မကွေးတိုင်းမှာ ကလေး ၉၈ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးခွင့်မရ

2023.01.11
မကွေးတိုင်းမှာ ကလေး ၉၈ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးခွင့်မရ ရန်ကုန်မြို့တွင် ကာကွယ်ဆေးထိုးနှံနေသည့် ကလေးငယ်တစ်ဦးအား ၂၀၂၁ ခုနှစ် ဇွန် ၂၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မကွေးတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် လူပေါင်း တစ်သိန်း နှစ်သောင်းဝန်းကျင် အိုးအိမ် စွန့်ခွာထွက်ပြေးနေကြရပြီး အဲဒီအထဲက အသက် ငါးနှစ်အောက်ကလေးတွေဟာ ပုံမှန်ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနိုင်တဲ့သူတွေရှိသလို ကာကွယ်ဆေး လုံးဝမထိုးရတာတွေပါရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတဲ့ ဆော၊ ထီးလင်း၊ ဂန့်ဂေါ၊ မြိုင်၊ ရေစကြို၊ ပေါက်နဲ့ ပခုက္ကူအစရှိတဲ့မြို့နယ်တွေက ကလေးတွေဟာ ကာကွယ်ဆေးထိုးနှံခွင့်ရဖို့ ပိုခက်ခဲနေတယ်လို့ ကလေးမိခင်တွေက ပြောပါတယ်။

"၉၈ ရာခိုင်နှုန်းလောက်ကတော့ လုံးဝမထိုးရသေးတဲ့ ကလေးစာရင်းထဲမှာ ပါမယ်ရှင့်"

ခြောက်လသားအရွယ် သားဦးလေး မွေးဖွားထားတဲ့ မြိုင်မြို့နယ်က ကလေးမိခင်တစ်ဦး ကတော့ တိုက်ပွဲတွေကြောင့် ကိုယ်ဝန်ဆောင်ကတည်းက ထွက်ပြေးခဲ့ရပြီး လက်ရှိ အချိန်အထိ သူ့ကလေးကို ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးရသေးဘူးလို့ ပြောပါတယ်။

"သွားမယ်ဆိုတာကျလည်း လမ်းကြောကလည်း မကောင်းဘူး။ လမ်းမှာလည်း အစစ်အဆေးတွေက အရမ်းများတယ်။ အရင်လိုမျိုး လမ်းကတိုက်ရိုက်သွားရတာလည်း မဟုတ်ဘူး။ လမ်းကကွေ့သွားရတော့ကျတော့ ကားခကလည်း နှစ်ဆလောက် ကုန်မယ်။ သုံးသောင်းလောက် ကုန်မယ်ပေါ့နော်။ ပြီးတော့ကျတော့ အဲမှာ အရင်ထိုးတဲ့ လူတွေ ပြောတာပေါ့။ ကလေးကတော့ အပြင်မှာ ရာချီပြီးတော့ စောင့်နေရတာ။ ကိုယ့်အလှည့် ကျမှ ထိုးရမှာပေါ့။ ကိုယ်က နေချင်းပြန် ပြန်ရမှာဆိုတော့ သွားထိုးရမှာလည်း အဆင်မပြေဘူး။ ညအိပ်မှာဆိုတော့လည်း ဟိုမှာ အိပ်စရာ၊ တည်းစရာမရှိဘူး။ မရှိတော့ကျတော့ သွားပြီးမထိုးဖြစ်ခဲ့ဘူးပေါ့နော်”

သူ့ကလေးလိုပဲ သူတို့အနီးပတ်ဝန်းကျင် ၁၅ ရွာလောက်က ကလေးတွေလည်း ကာကွယ်ဆေး မထိုးရသေးဘူးလို့ ပြောပါတယ်။

မြိုင်မြို့နယ်က နောက်ထပ်ကလေးမိခင်တစ်ဦးကလည်း ကိုယ်ဝန်ဆောင်စဉ်ကတည်းက ကလေးမွေးပြီးတဲ့ အချိန်အထိ ဘယ်ကာကွယ်ဆေးမှ မထိုးရသေးတာကြောင့် ကလေးကျန်းမာရေးအတွက် စိတ်ပူနေရတယ်လို့ ပြောပါတယ်။

