ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း ထိခိုက်မှုရှိလာ

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရတဲ့ လူဦးရေ တနေ့တခြား တိုးလာနေပါတယ်။ ဒီလိုတိုးလာတာနဲ့ အတူ အိမ်ထဲမှာပဲနေကြဖို့ ညွှန်ကြားချက် တွေကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာလည်း ထိခိုက်လာပါတယ်။

ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ YBS ဘတ်စ်ကားတွေကို ၂၀၂၀ မတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရတဲ့ လူဦးရေ တနေ့တခြားတိုးလာနေပါတယ်။ ဒီလိုတိုးလာတာ နဲ့အတူ အိမ်ထဲမှာပဲနေကြဖို့ ညွှန်ကြားချက်တွေကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာလည်း ထိခိုက် လာပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ်ရဲ့ အကျိုးသက်ရောက်မှုဟာ ရန်ကုန်မြို့က လူဦးရေ ၁.၈ သန်း နေ့စဉ် အသုံးပြုနေတဲ့ YBS ယာဉ်လိုင်းမှာပါ ရိုက်ခက်မှုတွေ ရှိလာပါတယ်။

လက်ရှိအချိန်မှာ ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူတွေ YBS ယာဉ်လိုင်း စီးနင်းမှု ၉၀ ရာခိုင်နှုန်း ကျဆင်း သွားတာကြောင့် အခုရက်ပိုင်းတွင်း YBS ယာဉ်လိုင်းတချို့ ကားလိုင်းရပ်နားရမယ့် အခြေအနေကို ရောက်လာ နေပါတယ်။

နေ့စဉ် ကားထွက်တဲ့စရိတ်နဲ့ ယာဉ်မောင်းလုပ်အားခတောင် မရတော့ဘူးလို့ Power Eleven ကုမ္ပဏီရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ကိုတရုတ်လေး က ပြောပါတယ်။

“ဒီလုပ်ငန်းတွေက ဝင်ငွေအပေါ်မှာမှီပြီး လုပ်ရတဲ့အခါကျတော့ ဝင်ငွေမရှိတော့ ဝန်ထမ်းစရိတ်တွေကလည်း မပေးနိုင်ကြတော့ဘူး။ နောက်ပြီး ကားတွေထွက်ရင် နေ့စဉ်ကုန်ကျစရိတ်တွေရှိတယ်။ အဲဒါတွေပေးဖို့ကို ငွေကမဝင် တော့တာ။ ဒီတော့ အလုပ်တွေ တော်တော်များများ ရပ်သွားကြတာပါ။ ပုဂ္ဂလိကတစ်ဦးချင်းပို င်တဲ့ကားတွေကတော့ ပြီးခဲ့တဲ့ ရက်အတော်များများကတည်းက ဝင်ငွေမရလို့ ရပ်သွားကြပြီ။ လက်ရှိက ဘတ်စ်ကား ကုမ္ပဏီတွေလောက်ပဲ တောင့်ခံနေကြတာ။ အဲဒီအခြေအနေကနေ တချို့ယာဉ်လိုင်းတွေ ရပ်လာကြတာ"

အခြေအနေအရ စားဝတ်နေရအတွက် ကိုရိုနာဗိုင်းရပ်စ်ကို အန်တုပြီး အပြင်ထွက် သွားလာနေရတဲ့ ခရီးသည်တွေအတွက် ရသလောက်တောင့်ခံပြီး ယာဉ်လိုင်း ပြေးဆွဲပေးသွားမယ်လို့ ကို တရုတ်လေးက ဆိုပါတယ်။

YBS ယာဉ်လိုင်းတွေ ဆက်လည်ပတ်နိုင်အောင် အစိုးရအနေနဲ့ စက်သုံးဆီ CNG တွေကို လက်တလောကာလမှာ ထောက်ပံ့ပေးဖို့ လိုတယ်လို့ ကိုတရုတ်လေးက ပြောပါတယ်။

ရန်ကုန်မြို့တွင်း ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း တည်ထောင်ထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Omni Focus ကုမ္ပဏီကလည်း ခရီးသည် ကျဆင်းသွားတာအပါအဝင် တခြားအခြေအနေတွေကြောင့် ယာဉ်မောင်းတွေကို လခစားအဖြစ်ကနေ နစ်နာကြေးပေးပြီး ဧပြီလ ၁ ရက်နေ့ကစပြီး ရပ်နားလိုက်ပါတယ်။

နစ်နာကြေးမယူဘဲ ယာဉ်မောင်းအနေနဲ့ ဆက်လုပ်လိုသူတွေကိုတော့ ကော်မရှင်စားအနေနဲ့ ဆက်ခန့်ထားမယ်လို့ Omni Focus တာဝန်ရှိသူက Myanmar Now သတင်းဌာနကို ပြောထားပါတယ်။

ခရီးသည် နည်းပါးသွားတာကြောင့် ယာဉ်မောင်းတွေကို ထုတ်ပယ်လိုက်သလို Omni Focus ကုမ္ပဏီက ပြေးဆွဲနေတဲ့ ယာဉ်လိုင်း ၉ လိုင်းကိုလည်း ရပ်နားသွားမယ်လို့ ဆိုပါတယ်။

