ချစ်ကြည်ရေးဆေးရုံနဲ့ တရားမဝင်ဆေးကုသမှု

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ တရုတ်-မြန်မာချစ်ကြည်ရေးဆေးရုံ နာမည်တပ်ပြီး တရားမဝင်ဖွင့်လှစ်ထားတဲ့ဆေးရုံကို ချိတ်ပိတ်ပြီး ဆေးရုံမှာ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၆ဦးနဲ့ မြန်မာနိုင်ငံသား ၃ဦးကို အမှုဖွင့်ဖမ်းဆီးထားပါတယ်။

မူဆယ်မြို့ စွမ်စော်ရပ်ကွက်မှာ တရားမဝင် ဖွင့်လှစ်ထားတဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေး ပုဂ္ဂလိကဆေးရုံကို တွေ့ရစဉ် Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ တရုတ်-မြန်မာချစ်ကြည်ရေးဆေးရုံ နာမည်တပ်ပြီး တရားမဝင် ဖွင့်လှစ်ထားတဲ့ဆေးရုံကို ချိတ်ပိတ်ပြီး ဆေးရုံမှာ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၆ဦးနဲ့ မြန်မာနိုင်ငံသား ၃ဦးကို အမှုဖွင့်ဖမ်းဆီးထားပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မသက်စုအောင် က စုစည်းတင်ပြထားပါတယ်။

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့စွမ်စော်ရပ်ကွက် နမ့်ခမ်းဘက်အထွက် မုဒ်ဦးအနီးက သုံးထပ်တိုက် အဆောက်အအုံမှာ တရုတ်-မြန်မာချစ်ကြည်ရေး ဆေးရုံ နာမည်တပ်ပြီး ဖွင့်လှစ်ထားတာ နှစ်လလောက်ကြာပြီလို့ သိရပါတယ်။

အဲဒီဆေးရုံကို မူဆယ်ခရိုင်ကျန်းမာရေးနဲ့မြို့နယ်အဆင့် တာဝန်ရှိသူတွေက အောက်တိုဘာလ ၁၉ရက်နေ့က ဝင်ရောက်စစ်ဆေးရာမှာ ကိုယ်ဝန်ဖျက်ချတာတွေ လုပ်ကိုင်နေသလို အသုံးပြုနေတဲ့ ဆေးဝါးတွေကလည်း ခွင့်ပြုချက်မရှိတဲ့ တရုတ်နိုင်ငံထုတ် ဆေးဝါးတွေ တေ့ွရှိခဲ့တယ်လို့ စစ်ဆေးခဲ့တဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဝင်ရောက်စစ်ဆေးရာမှာ ပါဝင်ခဲ့တဲ့ မူဆယ်ခရိုင်ကျန်းမာရေး ဦးစီးဌာန ဆေးလူမှုဆက်ဆံရေးမှူး ဒေါ်မြမြစန်းက အခုလို ပြောပါတယ်။

" ကျွန်မတို့ မြန်မာနိုင်ငံက ထွက်တဲ့ဆေးတွေဆိုတာ တစ်ခုမှ မရှိဘူးပေါ့၊ ကျွန်မရောက်သွားတဲ့အချိန်မှာ အဓိကရောဂါနဲ့ပြနေတာက မိန်းကလေးတွေ တရားမဝင် ကိုယ်ဝန်ဖျက်ချတာ၊ အဲဒီဥစ္စာကိုတော့ လူနာကိုလည်း ကိုယ်တိုင်တွေ့ခဲ့ရတယ်၊ အဲဒါတော့အများဆုံးဖြစ်မယ်ထင်တယ်၊ တရုတ်နိုင်ငံကလည်း အဲဒါကို ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်တယ်ဆိုတော့လေ"

ဆေးရုံမှာတွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံသား ၆ ယောက်ထဲက  ၅ ယောက်ဟာ မြန်မာနိုင်ငံမှာ တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်နေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဆေးရုံအဆောက်အဦးအတွင်းမှာ ဓာတ်မှန်ခန်း၊ သွားဘက်ဆိုင်ရာဌာန၊ ခွဲစိတ်ကုသရေးဌာန၊ မီးယပ်သားဖွားဌာန၊ အမျိုးသားရောဂါကုဌာန၊ ကွန်ပျူတာနှလုံးစမ်းသပ်ခန်းတွေနဲ့ လူနာခန်းတွေကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့လည်း ပြောပါတယ်။

ဆေးရုံဝန်ထမ်းတွေထဲမှာ မြန်မာနိုင်ငံသား ၄ဦးလည်း တေ့ွရှိခဲ့ရပြီး တစ်ဦးက ထွက်ပြေးသွားတဲ့အတွက် ကျန်တဲ့ မြန်မာနိုင်ငံသား ၃ဦးနဲ့ တရုတ်နိုင်ငံသား ၆ ဦး စုစုပေါင်း ၉ဦးကို ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မူဆယ်မြို့မရဲစခန်းက တာဝန်မှူး ရဲအုပ်အောင်လင်းထွန်းက အမှုဖွင့်အရေးယူထားတဲ့ အခြေအနေကို အခုလိုပြောပါတယ်။

