မြန်မာပြည်က ကလေးများ
၂ဝ၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ တချို့ဒေသတွေက ကလေးတွေ သေဆုံး၊ တချို့ ကိုယ်လက်အင်္ဂါဆုံးရှုံး၊ တချို့ နေစရာပျောက်၊ စားစရာမဲ့၊ တချို့ တောတောင်တွေထဲမှာ အမိုးအကာမဲ့ နေ့ ည ဖြတ်သန်းနေရပါတယ်။
-
ခက်မာ (ဝါရှင်တန်ဒီစီ)
2022-07-16 -
-
-
ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ လူအများစုဟာ ကလေးဘဝမှာ အပူအပင်ကင်းကင်း ဖြတ်သန်း ပျော်ရွှင်ရလေ့ ရှိပါတယ်။ ဒါပေမဲ့ မြန်မာပြည်က ကလေးအများစုကတော့ ပျော်စရာကောင်းတဲ့ ကလေးဘဝကို ရာနှုန်းပြည့် မရကြပါဘူး။
အထူးသဖြင့် ၂ဝ၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ တချို့ဒေသတွေက ကလေးတွေ သေဆုံး၊ တချို့ ကိုယ်လက်အင်္ဂါဆုံးရှုံး၊ တချို့ နေစရာပျောက်၊ စားစရာမဲ့၊ တချို့ တောတောင်တွေထဲမှာ အမိုးအကာမဲ့ နေ့ ည ဖြတ်သန်းနေရပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းက တိုက်ခိုက်လို့ ဒါမှမဟုတ် လက်နက်ကြီးနဲ့ပစ်ခတ်လို့ အနည်းဆုံး ကလေး ၃၈၂ ဦး သေဆုံးတာနဲ့ ကိုယ်လက်အင်္ဂါ ချို့ယွင်းပျက်စီးတာတွေ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေးအထူးကိုယ်စားလှယ် Tom Andrews ရဲ့ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီထုတ်ပြန်ချက်ထွက်ပြီး နှစ်ပတ်အကြာ ဇွန်လ ၂၈ ရက်နေ့က ချင်းပြည်နယ် မင်းတပ်မြို့မှာ အဲဒီဒေသမှာ အခြေစိုက်တဲ့ ခလရ ၂၇၄ တပ်ရင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ညီအစ်ကိုနှစ်ယောက်ကို ထိမှန်ခဲ့လို့ ၁၄ နှစ်သားလေးကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပြီး၊ ၁၁ နှစ်သားကတော့ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရတယ်လို့ မင်းတပ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ခလရ ၂၇၄ ကနေ အနီးကရွာတွေကို သူတို့ကြိုက်တဲ့အချိန်မှာ ထုနေတာ၊ ထုချင်တဲ့အချိန်မှာ ထုတယ်။ တိုက်ပွဲဖြစ်လို့ ထုတာ မဟုတ်ဘူး။ ရည်ရွယ်ချက်ရှိရှိ အပြစ်မဲ့ပြည်သူတွေ ရွာသားတွေ စစ်ဘေးရှောင်တွေရှိတဲ့ နေရာတွေကို ထုနေတာ။ ကျနော်တို့လည်း ထပ်ရှောင်စရာ ဘာမှမရှိတော့ဘူး၊ ရွာမှရှောင်၊ တောတောင်တွေထဲမှာ ရှောင်နေရတာ၊ ကျနော်တို့ ထပ်ရှောင်စရာ နေရာမရှိတော့ဘူး။ လက်နက်ကြီးကတော့ ကံတရားပဲ၊ ကျလာရင်တော့ ကလေးတွေနဲ့ လူကြီးတွေအတွက် အခက်အခဲဆုံးပေါ့"
အခုလို ရာနဲ့ချီတဲ့ သေဆုံးရတဲ့ ကလေးတွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရေးအရ အနိုင်ယူဖို့ ကြိုးစားမှုထဲမှာ ဓားစာခံဖြစ်ရတာလို့ NUG အစိုးရရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
