ပခုက္ကူမှာ ပြန်ပေးဆွဲခံရတဲ့ တရုတ်နိုင်ငံသူနဲ့ မန်နေဂျာကို ကျပ်သိန်းနှစ်ထောင်နဲ့ ပြန်ရွေးခဲ့ရ
2023.02.03

တော်လှန်ရေးအဖွဲ့ တစ်ခုက ပြန်ပေးဆွဲခဲ့တဲ့ မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံ ရွာမှာရှိတဲ့ Myanmar Effort အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံသူနဲ့ မန်နေဂျာကို ကျပ်သိန်းနှစ်ထောင်နဲ့ ပြန်ရွေးခဲ့ရပြီး နှစ်ရက်အကြာမှာ ပြန်လွတ်လာတယ်လို့ ဒေသခံတွေနဲ့ စက်ရုံဝန်ထမ်းတွေက ပြောပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့က လက်နက်ကိုင်အဖွဲ့၀င်ခုနစ်ဦးဟာ တရုတ် နိုင်ငံသားပိုင် Myanmar Effort အထည်ချုပ်စက်ရုံထဲကို ဝင်ရောက်ပြီး အဲဒီစက်ရုံမှာရှိတဲ့ တရုတ်နိုင်ငံသူ အထည်ချုပ်ပညာရှင် Ms.GU ZHEN ZHEN နဲ့ မန်နေဂျာဖြစ်သူ ကိုမျိုးဇင်ဝင်းတို့ကို ဖမ်းဆီးခဲ့တာပါ။
ဒါ့အပြင် စက်ရုံထဲက တရုတ်နိုင်ငံသားနှစ်ဦးနဲ့ လုံခြုံရေးဝန်ထမ်း တစ်ဦးကိုလည်း ရိုက်နှက်သွားတာကြောင့် ဒဏ်ရာရခဲ့တယ်လို့ စက်ရုံ၀န်ထမ်းတွေက ပြောပါတယ်။
အဖမ်းခံရပြီး နောက်တစ်နေ့မှာ အဲဒီအဖွဲ့ထံ ငွေကျပ်သိန်းနှစ်ထောင် သွားပေးခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စက်ရုံဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။
"၂၇ ရက်နေ့ နေ့ခင်းပိုင်းသွားပေးတာ။ အကုန် သိန်းနှစ်ထောင်ပါဗျ။ အခုလက်ရှိ ကျန်းမာရေး ကောင်းပါတယ်။ ဘယ်အဖွဲ့အစည်းကလဲဆိုတာ ကျနော်လည်းမသိဘူးဗျ။ ညှိတဲ့အချိန်ကျ ကျနော်မပါဘူးဗျ။ ငွေသွားပို့တာက ကိုယ်က လုံခြုံရေးတာဝန် ထမ်းဆောင်တာအရရော ကျနော်က သူတို့ကိုသွားရွေးပေးတာပေါ့။ ကျနော်တို့စိတ်ထဲမှာ ပိုက်ဆံသွားပေး ကိုယ့်လူပြန်ရမယ် အဲလိုပဲတွေးပြီး သွားတာပါဗျ "
ဝန်ထမ်းတစ်ထောင်ဝန်းကျင်နဲ့ လည်ပတ်နေတဲ့ အဲဒီစက်ရုံမှာ လက်ရှိ လုံခြုံရေးအတွက် စက်ရုံကဝန်ထမ်းတွေပဲ ဆက်လက်တာဝန်ယူနေတယ်လို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ်ကလည်း အဲဒီစက်ရုံရှေ့မှာ အသံဗုံးနှစ်ကြိမ် ပေါက်ကွဲခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူကတော့ တရုတ်နိုင်ငံသားတွေကို ဖမ်းခဲ့တဲ့အဖွဲ့နဲ့ တွေ့ဆုံ ညှိနှိုင်းပြီး ပြန်လွှတ်ပေးလိုက်တာလို့ RFA ကို ပြောပါတယ်။
