စစ်ကောင်စီရဲ့ အကြီးဆုံး စီးပွားဖက်အဖြစ် တရုတ် ဆက်လက်ရပ်တည်နေ

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် ဧပြီလအထိ မြန်မာ နိုင်ငံမှာ နိုင်ငံတကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ လေးဘီလီယံ ကျော်ရှိပါတယ်။ အဲဒီ ရင်းနှီးမြှုပ်နှံမှု ပမာဏရဲ့ ၆၆ ရာခိုင်နှုန်းကျော်ဟာ တရုတ်နိုင်ငံက ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အမေရိကန်၊ ဩစတြေးလျနဲ့ ဥရောပနိုင်ငံတွေသာမက အိမ်နီးချင်း နိုင်ငံတချို့က စီးပွားရေးလုပ်ငန်းတွေပါ ပြန်ထွက်ခွာချိန်မှာ တရုတ်နိုင်ငံ အတွက်ကတော့ ထွက်ခွာသွားသူတွေရဲ့ နေရာမှာ အစားထိုးဝင်ရောက်ဖို့ အခွင့်အရေး တစ်ခုလို ဖြစ်နေတယ်လို့ စီးပွားရေးဆောင်းပါးရှင် ဦးသန်းစိုး ခေါ် သန်းစိုး (ဘောဂဗေဒ) က သုံးသပ်ပါတယ်။
“အခုထွက်သွားတဲ့နေရာတွေကို နိုင်ငံရေးကို သိပ်ဂရုမစိုက်တဲ့ နိုင်ငံက ရင်းနှီးမြှုပ်နှံမှု တွေက ဝင်မှာပဲ။ တကယ်တော့ စီးပွားရေးအမြင်နဲ့ ကြည့်မယ်ဆိုရင် ဒါသူတို့အတွက် အခွင့်အရေးပဲ။ တရုတ် ရင်းနှီးမြှုပ်နှံမှု တော်တော်များများက သူတို့မှာ စည်းမျဉ်းစည်း ကမ်းသိပ်မရှိဘူး။ လူ့အခွင့်အရေးတွေ၊ ဘာတွေ သိပ်မထားဘူး။ သူတို့က အခုလုပ်မယ်၊ စီးပွားရေးအရ ဘယ်လောက်မြတ်မလဲ အဲ့ဒါတွေပေါ်မှာ မူတည်ပြီးတော့ပဲ သူတို့လာ တာ။ အဲ့ဒါကြောင့်ပဲ တရုတ်ရင်းနှီးမြှုပ်နှံမှုများတာ”
တရုတ်ရင်းနှီး မြှုပ်နှံမှုတွေအကြောင်း အသေးစိတ်လေ့လာနေတဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၁၅ လအတွင်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ၂ ဒသမ ၆ ဘီလီယံ ကျော်ရှိခဲ့ တာပါ။
တခြားနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ သိသိသာသာခန်းခြောက်သွားပေမယ့် တရုတ်ရင်းနှီး မြှုပ်နှံမှုတွေက ဆက်ရှိနေခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိတဲ့ ဧရာဝတီတိုင်း မီးလင်းချိုင် စီမံကိန်းက NLD အစိုးရလက်ထက်မှာ တရုတ်ဘက်က အဆိုပြုခဲ့တာဖြစ်ပေမယ့် စစ်ကောင်စီက အဲဒီစီမံကိန်းကို ဆက်လက် အတည်ပြုပေးခဲ့ တာကြောင့် တရုတ်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး သိသိသာသာ တက်လာတယ်လို့လည်း ISP-Myanmar က ထောက်ပြပါတယ်။
မြန်မာနိုင်ငံမှာ ဘယ်အစိုးရတက်တက် တရုတ်ကတော့ သူ့ရဲ့အကျိုးစီးပွားအတွက် စီးပွားရေးလုပ်ငန်းတွေကို ဆက်လုပ်မှာပဲလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ လွှတ်တော် အမတ်ဟောင်း ဦးရဲထွန်းက ပြောပါတယ်။
“မြန်မာနိုင်ငံဟာ သူတို့အတွက်ဆိုရင် မဟာဗျူဟာ အကျိုးစီးပွား၊ မဟာဗျူဟာ မိတ်ဖက်နိုင်ငံ၊ မြန်မာနိုင်ငံရဲ့ ပထဝီအနေအထားအရ မြန်မာပြည်နဲ့က သူတို့လုံးဝ ဆက်ဆံရေးလုပ်ရမှာ။ ဆက်ဆံရေးလုပ်ရမှာဖြစ်တဲ့အတွက် ဘယ်အစိုးရတက်တက် သူက ဒီကနေပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ၊ စီးပွားကုန်သွယ်ရေးလုပ်တာတွေ အဲ့ဒါ တွေက ရှိကိုရှိရမှာ”