"မထိုးရသေးဘူးရှင့်။ တစ်ခါမှ မထိုးရသေးဘူး။ ကိုယ်ဝန်နဲ့တုန်းကလည်း တစ်ခါမှ မထိုးရဘူး။ အခု ကလေးလေးလည်း တစ်ခါမှ မထိုးရသေးဘူး။ ကလေး ဝက်သက် ပေါက်မှာတို့၊ ကလေးကျန်းမာရေး မကောင်းမှာတို့ စိုးရိမ်နေရတာပေါ့။ ကျန်းမာရေး ကောင်းလားဆို ကောင်းလိုက်၊ မကောင်းလိုက်ပေါ့။ စောစောလေးတုန်းက ကုထားသေးတာပေါ့ တစ်ခါ။ ဘာဖြစ်လဲဆိုတော့ အဲလိုမျိုး ချောင်းတွေဆိုးပြီး နှာတွေစီးတာမျိုးတွေပေါ့။ ချောင်းဆိုးတာတို့ နှာစီးတာတို့ အဲလိုမျိုး အခက်အခဲတွေ ဖြစ်တယ်ပေါ့ကွယ်"

သူ့ရဲ့ ပထမကလေးတုန်းက ရွာကိုကာကွယ်ဆေး လာထိုးပေးလို့ အပြည့်အဝ ထိုးခဲ့ရ ပေမယ့် စစ်တပ်အာဏာသိမ်းပြီးမှ မွေးလာတဲ့ သူရဲ့ ငါးလသားအရွယ်ကလေးကတော့ ဘာကာကွယ်ဆေးမှ ထိုးခွင့်မရသေးတာလို့ ပြောပါတယ်။ လက်ရှိ သူတို့ရွာမှာလည်း ကာကွယ်ဆေး မထိုးရတဲ့ ကလေးဦးရေ ၅၀ ခန့်ရှိနေတယ်လို့ ပြောပါတယ်။

ကလေးကို ကာကွယ်ဆေး မထိုးရမှာ စိတ်ပူနေတဲ့ မကွေးတိုင်း ဆောမြို့နယ်က မိခင်တစ်ဦးကတော့ ချင်းပြည်နယ် မင်းတပ်မြို့အထိ ကားငှားပြီး ကာကွယ်ဆေး သွားထိုးခဲ့ပါတယ်။ ဒါပေမဲ့ ဆေးမရှိတာကြောင့် လေးကြိမ်မှာ သုံးကြိမ်ပဲ ထိုးခွင့်ရခဲ့တယ်လို့ပြောပါတယ်။

"ဆေးရှိတာပဲ ထိုးပေးတာတဲ့။ မရှိရင် ဒီအတိုင်းပြန်ခဲ့ရတယ်။ ကျမတို့မှာလည်း ကားငှားပြီးရင် သွားရတာ။ ဆေးမရောက်ရင် မရောက်ဘူးလို့တော့ ကျမတို့လည်း မသိရတာနဲ့။ သွားတာတော့ လေးခါရှိပြီ သုံးခါတော့ ထိုးခဲ့ရတယ်။ တစ်ခါက ဆေးမရှိလို့ လုံးလုံးပြန်ခဲ့ရတယ်။ အဲလိုမျိုး မေးပြီးမှပဲ သွားရတာ။ တိုက်ပွဲတွေ လမ်းတွေပိတ်တယ် ဆိုရင်တော့ မသွားဖြစ်ဘူး။ အဲလိုမျိုး လမ်းကြောင်းကောင်းတယ်ဆိုရင်တော့ သွားရတယ်။ စစ်ဆေးရေးဂိတ်တွေကလည်း စစ်ဆေးတာပေါ့။ မှတ်ပုံတင်တွေ ပြရတယ်။ ဘာတွေ လုပ်သလဲနဲ့ မေးတယ်။ တောင်သူပါလို့ ပြောတော့ တောင်သူတွေရော ဟုတ်သလား မင်းတို့တွေကနဲ့ အဲလိုတွေ မေးတာပေါ့"

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာ မသိမ်းခင် တစ်ရက်အလိုက မွေးလာပြီး အခုဆိုရင် အသက် နှစ်နှစ်ပြည့်တော့မယ့် ပေါက်မြို့နယ်က ကလေးတစ်ဦးဟာ ဆိုရင်လည်း ကာကွယ်ဆေး နှစ်ကြိမ်သာ ထိုးခွင့်ရသေးတယ်လို့ သူ့မိခင်က ပြောပါတယ်။