"တရုတ်နိူင်ငံသားတွေက လွတ်သွားပြီဗျ။ ဖမ်းတဲ့ဆီးတဲ့အဖွဲ့တွေကို မြို့နယ် ပကဖ ကနေပြီးတော့ ဒီလိုတွေ မလုပ်ဖို့နဲ့ ပြန်ခေါ်ပြီးတော့ လွှတ်ပေးလိုက်တာပေါ့။ စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူတွေကို ဒီလိုတွေ ထိန်းသိမ်းတာ မလုပ်ဖို့နဲ့ ပိုက်ဆံ မတောင်းဖို့ပေါ့နော်။ အဲလို ပြောပြီးတော့ နောက်ပြီးတော့ ဒီလွှတ်လိုက်တဲ့ သူတွေကိုလည်း ကျနော်တို့အနေနဲ့ ဒီဟာတွေက လမ်းစဉ်နဲ့မညီဘူးဆိုတာတွေ ပြောပြပြီးတော့ သူတို့ကိုလည်း နားလည်အောင် ပြောပြပြီးတော့မှ ကျနော်တို့က လွှတ်လိုက်တယ်ပေါ့ "
မြို့နယ်ကာကွယ်ရေးအဖွဲ့အနေနဲ့ ဖမ်းခဲ့တဲ့အဖွဲ့ကို အပြစ်ပေးအရေးယူမယ်ဆိုတဲ့ အကြောင်းပါ ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဖမ်းဆီးတဲ့အဖွဲ့ရဲ့အမည်ကို လတ်တလော ပြောလို့မရသေးဘဲ ဒေသအခြေစိုက် အဖွဲ့တွေနဲ့ တိုင်ပင်ပြီးမှ တရားဝင်စာထုတ်ပြန်ပေးမယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။
"ဖမ်းတဲ့ဆီးတဲ့အဖွဲ့တွေကို မြို့နယ် ပကဖ ကနေပြီးတော့ ဒီလိုတွေ မလုပ်ဖို့နဲ့ ပြန်ခေါ်ပြီးတော့ လွှတ်ပေးလိုက်တာပေါ့။"
တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးခဲ့တဲ့အဖွဲ့နဲ့ နီးစပ်သူတွေကတော့ တရုတ် အထည်ချုပ် စက်ရုံဟာ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အဲဒီအဖွဲ့က ယူဆပြီး အခုလိုဖမ်းဆီးခဲ့တာသလို ဇန်နဝါရီလ ၂၈ ရက်နေ့ညနေပိုင်း မြို့အနီးကိုရောက်အောင် ပို့ဆောင်ပေးခဲ့တယ်လို့ RFA ကို ပြောပါတယ်။
ပခုက္ကူအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကတော့ ဒီဖမ်းဆီးမှုကို လက်မခံကြောင်းနဲ့ ဒီကိစ္စကြောင့် NUG အနေနဲ့ ဒေသအခြေစိုက်အဖွဲ့တွေကို လက်နက် တပ်ဆင်ပေးဖို့ ကြန့်ကြာသွားနိုင်တယ်လို့ သုံးသပ်ပါတယ်။
"ကျနော်တို့က ဒါမျိုးကျတော့ အမှန်အတိုင်းပြောရရင် လက်မခံနိုင်ဘူး။ ကျနော်တို့မှာ သံရေးတမန်ရေးတွေက ရှိသေးတယ်လေ။ သူတို့က ပခုက္ကူအခြေစိုက်ဖြစ်ရင် ပခုက္ကူအခြေစိုက်မှာရှိတဲ့ အဖွဲ့တွေအကုန်လုံးက အများကြီး သိတယ်မဟုတ်လား။ စစ်ရေးအရရော လက်နက်တပ်ဆင်ပေးဖို့ရာ ကြန့်ကြာသွားနိုင်တယ်။ စစ်ကောင်စီမှာလည်း မကောင်းတဲ့သူ မမှန်ကန်တဲ့သူရှိသလို ကျနော်တို့ ကာကွယ်ရေး တပ်ဖွဲ့တွေမှာလည်း တချို့နည်းလမ်းမမှန်တဲ့ အဖွဲ့အစည်းတွေ ရှိကောင်းရှိလိမ့်မယ် ပေါ့နော် "
သူတို့အဖွဲ့အနေနဲ့လည်း လက်ရှိ NUG လက်အောက်ကနေ မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ရေးပစ်မှတ်မဟုတ်တာကို ထိခိုက်အောင် လုပ်ဆောင်နေသူတွေ အပေါ် အရေးယူဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။
တရုတ်ရေးရာကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကတော့ တရုတ်နိုင်ငံအနေနဲ့ သူ့နိုင်ငံသားတွေကို ပဋိပက္ခ ဖြစ်နေတဲ့ နိုင်ငံတွေသွားရင် သတိထားဖို့နဲ့ လုံခြုံရေး ဂရုစိုက်ဖို့လောက်သာ ပြောလာနိုင်တယ်လို့ သုံးသပ်ပါတယ်။