စစ်ကောင်စီလက်ထက်မှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နေ့စဥ်နီးပါး ပေါ်ပေါက်နေတာပါ။ ဒါတွေကြောင့် အမေရိကန်၊ ပြင်သစ်၊ သြစတြေးလျ၊ နော်ဝေနဲ့ မလေးရှား စတဲ့ နိုင်ငံတွေက ရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာ နိုင်ငံကနေ တဖြည်းဖြည်းချင်း ဆုတ်ခွာနေကြပါတယ်။
"စီးပွားရေးအရ ဘယ်လောက်မြတ်မလဲ အဲ့ဒါတွေပေါ်မှာ မူတည်ပြီးတော့ပဲ သူတို့လာတာ"
ဒါပေမဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကတော့ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ အခုချိန်ထိ အကောင်းမြင်နေဆဲပဲလို့ တရုတ်အစိုးရ အာဘော် Global Times သတင်း ဌာနက အခုမေလ ၁၁ ရက်နေ့မှာ ရေးသားဖော်ပြခဲ့ပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ အကျိုးစီးပွားအတွက် ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်း လုပ်ဆောင်မယ်လို့ မေ ၁၆ ရက်နေ့က RFA ကို ပြောခဲ့ပါတယ်။
“အမျိုးသား အကျိုးစီးပွားနဲ့ ပတ်သက်ပြီး အကျိုးရှိစေနိုင်မယ့် မည်သည့်မိတ်ဆွေနိုင်ငံ၊ မည်သည့်အဖွဲ့အစည်း နဲ့မဆို ကျနော်တို့အနေနဲ့က ကျနော်တို့ရဲ့ အမျိုးသားအကျိုး စီးပွား၊ ကျနော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ကျနော်တို့ရဲ့ ငြိမ်းချမ်းမှုတွေရရှိနိုင်ဖို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရမှာပဲဖြစ်တယ်”
၁၉၈၈ အရေးအခင်းနောက်ပိုင်းမှာ အာဏာသိမ်းစစ်အစိုးရကို အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေ လုပ်ခဲ့ပေမယ့် တရုတ်နိုင်ငံကတော့ ကုလသမဂ္ဂစင်မြင့် အပါအဝင် နိုင်ငံတကာမျက်နှာစာမှာ မြန်မာစစ်အစိုးရအဆက်ဆက်ကို ကာကွယ်ပေးတာ၊ နယ်စပ်စီးပွားရေးလမ်းကြောင်း ဖွင့်ပေးတာနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်တာတွေ လုပ်ခဲ့တာ ကြောင့် တရုတ်ဟာ မြန်မာစစ်အစိုးရအဆက်ဆက်အတွက် အရေးပါတဲ့မိတ်ဖက်နိုင်ငံ ဖြစ်လာတယ်လို့ ISP-Myanmar က ထောက်ပြထားပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်မှာလည်း တရုတ်က အရင်စစ်အစိုးရတွေလိုပဲ စစ်ကောင်စီကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာစင်မြင့်မှာ နိုင်ငံရေးအရ ကာကွယ် ပေးနေပါတယ်။ တစ်ဖက်မှာတော့ သူ့ကိုယ်ကျိုးစီးပွားအတွက် မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှုတွေ တိုးလုပ်နေတယ်လို့ ဝေဖန်ခံနေရပါတယ်။
တရုတ်အစိုးရက စီးပွားရေးအရ စစ်ကောင်စီကို ဘယ်လောက်ပဲ မျက်နှာသာပေးပေး ပြည်သူလူထုဘက်က ဆန့်ကျင်တာကို မလျှော့ချရင် တရုတ်ဘက်ကလည်း စဉ်းစား လာမှာဖြစ်တယ်လို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာ လှကျော်ဇော က ပြောပါတယ်။