"မထိုးဖြစ်ဘူးရှင့်။ နိုင်ငံရေးက မကောင်းဘူးလေ။ ကျမတို့ မိခင်တွေကတော့ အမေစုလက်ထက်မှာဆို အကုန်လုံး ထိုးရသေးတယ်။ ကျန်းမာရေးဆရာမတွေက လာပြီးတော့ ထိုးပေးတယ်ပေါ့နော်။ ကလေးဆိုတော့ မထိုးရဲဘူးတဲ့။ မြို့လည်း မသွားရဲဘူး။ ပိုက်ဆံကလည်း အဆင်မပြေဘူးပေါ့။ အလုပ်ကလည်း ထွက်မလုပ်ရဲလို့။ တစ်ကြိမ် နှစ်ကြိမ်တော့ ထိုးပြီးပြီ။ CDM လုပ်တဲ့ ဆရာမတွေက ထိုးပေးတာ။ ရွာနားမှာ ထိုးတာဆိုတော့ သွားထိုးလိုက်တာပေါ့။ နောက်အကြိမ်တွေက မထိုးရသေးဘူး ပခုက္ကူမှာ သွားထိုးမှ ရမှာဆိုတော့ လမ်းပန်းဆက်သွယ်ရေးက မကောင်းဘူး။ စရိတ်ကလည်း ကြီးတယ်ဆိုတော့ မသွားဖြစ်တာပေါ့"

ဆရာမတွေက သူ့ကလေး ကိုးလပြည့်ရင် ထိုးရမယ့်ဆေးနဲ့ တစ်နှစ်ခွဲမှာ ထိုးရမယ့် ဆေးတွေကျန်နေသေးတာကြောင့် ပခုက္ကူဆေးရုံကို သွားထိုးမှရမယ်လို့ ပြောပါတယ်။

ပုံမှန်ကာကွယ်ဆေးတိုက် ဆေးထိုးတဲ့ အစီအစဉ်အရဆိုရင် မွေးစအရွယ်မှာ ဘီစီဂျီနဲ့ အသည်းရောင် အသားဝါ (ဘီ) ကာကွယ်ဆေး တစ်ကြိမ်စီ ထိုးရပါတယ်။

ဒါ့အပြင် ကလေး နှစ်လ၊ လေးလ၊ ခြောက်လ၊ ကိုးလနဲ့ တစ်နှစ်ခွဲ အရွယ်တွေမှာ ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော၊ ပြင်းထန်အဆုတ်ရောင်၊ ဆုံဆို့- ကြက်ညှာ- မေးခိုင်- အသည်းရောင် အသားဝါ (ဘီ) - ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ပိုလီယို ကာကွယ်ထိုးဆေး၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်နဲ့ ဂျိုက်သိုး ကာကွယ်ဆေးတွေကို သတ်မှတ်လအလိုက် ပြည့်မီအောင် ထိုးရတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

ဒီလို ကာကွယ်ဆေးတွေကို ပြည့်ပြည့်ဝဝထိုးမှလည်း ကလေးရဲ့ ဘဝတစ်လျှောက်လုံး ကျန်းမာရေး ကောင်းလာမှာဖြစ်ပြီး ကာကွယ်ဆေးထိုးခွင့်မရရင် ကလေးတွေမှာ ပိုလီယိုရောဂါနဲ့ ဝက်သက်ရောဂါတွေဟာ ကပ်ရောဂါအသွင် ဖြစ်ပွားလာနိုင်ခြေ များတယ်လို့လည်း ကျန်းမာရေးဝန်ထမ်းအချို့က ရှင်းပြပါတယ်။

စစ်ရေးပဋိပက္ခ ဖြစ်နေတဲ့ မကွေးတိုင်းအတွင်းမှာ ပုံမှန်ကာကွယ်ဆေး မထိုးရသေးတဲ့ ကလေးဟာ ၉၈ ရာခိုင်နှုန်းလောက်အထိ ရှိနေတယ်လို့ မကွေးတိုင်းက ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

"၉၈ ရာခိုင်နှုန်းလောက်ကတော့ လုံးဝမထိုးရသေးတဲ့ ကလေး စာရင်းထဲမှာ ပါမယ်ရှင့်။ ၉၈ ရာခိုင်နှုန်းက လုံးဝမထိုးရတဲ့ ကလေးစာရင်း။ ၂ ရာခိုင်နှုန်းဆိုတာလည်း အကြိမ်ပြည့်ထိုးတဲ့ ကလေးစာရင်းထဲမှာတော့ ၂ ရာခိုင်နှုန်းတော့ မရှိဘူး။ အဲဒီ အကြိမ်ပြည့်ထိုးတဲ့ ကလေးနဲ့ အကြိမ်ပြည့် မထိုးတဲ့ကလေး၊ အကြိမ်ပြည့် မထိုးတဲ့ ကလေးကပဲ များမှာရှင့်။ ၂ ရာခိုင်နှုန်းထဲမှာလေ။ မထိုးရတဲ့ရတဲ့ ကလေးက အယောက် တစ်ရာမှာဆို ၉၈ ယောက်က လုံးလုံးမထိုးရတဲ့ ကလေးဖြစ်မယ်ရှင့်"