“အပြစ်မဲ့အရပ်သားပြည်သူတွေကို ရည်ရွယ်ပြီးတော့ ပစ်ခတ်ချေမှုန်းတဲ့ လေကြောင်းတိုက်ပွဲတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့နေရာမှာ အရပ်သားတွေ အများကြီး သေဆုံးပါတယ်။ အဲ့ဒီထဲမှာမှ ပိုမိုပြီးတော့ တုန်လှုပ်ချောက်ချားစရာတစ်ခုကတော့ ကလေးငယ်တွေ ပါဝင်နေပါတယ်။ ဒီကိစ္စတစ်ခုက ကျနော်တို့ လက်ရှိ မြန်မာနိုင်ငံမှာရှိနေတဲ့ ကလေးတွေရဲ့ဘဝ မလုံခြုံမှု၊ အထူးသဖြင့် အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်နဲ့ တိုက်ခိုက်ဖြေရှင်းပြီးတော့ စစ်ရေးအရ အနိုင်ယူဖို့ ကြိုးစားတဲ့ ရလဒ်တွေကြားထဲမှာ ကလေးငယ်တွေ အသက် စတေးခံနေရတဲ့ အခြေအနေပဲဖြစ်ပါတယ်”
အပြစ်မဲ့အရပ်သားပြည်သူတွေကို ရည်ရွယ်ပြီးတော့ ပစ်ခတ်ချေမှုန်းတဲ့ လေကြောင်းတိုက်ပွဲတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေထဲမှာ အရပ်သားတွေ အများကြီး သေဆုံးပါတယ်။ ပိုပြီးတော့ တုန်လှုပ်ချောက်ချားစရာတစ်ခုက အဲဒီအထဲမှာ ကလေးငယ်တွေ ပါဝင်နေပါတယ်။ ဒီကိစ္စတခုက လက်ရှိ မြန်မာနိုင်ငံမှာရှိနေတဲ့ ကလေးတွေရဲ့ ဘဝ မလုံခြုံမှု၊ အထူးသဖြင့် အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်နဲ့ တိုက်ခိုက် ဖြေရှင်းပြီးတော့ စစ်ရေးအရ အနိုင်ယူဖို့ ကြိုးစားတဲ့ရလဒ်တွေကြားထဲမှာ ကလေးငယ်တွေ အသက်စတေး ခံနေရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။
အသက်မသေဆုံးတဲ့ ကလေးငယ်တွေမှာလည်း ကိုယ်လက်အင်္ဂါဆုံးရှုံးပြီး ဘဝဆုံးရသူတွေ အမြောက်အမြား ရှိနေပါတယ်။ အဲဒီထဲမှာ ကရင်ပြည်နယ် သံတောင်ကြီးမြို့၊ ပျားစခန်းရွာအနီးမှာ ဇူလိုင်လ ၁၂ ရက် မနက်က စစ်ယာဉ်တန်းရဲ့ ပစ်ခတ်မှုကြောင့် ညီဖြစ်သူနဲ့ အိမ်ထဲမှာ ကစားနေရင်း သေနတ်ထိမှန်ခဲ့တဲ့ အသက် ၁၂ နှစ်အရွယ် ကလေးငယ်လည်း ပါဝင်ပါတယ်။
“သားက အိမ်ထဲမှာ ကစားနေတာ။ အဲဒါကို သားတို့ကိုရောပဲ ပစ်သွားတာ။ သားခြေထောက်ကို မှန်သွားတာ။ အဲဒီလိုလျှောက်သွားနေရင်း ပစ်သွားတာ။ ဒီလိုမျိုး ဒိုင်းဒိုင်း ဒိုင်းဒိုင်းနဲ့ ပစ်ချလိုက်တာ။ အဲဒါ သားခြေထောက်ကိုရော၊ သားညီလေးကိုရော မှန်သွားတာ။ ခြေထောက်တွေလည်း နာနေတယ်။ ခေါင်းတွေလည်း ကိုက်နေလို့”
ဒီလိုပစ်ခတ်မှုတွေကြောင့် သေဆုံးရတာအပြင် စစ်တပ်က အာဏာသိမ်းပြီး ၂ဝ၂၁ ဖေဖော်ဝါရီလကနေ ၂ဝ၂၂ ဧပြီလ အထိ ၁၅ လအတွင်း မြေမြှုပ်မိုင်း အပါအဝင် စစ်ကျန်လက်နက်ပစ္စည်း ပေါက်ကွဲမှုကြောင့် ကလေးငယ် ၁၁၅ ဦးထိ သေဆုံး၊ ဒဏ်ရာရခဲ့တယ်လို့ UNICEF Myanmar က ဇွန်လ ၂၄ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
ပဲခူးတိုင်း ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်ထဲက ကျွန်းကြီးရွာ ကူးတို့ဆိပ်အနီးမှာ ဇူလိုင်လ ၉ ရက်နေ့က မြေမြှုပ်မိုင်းနင်းမိတာကြောင့် လေးနှစ်အရွယ် ကလေးတစ်ယောက် ခြေထောက်နှစ်ဖက်စလုံး ဖြတ်လိုက်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သားအမိနှစ်ယောက် ကလေးနေမကောင်းလို့ ဆေးခန်းသွားပြဖို့ စစ်တောင်းမြစ် တစ်ဖက်ကမ်းကို ကူးဖို့သွားတာ။ ကူးတို့ဆိပ်မရောက်ခင် ကမ်းနားမှာတင် မိုင်းနင်းမိသွားတာ။ ကလေးကတော့ ခြေထောက် နှစ်ဖက်လုံး ပြတ်သွားတယ်။ မိခင်ကတော့ မျက်နှာတွေကို ယမ်းစတွေ စဉ်သွားတာပေါ့။ ကလေးနာမည် သိတယ်ရှင့်။ အောင်ဆန်းလင်း။ ၄ နှစ်”
