ကရင်နီစစ်ဘေးရှောင်ကလေးတွေနဲ့ သူတို့ကို ကူညီနေသူများ

ဒီတစ်ပတ်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲပြင်းထန်ရာ ကရင်နီဒေသက ကလေးတွေ ထိတ်လန့်ကြောက်ရွံ့မှုတွေကြားမှာ ဘဘ်လိုနေရသလဲ၊ သူတို့ကို ဘယ်သူတွေက ကူညီစောင့်ရှောက်နေသလဲ ဆိုတဲ့အကြောင်းတွေကို တင်ပြထားပါတယ်။

မြန်မာဒုက္ခသည်ကလေးများ citizen journalist

ကိုဗစ်ကပ်ရောဂါကြောင့် စိုးရိမ်ထိတ်လန့်စိတ်နဲ့အတူ ကျောင်းနဲ့ဝေးခဲ့ရတဲ့ မြန်မာပြည်က ကလေးတွေဟာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး နောက်ဆက်တွဲအကျိုးဆက်တွေကြောင့် ပညာသင်ကြားနိုင်ရေး မျှော်လင့်ချက် ပိုပြီး မှေးမှိန်ခဲ့ရပါတယ်။ ဒါ့အပြင် အချိန်မရွေး ကြုံလာရနိုင်တဲ့ မိသားစုဝင်တစ်ယောက်ယောက် ဆုံးရှုံးနိုင်တာ၊ ကိုယ်တိုင်လည်း ထိခိုက်နိုင်တာတွေလို သူတို့ဘဝမှာ တစ်ခါမှ မကြုံဖူးတဲ့ ကြောက်ရွံ့စိုးရိမ်မှုတွေနဲ့ ရှင်သန်နေရချိန် ဖြစ်ပါတယ်။

ဒီအချိန်ဟာ မြန်မာပြည်က မိဘအားလုံး ကလေးအားလုံးအတွက် ကံဆိုးမိုးမှောင်ကျနေချိန်ဖြစ်ပေမယ့် စစ်ကောင်စီတပ်တွေကို တွန်းလှန်မှုအားကောင်းတဲ့ နယ်မြေတွေက ကလေးတွေအတွက် အန္တရာယ်ကတော့ ပိုကြီးမားပါတယ်။ တွန်းလှန်မှုအားကောင်းတဲ့ နယ်မြေတွေထဲမှာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်လည်း ပါဝင်ပါတယ်။

“သမီး ဒုတိယတန်း၊ အခု အခြေအနေမကောင်းလို့ ကြက်ဥပြုတ်တောင် မစားနိုင်ဘူး။ အခု စပါးတွေလည်း ကောင်းကောင်း မစိုက်ရဘူး။ လေယာဉ် ခဏခဏ လာတယ်။ သမီးက သေနတ်သံ ကြားရရင် ကြောက်တယ်။ တိုက်ပွဲဖြစ်မှာ အကြောက်ဆုံးပဲ”

သေနတ်သံကြားရင် ကြောက်တယ်ဆိုတဲ့ စကားမဆုံးခင်မှာပဲ သေနတ်သံကြားလိုက်ရတဲ့ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်ကလေးတစ်ဦးရဲ့ ဘဝ ဖြစ်ပါတယ်။

နောက်ထပ် စစ်ဘေးရှောင်ကလေးတစ်ယောက်ကလည်း သေနတ်သံတွေ၊ စစ်တပ်ရဲ့ လေယာဉ်နဲ့ တိုက်ခိုက်မှုတွေကြားမှာ နေရတဲ့ဘဝကို အခုလို ပြောပြပါတယ်။

“သမီးတို့အခြေအနေမကောင်းလို့ ဆန်တွေ၊ ဆီတွေကိုလည်း ရှာစားရတယ်။ ကျောင်းတက်နေတဲ့အခါ လက်နက် ကြီး ထုလာပြီး သမီးတို့ပုန်းနေရတယ်။ လေယာဉ်တွေလည်း ခဏ ခဏလာတယ်။ မုန့်လည်း ကောင်းကောင်း မစားရဘူး။ ညအိပ်နေတဲ့အချိန်မှာလည်း သေနတ်သံ ခဏခဏကြားရတယ်။ စစ်ဘေးရှောင်စခန်းမှာသွားနေရ တယ်။ ကျောင်းလည်း ကောင်းကောင်းမတက်ရဘူး”

