စစ်တွေနဲ့ ကျောက်ဖြူလေဆိပ်မှာ ဒေသခံ ခြောက်ရာခန့် ဖမ်းဆီးစစ်ဆေးခံနေရ

RFA Burmese
2024.02.20
စစ်တွေနဲ့ ကျောက်ဖြူလေဆိပ်မှာ ဒေသခံ ခြောက်ရာခန့် ဖမ်းဆီးစစ်ဆေးခံနေရ ရန်ကုန်မြို့သို့ ထွက်ခွာရန် စောင့်ဆိုင်းနေသည့် ဒေသခံအချို့အား စစ်တွေ လေဆိပ်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်မြို့ကနေ စစ်တွေနဲ့ ကျောက်ဖြူကို လေယာဉ်နဲ့ပြန်လာတဲ့ ခရီးသည် ခြောက်ရာနီးပါး ဖေဖော်ဝါရီ ၁၉ ရက်မနေ့က လေဆိပ်အရောက်မှာပဲ စစ်ကောင်စီတပ်သားတွေ ဖမ်းသွားတယ်လို့ ဖမ်းဆီးခံလိုက်ရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

စစ်တွေလေဆိပ်ကိုရောက်လာတဲ့ ခရီးသည်ငါးရာနီးပါးကို စစ်ကောင်စီတပ်စခန်းရှိတဲ့ လောကနန္ဒာဘုရားနဲ့ ကျောက်ဖြူကိုလာတဲ့ ခရီးသည်ခြောက်ဆယ်ကျော်ကိုတော့ မြို့တော်ခန်းမဖြစ်တဲ့ ရမ္မာဝတီခန်းမမှာ ဖမ်းဆီးစစ်ဆေးနေတာလို့ ဆိုပါတယ်။

"သူတို့အမြင်မှာ ဒီကိုလာရင် (AA) ကို ပူးပေါင်းဖို့လာတယ်။ လာကြတယ်ဆိုတဲ့ မလုံတဲ့စိတ်တွေနဲ့ ဖမ်းတာပေါ့"

အဲဒီအထဲက သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အထောက်အထား ခိုင်ခိုင်မာမာ ပြနိုင်သူတချို့ကို မနေ့က ပြန်လွှတ်ပေးပေမယ့် အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

ဖမ်းဆီးစစ်ဆေးခံနေရတာကိုပဲ သိရပြီး အဆက်အသွယ်မရတာကြောင့် မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ အမည်မဖော်လိုတဲ့ စစ်တွေလေဆိပ်မှာ ဖမ်းဆီးခံရသူတစ်ဦးရဲ့ မိသားစုဝင်က RFA ကို ပြောပါတယ်။

“ရန်ကုန် - စစ်တွေလေယာဉ်ကနေဆင်းတဲ့ ခရီးသည်တွေအကုန်လုံးကို လေယာဉ်ဆင်းဆင်းချင်း ကားနဲ့ လောကနန္ဒာဘုရားကို စစ်ဆေးဖို့ဆိုပြီး ကားနဲ့ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။ လူဦးရေများတယ်လို့ ကြားရတယ်။ လူဦးရေ လေးရာကျော်၊ ငါးရာနီးပါးလောက်ရှိတယ်လို့ ကြားရတယ်။ ဘာတွေကို စစ်ဆေးနေလဲတော့ ဘာမှမသိရသေးပါဘူး။ ကိုယ်ဝန်ဆောင် မိခင်တွေ၊ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေကိုတော့ ပြန်လွှတ်လိုက်တယ်လို့ သတင်းရပါတယ်။ အခု ဆက်သွယ်လို့မရတော့ မိသားစုဝင်တွေ အကုန်လုံး စိတ်ပူနေကြပါတယ်”

စစ်တွေကို စစ်ကောင်စီတပ်က ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားသလို လောကနန္ဒာဘုရား ဝန်းကျင်မှာလည်း စစ်ကောင်စီတပ်သားတွေ နေရာယူထားပြီး အရပ်သားတွေကို ဝင်ခွင့်မပြုဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ကျောက်ဖြူမြို့မှာလည်း မနေ့က လေယာဉ်လာတဲ့ ခရီးသည်တွေ ဖမ်းဆီးစစ်ဆေးခံနေရပြီး အဲဒီအထဲက ရမ်းဗြဲမြို့ခံတစ်ဦးကိုတော့ လက်ထိပ်ခတ်ပြီး စစ်တပ်ထဲကို ခေါ်သွားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကောင်စီတပ်ကနေပြီး လေယာဉ်နဲ့လာတဲ့ ခရီးသည်တွေကို ကားပေါ်တင်ပြီးတော့ မြို့တော်ခန်းမ ရမ္မာဝတီ ခန်းမထဲကို တစ်ခါတည်းခေါ်သွားတာ သိရတယ်။ စစ်ဆေးစရာရှိတယ်ဆိုပြီး အဲဒီမှာထားတယ်။ တချို့ မြို့ပေါ်က လူတွေကတော့ မိသားစုတွေ အိမ်ထောင်စုစာရင်း ပြနိုင်လို့ရှိရင်တော့ ပြန်ပြီးလွှတ်ပေးလိုက်တာ တွေ့ရတယ်။ နယ်ကလူတွေကိုတော့ ပြန်မလွှတ်ဘူး။ အဲဒီအထဲမှာတော့ ရမ်းဗြဲက တစ်ယောက်ကိုတော့ စခေါ်ကတည်းက လက်ထိပ်ခတ်ပြီး စစ်တပ်ကို တစ်ခါတည်း ဖမ်းခေါ်သွားတယ်လို့ သိရတယ်”