"မြန်မာ့ဆေးကောင်စီ ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားပါတယ်၊ အခု လဝက ကနေ ထပ်စစ်နေပါတယ်၊ တရုတ်လူမျိုးပါတယ်ပေါ့နော်၊ အားလုံးအရေးယူထားတာ ၁၀ ယောက် မှာ တရုတ်လူမျိုးက ၆ ယောက်ပေါ့နော်၊ သူကတကယ်လို့ တရားဝင်ပတ်စပို့နဲ့ မလာဘူးဆိုရင် သူက လဝကနဲ့ အရေးယူဆောင်ရွက်ရပါတယ်"

မူဆယ်မြို့မှာ တရုတ်ဘက်ကနေ တရားမဝင် ဆေးခန်းတွေ မကြာခဏ လာရောက်ဖွင့်လှစ်မှုတွေရှိနေပြီး အခုလိုဆေးရုံကြီး ဖွင့်လှစ်တဲ့အခြေအနေအထိ ရှိလာတဲ့အပေါ် အရေးယူဆောင်ရွက်မှုပိုင်း နှောင့်နှေးတာကို ဒေသခံတချို့က ဝေဖန်ထောက်ပြကြပါတယ်။

တချို့ကလည်း တရုတ်နိုင်ငံဘက်မှာ တားမြစ်ထားတဲ့ ဆေးကုသမှုမျိုးတွေကို မြန်မာနိုင်ငံဘက်မှာ လာလုပ်တာဖြစ်တယ်လို့ ပြောကြပါတယ်။ မူဆယ်ဒေသခံ ကိုခင်မောင်လွင် က RFA ကို အခုလိုပြောပါတယ်။

"အဓိကမိန်းကတော့ တရုတ်နိုင်ငံမှာ လုပ်မရတဲ့ ဥပဒေနဲ့ ငြိစွန်းတဲ့ အလုပ်တစ်ခု ဒီဘက်မှာလာပြီးတော့ ခိုးပြီး လာလုပ်တာ၊ တရုတ်နိုင်ငံမှာ အရင်တုန်းက ကိုယ်ဝန်ဖျက်တာတို့ ဘာတို့က သူတို့ တရားဝင်ရှိတယ်လေ၊ အခုနောက်ပိုင်းတော့ ဒါတွေက သူတို့နိုင်ငံမှာလည်း တားမြစ်ထားတယ်၊ တားမြစ်ထားတော့ ဒီဘက်နိုင်ငံမှာ လာလုပ်တာလည်း ဖြစ်နိုင်တယ်၊ တကယ်တမ်းပြောရင် သူများနိုင်ငံက ကိုယ့်နိုင်ငံထဲ လာဖွင့်တာ တကယ်တော့ စိစစ်သင့်တာပေါ့နော်၊ ဒီလိုမသမာတဲ့နည်းလမ်းတဲ့ လာဖွင့်တာဆိုတာ နောက်က လက်မဲကြီးရှိလို့ ဒီလိုမျိုးလုပ်ရဲ တာပေါ့၊ ဘက်ဂရောင်းတောင့်တဲ့သူရှိလို့  လုပ်ရဲတာပေါ့"

မူဆယ်မြို့ ကရုဏာ လူမှုကူညီရေးအသင်းက ဦးသောင်းထွန်းက ဒီဆေးရုံမှာ မူဆယ်ဒေသခံတွေ သွားရောက်ကုသတာမျိုး မရှိကြောင်း အခုလို ပြောပါတယ်။

"ဒေသခံတွေကတော့ မကုကြဘူးပေါ့နော်၊ ကျန်တဲ့တိုင်းရင်းသားတွေ ဒီဘက်မှာ အခြေချနေတဲ့ တရုတ် လူမျိုးတွေတော့ ကုမယ်ထင်တယ်ဗျ၊ တရုတ်ဘက်ကနေ ဒါပထမဆုံးဖွင့်တာမျိုးတော့  မဟုတ်ဘူးဗျ၊ တချို့ ဆေးခန်းသေးသေးလေးတွေ တခါတလေလာဖွင့်တာမျိုးလည်းရှိတယ်၊ ဒီတခေါက်ဖွင့်တာကတော့ တော်တော်ကို ကြီးကြီးမားမားနဲ့ သုံးထပ်အဆောက်အအုံနဲ့ ဓာတ်မှန်ခန်းနဲ့ ဆရာဝန်နဲ့ ငွေရှင်းကောင်တာတွေနဲ့ တော်တော်လေးကို ကြီးကြီးမားမားဖွင့်တာဖြစ်တယ်၊ အရင်ဟာတွေတော့ ဘယ်လိုလုပ်လိုက်တယ်မသိဘူး၊ တချို့ဟာတွေ အခုမရှိတော့ဘူး၊ ပိတ်သိမ်းသွားကြတာတွေ့တယ်၊ ဒေသခံအနေနဲ့ပြောရရင်တော့ ဒါမျိုးတွေကို ခွင့်လည်းခွင့်မပြုသင့်ဘူး၊ တိတိကျကျနဲ့ ထိထိရောက်ရောက်တော့အရေးယူသင့်ပါတယ်"

ဒီပုဂ္ဂလိကဆေးရုံကြီးကို ဖွင့်လှစ်ထားတာ နှစ်လကျော်ကြာနေတဲ့အချိန်မှ စစ်ဆေးတွေ့ရှိတဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိနေကြပါတယ်ရှင်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org