Omni Focus ကုမ္ပဏီက  ပြေးဆွဲနေတဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ရန်ကုန်ဘူတာကြီးကို ပြေးဆွဲ နေတဲ့ယာဉ်လိုင်းကိုလည်း ရပ်နားထားပါတယ်။ ဒါကြောင့် Omni Focus က ယာဉ်မောင်း ၃၀၀ ကျော်ဟာ အလုပ် ရပ်နားခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။ အဲဒီထဲက လုပ်သက် ၃ လ ပြည့်ပြီးတဲ့ ယာဉ်မောင်းတွေကို နစ်နာကြေးပေးမယ်လို့ ကုမ္ပဏီက ပြောထားကြောင်း Myanmar Now သတင်းမှာ ရေးသားထားပါတယ်။

ရန်ကုန်မြို့မှာ YBS ယာဉ်လိုင်းတွေ ရပ်တန့်သွားတာတွေ ရှိသလို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့က အထက် ပိုင်းဒေသကို ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ အမြန်ရေယာဉ်တွေအားလုံး ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ပြေးဆွဲမှုတွေကို ယာယီရပ်နားထားပါတယ်။

ရေယာဉ်ပိုင်ရှင်တွေက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြေးဆွဲမှုကို ရပ်နားထားလိုတယ်ဆိုပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရကို လက်မှတ်ထိုး စာတင်ခဲ့ကြတာပါ။

ဧပြီလ ၁ ရက်နေ့ကစပြီး လာမယ့် ဧပြီလ ၂၂ ရက်ထိ ယာယီ ရပ်နားလိုက်တာလို့ မုံရွာမြို့ အခြေစိုက် ငွေဇင်ဦး အမြန်ရေယာဉ်အသင်း တာဝန်ခံ ဦးသောင်းညွှန့်က ပြောပါတယ်။

“ဗိုင်းရပ်စ်ပိုးကြောင်ပေါ့။ အခြေအနေအရ ခရီးသွားပြည်သူတွေ သွားလာမှုနည်းတဲ့အတွက် မပြေးတော့ပါဘူး ဆိုပြီး အသင်းအားလုံးက ရပ်နားပါ့မယ်ဆိုပြီး စာတွေတင်လိုက်ပါတယ်။"

အမြန်ရေယာဉ်တွေ ယာယီရပ်နားထားတယ်ဆိုပေမယ့် အထက်ပိုင်းဒေသမှာရှိတဲ့ ခရီးသွားပြည်သူတွေ သွားလာရေး အဆင်ပြေအောင် ပုံမှန်ဈေးနှုန်းနဲ့ တစ်နေ့ကို အမြန်ရေယာဉ် တစ်စီးထွက်နိုင်ဖို့ စီစဉ်ထားတယ်လို့ ဦးသောင်းညွှန့် ကဆိုပါတယ်။

ချင်းတွင်းမြစ်အတွင်း မုံရွာ - ဟုမ္မလင်း ပြေးဆွဲနေတဲ့ အမြန်ရေယာဉ်တွေဟာ အစီးရေ ၁၂၀ ကျော်ရှိပါတယ်။ နေ့စဉ် အမြန်ရေယာဉ် ၇ စီးခန့် နဲ့ ခရီးသည် ၄၀၀ ကျော်ကို တင်ဆောင် ပြေးဆွဲပေးနေတာဖြစ်ပါတယ်။

လတ်တလောမှာ ခရီးသွားလာမှုနည်းပါးတာကြောင့် ရန်ကုန်ဘူတာကြီးက နေ့စဉ် အမြန်ရထား ခုနှစ်စင်းနဲ့ ခရီးဝေးပြေးဆွဲပေးနေတဲ့ ရထားတွေက လူစီးတွဲလျော့သွားမှုတွေနဲ့ ပြေးဆွဲနေတဲ့  ရထားစီးရေလျော့ချမှုတွေ လုပ်နေရတယ်လို့  မြန်မာ့မီးရထား စီးပွာရေးဌာန အထွေထွေမန်နေဂျာ ဦးညိုဦး ကပြောပါတယ်။

“ရထားတွေက သုံးစီးလောက်ပြေးတဲ့နေရာတွေမှာ နှစ်စီးလောက်ပဲ ပြေးတော့တယ်။ တချို့ရထားတွေ ဖြတ်ထား တာရှိပါတယ် ။ နေပြည်တော်နဲ့ မန္တလေးပြေးနေတဲ့ ၂၅၊ ၂၆ ဆို ကျွန်တော်တို့ဖြတ်ထားတယ်။ မန္တလေးနဲ့ မုံရွာ ပြေးတဲ့ရထားလည်းဖြတ်ထားတယ်။ မန္တလေးနဲ့ ကောလင်းပြေးတဲ့ရထားဖြတ်ထားတယ်။ အခြေအနေအပေါ် မူတည်ပြီး ရထား ရှစ်စင်းလောက် ဖြတ်ထားတယ်။ မန္တလေးနဲ့ လားရှိုးပြေးတဲ့ ရထားတွေဆို ရက်ခြားပြေးပေး တယ်။ တချို့ရထားတွေဆို ခုံမဲ့ လုံးဝမရောင်းတော့ဘူး"


မြန်မာပြည်မှာ လာမယ့် သီတင်းပတ်အတွင်း ကိုရိုနာရောဂါ ကူးစက်မှု အခြေအနေပိုဆိုးလာနိုင်တာကြောင့် ဒီရောဂါကို ကာကွယ်ဖို့အတွက် ပြည်သူတွေ အရေးကြီးကိစ္စမရှိဘဲ ခရီးမသွားဖို့နဲ့ နေအိမ်က အပြင်မထွက်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org