ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချဖို့ စစ်ကောင်စီ ကြိုးပမ်းနေသလား

နေပြည်တော်အချုပ်ထောင်မှာ အကျဉ်းကျနေရတဲ့ အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီရဲ့ ထိပ်တန်းအရာရှိတွေက သွားရောက်တွေ့ဆုံခဲ့တယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေက ဇွန်လ ၁၂ ရက်နေ့က RFA ကိုပြောပါတယ်။

စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို မေလ ၂၇ ရက်နဲ့ ဇွန်လ ၄ ရက်နေ့တွေမှာ နေပြည်တော်အချုပ်ထောင်ထဲအထိ နှစ်ကြိမ်တိုင် သွားရောက်တွေ့ဆုံခဲ့တယ်လို့ လေ့လာစောင့်ကြည့်နေတဲ့ နေပြည်တော်မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

ဦးသန်းစိုးနိုင်-"ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်ကောင်စီ အနေနဲ့ အာဏာသိမ်းမှုကို မှားကြောင်းဝန်ခံပြီးတော့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်တွေကို ပြန်အကောင်အထည် ဖော်မယ်ဆိုရင်တော့ လက်ခံကောင်းလက်ခံပါလိမ့်မယ်။"

လက်ရှိနိုင်ငံရေး အခင်းအကျင်းနဲ့ ငြိမ်းချမ်းရေးကိစ္စတွေမှာ ဝင်ရောက်ကူညီဆောင်ရွက်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေကို တားဆီးပေးဖို့ စစ်ဗိုလ်ချုပ်တွေက ပြောဆိုဆွေးနွေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ဘာမှတ်ချက်မှ ပြန်မပေးဘူးလို့ သိရကြောင်း အဲ့ဒီသတင်းအရင်းအမြစ်က ပြောပါတယ်။

အဲဒီတွေ့ဆုံပွဲနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

NLD ပါတီရဲ့ ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင် ဦးကျော်ထွေးကတော့ တွေ့ဆုံဆွေးနွေးခဲ့တာကို တိတိကျကျ သိမထားပေမယ့် မြန်မာ့နိုင်ငံရေးအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချန်လှပ်ထားလို့ မရတာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“သွားရောက်တွေ့ဆုံတယ်ဆိုတာ ကျွန်တော်တို့ သတင်းတွေပေါ်မှာပဲ သိရတာ။ တိတိကျကျတော့မသိပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီးတော့ စစ်အာဏာသိမ်းလိုက်တဲ့ ကိစ္စကြောင့် အခုနောက်ဆက်တွဲ ပြဿနာတွေက အကုန်ဖြစ်ပေါ်လာကြတာ။ စစ်ကောင်စီမှာပဲ တာဝန်အလုံးစုံရှိပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ လက်ရှိအခြေအနေမှာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ ချန်လှပ်ထားပြီးတော့ ဆောင်ရွက်လို့ကတော့ ဘယ်လိုမှ လက်တွေ့ကျတဲ့ ဖြေရှင်းမှုဖြစ်မှာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အုပ်စုကိုပဲ ရည်ရွယ်တာမဟုတ်ပါဘူး။ တခြားသော မြန်မာ့မိတ်ဆွေ နိုင်ငံတွေအားလုံးလည်း ပြဿနာပြေလည်ရေးအတွက် ကြိုးပမ်းနေတဲ့ နိုင်ငံတွေကို ရည်ညွှန်းရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးမှုမပါဘဲနဲ့ ပြေလည်ရေးလမ်းစ ရရှိမှာမဟုတ်ဘူးလို့ ကျွန်တော်တို့ အနေနဲ့ ယုံကြည်ပါတယ်။”

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကတော့ စစ်ကောင်စီနဲ့နီးစပ်တဲ့ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် သဘာဝရိပ်သာ ဆရာတော် ဦးဥတ္တမသာရက NLD ပါတီ နာယက သူရဦးတင်ဦးကို သွားရောက်တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရေးက အနားယူပြီး ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ကူညီလုပ်ဆောင်ဖို့ သွားရောက်ပြောဆိုခဲ့ပါတယ်။