“တရုတ်အနေနဲ့ သူတို့ကလည်း သူတို့အကျိုးစီးပွားအရ သူတို့လုပ်ဆောင်လာစရာတွေ ရှိတယ်။ သူတို့လုပ်ဆောင်လာတဲ့အခါ ကျမတို့ပြည်သူတွေက ဒီစစ်ကောင်စီကို လုံးဝ လက်မခံပါဘူး။ ကျမတို့ ပြည်သူလူထုက ပြတ်ပြတ်သားသား ဆန့်ကျင်နေပါတယ် ဆိုတဲ့ တိုက်ပွဲအရှိန်ကို မလျှော့ရင် သူတို့ဘယ်လောက်ကြီးပဲ ဒီစစ်ကောင်စီကို ဖက်ချင် ဖက်ချင်ပေါ့ဗျာ၊ အများကြီး စဉ်းစားရမယ်လို့ ထင်ပါတယ်။”
စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနဲ့ ဒီနှစ် ဧပြီလ ၁ ရက်နေ့က တရုတ်နိုင်ငံ ဟွမ်းရှမ်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုမှာ တရုတ်ဘက်က နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ဖို့ဆိုပြီး စစ်ကောင်စီကို ယွမ်ငွေသန်း ၆၅၀ ထောက်ပံ့ဖို့နဲ့ တရုတ် စီမံကိန်းတွေ ဆက်လက်အကောင်အထည်ဖော်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။
ဒီလိုထိတွေ့ဆက်ဆံမှုတွေကြောင့် မြန်မာနိုင်ငံအတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေပိုပြီး အရှိန်မြှင့်လာပါတယ်။ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က တရုတ်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ လက်ပံတောင်းတောင်စီမံကိန်းကို တိုက်ခိုက်မယ်လို့ ဒေသအခြေ စိုက် PDF ၁၆ ဖွဲ့က ထုတ်ပြန်ကြေညာခဲ့သလို မြန်မာအရပ်ဘက်အဖွဲ့အစည်း ၅၅၈ ဖွဲ့ ကလည်း တရုတ်အနေနဲ့ စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်းပြီး စီမံကိန်းအသစ်တွေ ဆက်လုပ်မယ်ဆိုရင် PDF တွေရဲ့ အဓိကပစ်မှတ်ဖြစ်လာနိုင်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်ထံ ဧပြီ ၂၅ ရက်နေ့က အိတ်ဖွင့်ပေးစာ ပေးပို့ပြီး သတိပေးခဲ့ပါတယ်။
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြည်တွင်းမှာရှိတဲ့ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေကို တိုက်ခိုက်ရင် ကာကွယ်ပေးရလိမ့်မယ်လို့ RFA ကို တုံ့ပြန်ပြောဆို ခဲ့ဖူးပါတယ်။ ဒီ့နောက်ပိုင်းမှာတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ တာဝန် ယူခဲ့ဖူးတဲ့ နယ်မြေခံစစ်တပ်က ယင်းမာပင်နဲ့ ဆားလင်းကြီး မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းရေး လုပ်လာတဲ့အတွက် ဒေသခံ PDF တွေနဲ့ တိုက်ပွဲ တွေ မကြာခဏ ဖြစ်ပွားနေပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း တရုတ်စီမံကိန်းတွေကို ကာကွယ်ပေးဖို့ စစ်ကောင်စီတပ်နဲ့ အခြားတာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့ စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ဧပြီ ၂၁ ရက်နေ့မှာ နိုင်ငံခြားသတင်းထောက်တွေကို အွန်လိုင်းကတစ်ဆင့် ဖြေကြားရာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။