ရခိုင်မှာ တိုက်ပွဲစဖြစ်ချိန်ကတည်းက ကုန်းလမ်းနဲ့ ရေလမ်းကို စစ်ကောင်စီတပ်က ပိတ်ထားတာကြောင့် ဒေသခံတွေအနေနဲ့ လေကြောင်းကိုပဲ အားကိုးနေရတာပါ။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် ရန်ကုန်မြို့မှာ အလုပ်လုပ်နေတဲ့ ရခိုင်တွေနဲ့ ပညာသင်နေတဲ့ ရခိုင်လူငယ်တွေကို ဧည့်စာရင်းမပေးတော့ဘဲ နေရပ်ပြန်ခိုင်းတာအပြင် ဖမ်းဆီးခံရမှာကို စိုးရိမ်တာကြောင့် ရခိုင်ဘက် ပြန်သူတွေ ပိုများလာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

နေရပ်ပြန်ချိန်မှာလည်း လက်နက်ကိုင်အင်အားစုတွေနဲ့ ပူးပေါင်းမယ်လို့ စွပ်စွဲချက်နဲ့ လေဆိပ်မှာတင် ဖမ်းဆီးတာ လုပ်လာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"ရန်ကုန်မှာနေတဲ့ ရခိုင်လူမျိုးတွေကို ရခိုင်ပြည်နယ်ကိုပြန် ဒီဘက်ကနေ ဖိအားပေးပြီး မောင်းထုတ်တယ်။ များသောအားဖြင့် နယ်ကလူတွေက ဧည့်စာရင်းနဲ့ နေတာများတယ်။ ဧည့်စာရင်းတွေကို မပေးဘူး ပိတ်တယ်။ မပေးဘူး ပြန်ဆိုပြီး လုပ်တယ်။ မင်းတို့ဒေသမှာ စစ်မှုထမ်းဖို့ စာရင်းကောက်နေပြီ မင်းတို့ပြန်ရမယ်ဆိုပြီး လုပ်တယ်။ ကလေးတွေက ပညာရေးတွေ၊ အလုပ်အကိုင်တွေ တစ်ပိုင်းတစ်စနဲ့ သက်ဆိုင်ရာ ပြည်နယ်ကို ပြန်ကြရတယ်။ ပြန်ကြတော့လည်း ဒီကထောက်ခံချက် တောင်းရတာ။ ပြန်ပါ့မယ်ဆိုတဲ့ ထောက်ခံချက်။ သူတို့ ထောက်ခံချက် ထုတ်ပေးလိုက်တယ်။ ထောက်ခံချက် ပေးတယ်၊ ပြတယ် ဒါလည်းမရဘူး။ သူတို့အမြင်မှာ ဒီကိုလာရင် (AA) ကို ပူးပေါင်းဖို့လာတယ်။ လာကြတယ်ဆိုတဲ့ မလုံတဲ့စိတ်တွေနဲ့ ဖမ်းတာပေါ့"

ရခိုင်ပြည်နယ် ကျောက်ဖြူလေဆိပ်အား တွေ့ရစဥ်။ (Photo: Winnet Myanmar)
ရခိုင်ပြည်နယ် ကျောက်ဖြူလေဆိပ်အား တွေ့ရစဥ်။ (Photo: Winnet Myanmar)

ရန်ကုန် - မန္တလေး အမြန်လမ်းမ၊ မန္တလေး - မြစ်ကြီးနား၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်စတဲ့ ဒေသအသီးသီးကို သွားတဲ့လမ်းမတွေမှာလည်း စစ်ကောင်စီတပ်က စစ်ဆေးမေးမြန်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လူငယ်တချို့ကို ဖမ်းဆီးထားတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရသူ အရေအတွက်ကို ဒေသခံတွေအနေနဲ့ အတိအကျမသိရသေးလို RFA အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အခုလို ဖမ်းဆီးစစ်ဆေးနေတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားပါတယ်။

ရခိုင်မှာ သုံးလတာတိုက်ပွဲအတွင်း ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ တောင်ပြိုမြို့နဲ့ ချင်းပြည်နယ် ပလက်၀မြို့တွေကို (AA) သိမ်းပိုက်ထားပြီး မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ရမ်းဗြဲမြို့တွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။