါပေမယ့်အစိုးရကို ဆန့်ကျင်ပြီးတော့ mask မတပ်တာ မဟုတ်ဘူး၊ မဖြစ်လို့ထွက်ရတာတွေ့ရတယ်။ အားလုံးကတော့ ဒီ second wave ပေါ်မှာ တော်တော် ကြောက်ရွံ့ ထိတ်လန့်နေတာ တွေ့ရတယ်။ ကျနော့်ဆေးခန်းကို လာတဲ့ လူနာတွေက နှာခေါင်းစည်းလည်းတပ်တယ်။ တချို့လူနာတွေက လက်အိတ်တွေနဲ့ လာတာတွေ့ရတယ်”
ကူးစက်ဖြစ်ပွားမှု အလွန်များလာမယ်ဆိုရင် အစိုးရက လက်ခံထားရှိနိုင်တဲ့ ပမာဏကို ကျော်လွန်သွားနိုင်တဲ့ အခက်အခဲရှိနိုင်တယ်လို့ ဒေါက်တာကြည်ဇော်ဝင်း က သုံးသပ်ပြောဆိုပါတယ်။
“ခုကျ case တွေက အရမ်းများလာတဲ့အခါ အစိုးရက တတ်နိုင်သမျှ သုဝဏ္ဍ တို့ ကျိုက်ကဆံတို့မှာ ကိုဗစ်စင်တာတွေ ထပ်ဖွင့်ပေးတယ်။ သို့သော်လည်း တွေ့တဲ့လူနာက တနေ့ကို ၃ဝဝ ကျော် ၄ဝဝ ကျော် ဖြစ်နေတဲ့အခါကျတော့ သူတို့ဆန့်တဲ့လူနာက တရက်စာပဲဖြစ်နေတယ်။ ဆေးရုံဆိုတာက ကာကွယ်ရေးဌာန မဟုတ်ဘူး။ ကုသရေးစင်တာပေါ့နော်။ အခုကျတော့ ဖြစ်တာတွေကို ဆေးရုံတွေကို ကြိုပို့ထားတော့ လက်ခံနိုင်တဲ့အနေအထားနဲ့ ပို့တဲ့လူနာက များနေတဲ့အခါကျတော့ ဆေးရုံမှာလည်း ဝန်ထုပ်ဝန်ပိုးသွားဖြစ်နေတယ်။”
အဲဒီလိုအနေအထားမှာ အရေးပေါ်လူနာမှအပ ကျန်လူနာတွေအနေနဲ့ မိမိတို့နေအိမ်မှာပဲ နေထိုင်မယ်ဆိုရင် ပိုပြီး သင့်တော်မယ်လို့လည်း သူက ပြောပါတယ်။
“ကိုဗစ်လူနာတော်တော်များများ ၉ဝ ရာခိုင်နှုန်းဟာ သူ့ဘာသာသူ ပြန်ပျောက်နိုင်တယ်။ Home quarantine ကို ကျနော်သိပ်ကြိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ hospital quarantine ဒါမှမဟုတ် facility quarantine အဲ့လိုလုပ်တဲ့အခါ အခက်အခဲတွေ အများကြီးရှိတယ်။ ဥပမာ- ရေအခက်အခဲ။ နောက်တခါ ပေးနိုင်တဲ့ဆေးကလည်း တကယ့်တကယ် ကိုဗစ်ပျောက်ဆေးဆိုတာ မရှိသေးတဲ့အတွက် ဗိုက်တာမင် supplement လောက်ပဲပေးနိုင်တယ်။ ဒါတောင် လုံလုံလောက်လောက်မပေးနိုင်ဘူး တနေရာမှာဆိုရင် အကုန်လုံးက ထောင်ကျသလိုဖြစ်နေတဲ့အခါ လူနာတွေအတွက် အဆင်မပြေဘဲ မကျေနပ်တဲ့အသံတွေ ကျနော် ကြားနေရတယ်။ တကယ်တမ်းကျတော့ ပြည်သူတွေက home quarantine ကို ကိုယ့်အသိစိတ်နဲ့ကိုယ် လိုက်နာပြီးနေမယ်ဆိုရင် နေရေးထိုင်ရေး စားရေးသောက်ရေး အကုန်လုံးအဆင်ပြေမယ်လို့ ကျနော်ထင်တယ်။ Positive Case တွေကို အိမ်မှာပဲ home quarantine ထားမယ်။ ဒါပေမဲ့ သူတို့ရဲ့ ဖုန်းနံပါတ်တွေကို ကူးစက်ဆေးရုံ ဥပမာဆိုရင် ဝေဘာဂီက သိနေရမယ်။ ဒီဘက်ကလူနာက အရေးပေါ် အသက်ရှုကြပ်လာပြီဆိုရင် ဆေးရုံက အရေးပေါ်လာခေါ်ပြီး ကုသပေးနိုင်ဖို့ အဆင်ပြေမယ်ဆိုရင် home quarantine က အကောင်းဆုံးပါပဲ”
ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူတွေကို အရေးပေါ်အခြေအနေမှအပ မိမိတို့နေအိမ်တွေမှာပဲ နေထိုင်ဖို့အတွက် တခြားနိုင်ငံတွေမှာလည်း ကျင့်သုံးကြတာတွေ့ရပါတယ်။ အဓိကအားဖြင့်တော့ လျှော့ပေါ့တွက်ဆပြီး နေထိုင်မှုနဲ့ အစိုးရိမ်လွန်မှုဆိုတဲ့ အစွန်း ၂ ဖက်ကို ရှောင်ကျဉ်ပြီး ညွန်ကြားချက်တွေကို တတ်နိုင်သမျှ လိုက်နာကြဖို့ ဆေးပညာရှင်တွေက ထပ်တလဲလဲ တိုက်တွန်းနေကြပါတယ်။