လူကြီးလူငယ်၊ ကလေးအားလုံး ဒုက္ခများစွာကြားမှာ အထိတ်ထိတ် အလန့်လန့် နေထိုင်ရတဲ့ ကရင်နီဒေသမှာ လူငယ်အများစုက ရရာလက်နက်ဆွဲကိုင်ပြီး၊ စစ်ကောင်စီတပ်တွေကို တော်လှန်နေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ရှောင်ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့တာဝန်ကိုရွေးချယ်ခဲ့ကြသူတွေလည်း ရှိနေပါတယ်။

အဲဒီအထဲမှာ စစ်ဘေးရှောင်နေချိန်မှာပဲ ပညာရေးနဲ့ အဆက်မပြတ်ရလေအောင်၊ စိတ်ဓာတ်မကျရ လေအောင် ကလေးတွေကို ဘာသာရေးသင်ခန်းစာတွေ အပါအဝင် တိုင်းရင်းသားဘာသာ၊ ကျောင်းစာသင်ပေးနေသလို စိတ်ကျန်းမာရေး အန္တရာယ်ကြားက ကလေးတွေကို ဂီတနဲ့ ကုစားပေးနေတဲ့ ဆရာမလေး နော်ရီရီအေးလည်း ပါဝင်ပါတယ်။

“ပညာရေးနောက်ကျနေတဲ့ ကလေးငယ်တွေကိုကြည့်ပြီး သနားတာဖြစ်တယ်။ အထူးသဖြင့် အခုအချိန်က ခက်ခဲတဲ့အချိန်၊ ပြေးလွှားနေရတဲ့အချိန် ဖြစ်တာကြောင့် ပြေးနေရတဲ့သူတွေထဲမှာမှ ကလေးတွေက အများကြီးပါတာကို မြင်တွေ့ရပါတယ်။ အဲဒါကြောင့် ဒီကလေးတွေ ပညာရေးနောက်မကျဖို့၊ ဖွံ့ဖြိုးနိုင်ဖို့ တတ်နိုင်သလောက်၊ အစွမ်းကုန် ပါဝင်ပြီးတော့ ဆောင်ရွက်နေပါတယ်။ ဒီပညာသင်ကြားတဲ့ဘက်မှာပဲ ရွေးချယ်ခဲ့ပါတယ်။ စာသင်နေရင်း တန်းလန်းကနေ ပြေးခဲ့ရတာတွေလည်း အများကြီးရှိတာပေါ့။ အခက်အခဲတွေ အများကြီးရှိတာကိုလည်း ပြောပြချင်တယ်။ အဆောက်အအုံ၊ ကလေးတွေနေရမယ့်နေရာ၊ ကစားစရာ၊ အစားအစာ၊ ရေကအစ အခက်အခဲရှိကြောင်းကို ပြောပြချင်ပါတယ်”

ကလေးတွေအပါအဝင် စစ်ဘေးရှောင်အားလုံးဟာ အသက်အန္တရာယ်ကြားမှာ မဝမလင်၊ မလုံမခြုံ နေထိုင် စားသောက်နေရတဲ့အတွက် ရုပ်ပိုင်းရော၊ စိတ်ပိုင်းဆိုင်ရာ အနာတရတွေ ဖြစ်နေကြပါတယ်။ အဲဒီအနာတရတွေကို ကုစားပေးဖို့ ‘ကျေးလက်မြေ’ လို့ခေါ်တဲ့ ပရဟိတအဖွဲ့လေးတစ်ခုက စိတ်ကျန်းမာရေး အထောက်အကူပေးမယ့် သင်တန်းတွေ စီစဉ်ပို့ချပေးနေတယ်လို့ အဖွဲ့ကိုဦးဆောင်သူ မမူစဲက ပြောပါတယ်။