အဲဒီတစ်ရက်တည်းမှာပဲ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇူကိုင်းရွာမှာ အသက် ၁၅ နှစ်အရွယ် ရှစ်တန်းကျောင်းသား မောင်စည်သူကျော်လင်းဟာ တောင်ပေါ်မျှစ်ချိုးထွက်ချိန် မိုင်းနင်းမိပြီး သေဆုံးသွားပါတယ်။
ရခိုင်ပြည်နယ် အရေးပေါ်ကူညီကယ် ဆယ်ရေးအဖွဲ့ (ARE) ရဲ့ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှာ တစ်နေ့ကို တစ်ဦးနှုန်းလောက် မိုင်းကြောင့် ဒဏ်ရာရတာနဲ့ သေဆုံးတာရှိနေပြီး အများစုကတော့ ကလေးတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလို စစ်ပွဲနဲ့ စစ်ပွဲနဲ့ဆက်နွှယ်တဲ့ လက်နက်တွေကြောင့် သေဆုံးရတဲ့ ကလေးတွေအရေးနဲ့ပတ်သက်ပြီး NUG အစိုးရရဲ့ ကြိုးပမ်းနေမှုတွေကိုလည်း လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပြပါတယ်။
“အခုအချိန်မှာ ကလေးသူငယ်များအတွက် တရားမျှတမှု ဖော်ဆောင်နေပေမယ့် ဒါတွေက ဘာကြောင့်ဆက်ရှိနေသလဲဆိုတော့ အကြမ်းဖက်စစ်ကောင်စီကို သူတို့ အခုအသုံးပြုနေတဲ့ လေယာဉ်တွေ၊ လေယာဉ်ဆီတွေ လက်နက်ကြီးတွေကို သူတို့ကို ရောင်းချနေတဲ့ လမ်းကြောင်းတွေကို ကျနော်တို့ တားဆီးနိုင်သေးလို့ပါပဲ။ အဲဒါကြောင့် လက်နက်အားကိုးနဲ့ အခုလိုမျိုး သတ်ဖြတ်မှုတွေဖြစ်နေတယ်။ အရေးကြီးတဲ့တစ်ခုက အကြမ်းဖက်စစ်ကောင်စီကို စီးပွားရေးပိတ်ဆို့မှုအပြင်၊ လက်နက်တင်ပို့ ရောင်းချမှုတွေ တားဆီးဖို့အတွက် လူ့အခွင့်အရေးကောင်စီ၊ လူ့အခွင့်အရေး အထွေထွေ ညီလာခံကနေ ဒါတွေကို တင်ပြနိုင်တဲ့အပြင် ဒါတွေနဲ့ပတ်သက်ပြီးတော့ စီးပွားရေး၊ လက်နက်တင်ပို့ရောင်းချမှု ပိတ်ဆို့ရေး စတဲ့ အကြောင်းအရာတွေကို နိုင်ငံတကာမှာ တွင်တွင်ကျယ်ကျယ်နဲ့ တောင်းဆိုနေပါတယ်။ နိုင်ငံတွေကနေ ဆုံးဖြတ်ပြီး တားဆီးနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ တစ်ဖက်မှာလည်း သေဆုံးတဲ့ကလေးတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းပြီး အမှန်တရား ဖော်ဆောင်နိုင်ဖို့နဲ့ တရားမျှတမှုကို ဆောင်ကြဉ်းနိုင်ဖို့အတွက် ဒါတွေကို အချက်အလက်စုဆောင်းပြီး မှတ်တမ်းတင် လုပ်ဆောင်လျက်လည်း ရှိပါတယ်”
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကလေးတွေ သေဆုံးဒဏ်ရာရတာအပြင် အရွယ်မရောက်သေးတဲ့ ကလေးတွေဟာ ရိုက်နှက်ခံရ၊ ဓားထိုးခံရတာ၊ စစ်ဆေးမေးမြန်းချိန်အတွင်း လက်သည်းခွံ အနွှာခံရ၊ သွားနုတ်ခံရတာတွေ ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေးအထူးကိုယ်စားလှယ် Tom Andrews တင်ပြတဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။
ဒီကလေးတွေ ခံစားနေရတဲ့ ဝေဒနာတွေက လွတ်မြောက်စေဖို့အတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာစစ်ကောင်စီအပေါ် ဖိအား ပိုတိုးမြှင့်ကြဖို့နဲ့ စစ်ကောင်စီရဲ့ရက်စက်မှုတွေကို ငွေကြေးထောက်ပံ့ပေးနိုင်တဲ့ နည်းလမ်းတွေကို ဝိုင်းဝန်းဟန့်တားကြဖို့ Tom Andrews က တောင်းဆိုလိုက်ပါတယ်။