မကွေးတိုင်းအတွင်းမှာ ခန့်မှန်းခြေ တစ်နှစ်အောက်ကလေးနဲ့ ကိုယ်ဝန်ဆောင်ဦးရေက နှစ်စဉ် တစ်သိန်း နှစ်သောင်းလောက်ရှိနေပြီး စစ်အာဏာသိမ်းမှုအကျိုးဆက်ကြောင့် အခြေခံကျန်းမာရေး လုပ်ငန်းတွေနှောင့် နှေးခဲ့ရသလို မိခင်နဲ့ကလေးပေါင်း များစွာဟာ ပုံမှန် ကာကွယ်ဆေးနဲ့ အလှမ်းဝေးနေကြတာလို့ ကျန်းမာရေး ဝန်ထမ်းအသိုင်းအဝိုင်းက ပြောပါတယ်။

မြို့ပေါ်နဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဆေးရုံတွေမှာပဲ ကာကွယ်ဆေးက ရရှိနေပြီး ကျေးရွာအားလုံးနီးပါးက ကာကွယ်ဆေးတွေနဲ့ အလှမ်းဝေးနေကြတာလို့လည်း ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ဘာတွေဆောင်ရွက်နေသလဲဆိုတာသိရဖို့ စစ်ကောင်စီရဲ့ ကျန်းမာရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာသန်းနိုင်စိုးကို RRA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံမဖြေပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ မိခင်နဲ့ ကလေးတွေအတွက် ကာကွယ်ဆေး တွေကို သူတို့ ထိန်းချုပ်တဲ့ ဒေသတွေမှာ စီမံချက်နဲ့ ဆောင်ရွက်နေတယ်လို့ NUG ရဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး က ပြောပါတယ်။

"ကျနော်တို့ရဲ့ ထိန်းချုပ်ဒေသတွေအတွက်တော့ စီမံကိန်း စီမံချက်တွေနဲ့ ဆောင်ရွက်နေ ပါတယ်။ နိုင်ငံတကာ အကူအညီရော NUG ရဲ့ ကျန်းမာရေး အသုံးစရိတ်ထဲကရော သုံးပြီးတော့ ကျနော်တို့ ဒါကို မြို့နယ်အလိုက် ထိန်းချုပ်ဒေသအလိုက် ကျနော်တို့ အဲဒါတွေကို စီစဉ်ဆောက်ရွက်နေပါတယ်။ ကျနော်တို့ လက်ထဲမှာလည်း ဒီဆေးတွေ ရှိပါတယ်။အဲဒါတွေကို ဖြန့်ဖြူးပြီးတော့ ကျနော်တို့ လိုအပ်တဲ့ နေရာတိုင်းရအောင်လည်း ဆောင်ရွက်နေပါတယ်"

karenni-refugees-family.jpg
ကယားပြည်နယ်မှ စစ်ဘေးဒုက္ခသည် နို့တိုက်မိခင်တစ်ဦးအား တွေ့ရစဉ်။ (Photo: Karenni Human Rights Group)

ဒီလို ဆောင်ရွက်တဲ့နေရာမှာ ဆေးဝါးတွေ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအခက်အခဲ တွေ ရှိနေပြီး NUG ထိန်းချုပ်ထားနိုင်တဲ့ဒေသတွေကို လိုအပ်တဲ့ဆေးဝါးပစ္စည်းတွေကို ပံ့ပိုးပေးနိုင်အောင် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံး ကျန်းမာရေး စောင့်ရှောက်မှု ကောင်းကောင်းရရှိဖို့ ယခင်ကတည်းက ကြိုးစားဆောင်ရွက်ခဲ့ရတာဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးချိန်မှာတော့ အခြေအနေက အလွန်စိုးရိမ်စရာကောင်းပြီး ကမ္ဘာပေါ်မှာ အဆင့်အနိမ့်ဆုံးကို ရောက်ရှိနေတယ်လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

NUG စိုးမိုးထားနိုင်တဲ့ ကျေးရွာတိုင်းမှာ ကျေးရွာကျန်းမာရေး တာဝန်ခံ တစ်ဦးစီရှိနေ ပေမယ့် အခြားတစ်ဖက်မှာလည်း NUG ရဲ့ ပံ့ပိုးမှုအခြေအနေ၊ တိုက်ပွဲအခြေအနေနဲ့ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းအခြေအနေတွေကြောင့်လည်း ဆေးဝါးတွေ လိုအပ်နေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေဟာ တစ်နိုင်ငံလုံးမှာ အရှိန်မြင့်နေပြီး ကလေးငယ် ၅ ဒသမ ၆ သန်းအပါအဝင် ခန့်မှန်းလူဦးရေ ၁၇ ဒသမ ၆ သန်းဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ (UNICEF) က ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။