“ကိုဗစ် ၁၉ ကြောင့်သော်လည်းကောင်း၊ စစ်အာဏာရှင်ရဲ့ အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ တိုက်ခိုက်မှုတွေကြားထဲမှာ မြေစာပင်ဖြစ်ရတဲ့အပြင် သူတို့မိသားစုဝင်တွေ အသက်ဆုံးရှုံးရတယ်။ တချို့အမျိုးသမီးတွေဆို သူတို့ခင်ပွန်းတွေ အိမ်ထဲမှာပဲ အရှင်လတ်လတ် မီးရှို့အသတ်ခံရတာတွေ၊ သူတို့သားသမီးတွေ သူတို့ရှေ့မှာပဲ သေဆုံးသွားတာတွေ၊ သူတို့အသစ်ဆောက်ထားတဲ့ အိမ်လေးတွေ မီးလောင်သွားတာတွေ၊ သူတို့ရဲ့ အိုးအိမ်နဲ့ တိရစ္ဆာန်တွေ မီးထဲပါသွားတာတွေ၊ နောက်တစ်ခုက သူတို့စစ်ရှောင်ရင်း တစ်နေရာကတစ်နေရာ သွားရတဲ့အခါမျိုးမှာ စားနပ်ရိက္ခာ၊ ငွေကြေးပြတ်လပ်တာတွေ၊ နေမှုထိုင်မှုနဲ့ ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေ ကြုံတွေ့ရတဲ့အခါ သူတို့ အရမ်းစိတ်ဓာတ်ကျတယ်။ စိတ်ကျန်းမာရေးမကောင်းတော့ သူတို့ခန္ဓာကိုယ်ပါ ထိခိုက်သွားတယ်။ အဲဒီတော့ မနက်ဖြန်ဆိုတဲ့ နေ့ရက်တွေကို ကျော်လွှားနိုင်ဖို့အတွက် သူတို့မှာ ခွန်အားတွေ လိုတယ်ပေါ့နော်။ ဒါတွေကိုစဉ်းစားရင်းနဲ့ သူတို့စိတ်ဆင်းရဲနေရမယ့်အစား နေ့စဉ်ဘဝနဲ့ မနက်ဖြန်အတွက် သူတို့ဘယ်လိုရှင်သန်ရမလဲဆိုတာ သူတို့ကိုယ်တိုင် ကုစားနိုင်အောင်လို့ ကျမတို့အခုလို စိတ်ပိုင်းဆိုင်ရာ ကုစားမှုသင်တန်းကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်”

ကျေးလက်မြေအဖွဲ့ဟာ စစ်အာဏာမသိမ်းခင်ကလည်း ကျား-မတန်းတူရေး၊ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေး၊ ကျေးလက်ဖွံ့ဖြိုးရေးနဲ့ လူမှုကူညီစောင့်ရှောက်ရေး လုပ်ငန်းတွေကို မကွေးတိုင်းအတွင်းမှာ အစဉ်တစိုက် ပြုလုပ်ခဲ့ပါတယ်။

အခုအချိန်မှာလည်း ကလေးတွေနဲ့ ပြည်သူလူထုဟာ အချိန်နဲ့အမျှ စိုးရိမ်ထိတ်လန့်နေရတာကြောင့် တခြားအဖွဲ့အစည်းတွေအနေနဲ့လည်း သူတို့ဘဝ ဆက်လက်ရပ်တည်ဖို့ စိတ်ခွန်အားရစေမယ့် စိတ်ကျန်းမာရေးဆိုင်ရာအစီ အစဉ်တွေ ဆောင်ရွက်ပေးကြဖို့ မမူစဲက မေတ္တာရပ်ခံခဲ့ပါတယ်။

ကြောက်နေရတယ်၊ လန့်နေရတယ်။ သူတို့ ဘယ်အချိန်မှာ ဘယ်ကိုထွက်ပေးရမလဲဆိုပြီး ညကိုလည်း ကောင်းကောင်း မအိပ်နိုင်ဘူး။ စားချိန်မှာလည်း ကောင်းကောင်းမစားရဘူး။ မနက်မိုးလင်းလို့ မျက်နှာမသစ်ရသေးဘူး၊ လက်နက်ကြီးသံတွေက ကြားနေရပြီ။ ဆိုတော့ ဒီဟာတွေက နေ့ရော၊ ညရော လူတွေရဲ့စိတ်ကို ညှင်းပန်းနှိပ်စက်သလိုဖြစ်တယ်။ အဲဒါကြောင့် တခြားအဖွဲ့အစည်းတွေကိုလည်း ဒီလိုစိတ်ပိုင်းဆိုင်ရာ ကုစားမှုတွေ လုပ်ပေးနိုင်ဖို့အတွက် မေတ္တာရပ်ခံချင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org