"သက်ဆိုင်ရာနိုင်ငံတွေကို သူ့နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ဂရုစိုက်ပေးပါ အဲလောက်ပဲ ပြောမှာပဲဗျ။ သူ့နိုင်ငံသားတွေကိုပဲ ပြည်တွင်းပဋိပက္ခတွေရှိနေတဲ့ နေရာတွေ သွားတဲ့ အခါမှာ သတိထားသွားကြလာကြဖို့ အဲလို သတိပေးတာ ရှိနိုင်ပါတယ်။ ဒီလောက်ပဲ ရှိတယ်ဗျ။ အစိုးရလုပ်တဲ့ လုပ်ငန်းတွေမှမဟုတ်ဘူး သူတို့ တစ်ဦးချင်း စီးပွားရှာတဲ့ သူတွေ တချို့ဆိုလည်း တစ်ဦးချင်းထွက်သွားတဲ့သူတွေ ကိုယ့်စီးပွားနဲ့ကိုယ် လုပ်နေတဲ့သူတွေလည်း အများအပြားရှိတာကို။ အဲဒါကြောင့် သူသိပ်ပြီးတော့ ဒါကို သိပ်အလေးထားမယ် မထင်ပါဘူး"

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက တရုတ်နိုင်ငံသားတွေအရေးနဲ့ ပတ်သက်ပြီး အရင်ကတည်းက ထဲထဲဝင်ဝင် ဝင်ရောက်ပြောဆိုတာ မတွေ့ရသလို ဒီလို ကိစ္စတွေ ကြောင့်နဲ့တော့ မြန်မာနိုင်ငံက သူ့စီးပွားရေးလုပ်ငန်းတွေကို နောက်ဆုတ်မှာ မဟုတ်ဘူးလို့လည်း ဒေါက်တာလှကျော်က ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး RFA က တရုတ်သံရုံးကို အီးမေးလ်ကတစ်ဆင့် ဆက်သွယ် မေးမြန်းရာမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ အခြားအဖွဲ့အစည်းတွေရဲ့ ညှိနှိုင်း ဆောင်ရွက်မှုနဲ့ ဇန်နဝါရီ ၂၈ ရက် ညမှာပဲ ပြန်ပေးဆွဲခံရသူတွေကို ဘေးကင်းလုံခြုံစွာ ကယ်တင်နိုင်ခဲ့ပြီး အခြေအနေကောင်းမွန်တယ်လို့ တရုတ်သံရုံးရဲ့ တတိယအတွင်းဝန် ရူဘီ (Ruby)က အကြောင်းပြန်ပါတယ်။
ပခုက္ကူကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးကတော့ ပခုက္ကူခရိုင်ထဲမှာ နယ်မြေစိုးမိုးမှု ပြန်ရချင်တဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲ ဆက်ဖြစ်နေဦးမယ်လို့ ပြောပါတယ်။
"တရုတ်တွေ ဖမ်းခြင်း မဖမ်းခြင်းနဲ့ မဆိုင်ဘူး။ စစ်ကောင်စီကတော့ တစ်ချိန်လုံး နယ်မြေစိုးမိုးဖို့ရဖို့ စစ်ကြောင်းတွေ ထိုးနေတာရှိတယ်။ အမြဲတမ်း စစ်ရေး လှုပ်ရှားနေတာ ရှိတယ်။ သူတို့ရဲ့ နယ်မြေစိုးမိုးမှုပြန်ရရှိဖို့ အတွက်တော့ ဒီနေရာတွေကတော့ စစ်ကြောင်းထိုးနေမှာပဲ ပေါ့နော်။ ဒီပခုက္ကူခရိုင်မှာတော့ တိုက်ပွဲတွေကတော့ ဖြစ်နေဦးမယ် "
တရုတ်စက်ရုံနဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
မကွေးတိုင်းမှာ အခုလို တရုတ်နိုင်ငံသားကို ပြန်ပေးဆွဲဖမ်းဆီးတာမျိုး တော်လှန်ရေး ကာလ တစ်လျှောက်အတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။