“သူ့အနေနဲ့ နိုင်ငံသိကမ္ဘာသိသြဇာသိ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့အခါ ငြိမ်းချမ်းရေးပဲလုပ်မယ်ဆိုရင် အများစုက လိုက်လုပ်ကြမှာပေါ့။ လူသိများတာရယ်၊ ကောင်းတဲ့ အရည်အချင်းတွေအများကြီးရှိတဲ့အခါမှာ ရာထူးအာဏာယူမှ ရွေးကောက်ပွဲဝင်မှ မဟုတ်ဘူး။ သူ့ရဲထင်ပေါ်ကျော်ကြားမှုနဲ့ တိုင်းပြည်အကျိုးကို ဆောင်ရွက်လို့ရမယ်လို့ ယုံကြည်တယ်”

utinoo.jpg
၂ဝ၂၃ ခုနှစ် ဇွန်လ ၈ ရက်နေ့က NLD ပါတီ နာယက သူရဦးတင်ဦးအား သဘာဝရိပ်သာဆရာတော် ဦးဥတ္တမသာရ သွားရောက်တွေ့ဆုံခဲ့စဉ်။ (Photo: Thabarwa Live)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကူအညီကိုရဖို့ စစ်ကောင်စီက အခုလိုကြိုးပမ်းနေတာတွေဟာ လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ စစ်ကောင်စီက အဖက်ဖက်က ကျဆုံးနေပြီး မထိန်းချုပ်နိုင်တော့တာကို ပြသနေတာလို့ နိုင်ငံရေးအကဲခတ်တွေက မှတ်ချက်ပြုပါတယ်။

CDM အရာရှိ ဗိုလ်ကြီး ညီသုတ- "တစိုက်မတ်မတ် အကြမ်းမဖက်လမ်းစဉ်ကို ကိုင်စွဲလာတာဖြစ်လို့ စစ်ကောင်စီက ဒီအကြမ်းမဖက်လမ်းစဉ်ရဲ့ အားနည်းချက်ကို အသုံးချချင်ပုံရပါတယ်။”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးကနေ ဖယ်ထုတ်ပြီး ငြိမ်းချမ်းရေးမှာထည့်သုံးဖို့ ကြိုးစားတာကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“နိုင်ငံရေးအရ အနားယူပြီး ဗမာပြည်ရဲ့ငြိမ်းချမ်းရေးကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးလုပ်စေချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးလုပ်လို့ရှိရင် လူထုကလည်း လက်ခံမှာသေချာတယ်ဆိုတဲ့ သဘောထားနဲ့ ပြောတာပါ။ ဒီသဘောထားမျိုးကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဘုန်းတော်ကြီးတစ်ပါးလည်း သွားတွေ့ပြောတယ်လို့ ကြားရပါတယ်။ နိုင်ငံရေးထဲမှာ ဒေါ်အောင်ဆန်းစုကြည်မပါပါနဲ့ ငြိမ်းချမ်းရေးပဲ လုပ်ပါလို့ ပြောတာဟာ အတွင်းသဘောက အတော့်ကို အဓိပ္ပါယ်မရှိတဲ့ တောင်းဆိုချက်ဖြစ်ပါတယ်။ ဒီတောင်းဆိုချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က လိုက်လျောမယ်လို့ မထင်ပါဘူး။ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်ကောင်စီ အနေနဲ့ ဖေဖော်ဝါရီလ တစ်ရက်နေ့ စစ်အာဏာသိမ်းမှုကို မှားကြောင်းဝန်ခံပြီးတော့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်တွေကို စစ်ကောင်စီက ပြန်ပြီးတော့ အကောင်အထည် ဖော်မယ်ဆိုရင်တော့ လက်ခံကောင်းလက်ခံပါလိမ့်မယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းမဖက်လမ်းစဉ်ကို တစိုက် မတ်မတ်ကျင့်သုံးခဲ့ပြီး လက်ရှိမှာ စစ်ကောင်စီဟာ အကြမ်းမဖက်လမ်းစဉ်ရဲ့ အားနည်းချက်ကို အသုံးချချင်တဲ့ပုံစံရှိတယ်လို့ CDM စစ်အရာရှိ ဗိုလ်ကြီး ညီသုတ ကပြောပါတယ်။

“၁၉၈၈ တုန်းက တိုင်းပြည်ကို အာဏာသိမ်းပြီး နိုင်ငံရေးခေါင်းဆောင်တွေကို ထောင်ချခဲ့တဲ့ အချိန်မှာတုန်းကတောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းမဖက် လမ်းစဉ်ကို တစိုက်မတ်မတ် ကိုင်စွဲခဲ့တယ်။ အဲ့ဒီနောက်ပိုင်းမှာလည်း လက်နက်ကိုင်တဲ့ အဖွဲ့တွေရှိပေမယ့်လည်း လက်နက်ကိုင်တဲ့ အဖွဲ့တွေနဲ့ ပြည်တွင်းမှာရှိနေတဲ့ ပါတီနိုင်ငံရေးကို သီးခြားဖြစ်တဲ့ ပုံစံမျိုးနဲ့ သွားခဲ့တာ တွေ့ရတယ်။ ဒီလိုမျိုးနိုင်ငံရေးကို တစိုက်မတ်မတ် အကြမ်းမဖက်လမ်းစဉ်ကို ကိုင်စွဲလာတာဖြစ်လို့ စစ်ကောင်စီက ဒီအကြမ်းမဖက်လမ်းစဉ်ရဲ့ အားနည်းချက်ကို အသုံးချချင်ပုံရပါတယ်။”

dassk (2).jpg
၂ဝ၁၂ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က အမေရိကန်နိုင်ငံခရီးစဉ်အပြီး ရန်ကုန်လေဆိပ်ကို ပြန်လည်ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်နှင့် ကြိုဆိုနေကြသူများ။ (Photo: AFP) (SOE THAN WIN/AFP)

အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတစ်ဝန်းမှာ ပြည်သူတွေ မတရားအကြမ်းဖက် သတ်ဖြတ်ခံနေရတဲ့ အဖြစ်အပျက် မျိုးစုံကို အလုံးစုံသိရှိမှာ မဟုတ်ဘူးလို့ လေ့လာသူတွေက ကောက်ချက်ချပါတယ်။

စစ်တပ်အရာရှိတွေနဲ့ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က ဦးသိန်းထွန်းဦးကတော့...

“သွားတွေ့တယ်ဆိုတဲ့ အသံကြားတော့ ကျွန်တော်တောင်နည်းနည်းအံ့သြသွားတယ်။ တော်တော်များများ ထင်ကြတာ။ လက်ရှိ လက်နက်ကိုင်ပဋိပက္ခများလာတယ်။ PDF တွေလည်းလှုပ်ရှားမှုများလာတယ်ဆိုတော့ အဲ့ဒါနဲ့ ပတ်သက်ပြီးလည်း တချို့တွေ သွားတွေ့တယ်လို့ ထင်ကောင်းထင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အမြင်အရ အဲ့ဒါမျိုးဖြစ်ဖို့ကတော့ တော်တော်လေးခဲယဉ်းတယ်။ ခက်တာက သတင်းကထွက်လာတော့ မှန်လားမမှန်လားတော့ အချိန်တစ်ခု ယူပြီး စောင့်ကြည့်ရမှာပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေကတော့ ဒီတွေ့ဆုံမှုနဲ့ ပတ်သက်လို့ မသိရသေးကြောင်း ပြောဆိုကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ဟာ သူနဲ့လူချင်းတွေ့ဆုံခွင့်ရဖို့ နေပြည်တော်အကျဉ်းဦးစီးဌာနကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်ကတည်းက တရားဝင်စာတင်ပြီး တွေ့ခွင့်တောင်းထားပေမယ့် ဒီနေ့ထိတွေ့ဆုံခွင့်မရသေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း စစ်ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ အတည်မပြုနိုင်သေးတဲ့အတွက် သဘောထားမှတ်ချက်ပေးဖို့ စောနေသေးတယ်လို့ ပြောပါတယ်။

အကျဉ်းဦးစီးဌာန ပြောခွင့်ရ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းနဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီကစွပ်စွဲတဲ့ အမှုပေါင်း ၁၉ အမှုအတွက် ထောင်ဒဏ် ၃၃ နှစ်ကျခံနေရပြီး နေပြည်တော်အချုပ်ထောင်တွင်းက အဆောက်အအုံတစ်ခုမှာ တစ်ဦးတည်း သီးခြားထိန်းသိမ်းခံထားရပါတယ်။