ကလေး လုပ်သားများလာသလို ခေါင်းပုံဖြတ်ခံရမှုများနေ
စစ်မှုထမ်းဥပဒေ အတည်ပြုလိုက်တဲ့ပြီးနောက် လုပ်သားရှားပါးလာတဲ့အတွက် နောက်ဆက်တွဲအနေနဲ့ ကလေးအလုပ်သမား များလာပါတယ်။
-
RFA Burmese
2024-07-19 -
-
-
စစ်မှုထမ်းဥပဒေ အတည်ပြုလိုက်တဲ့ပြီးနောက် လုပ်သားရှားပါးလာတဲ့အတွက် နောက်ဆက်တွဲအနေနဲ့ ကလေးအလုပ်သမား များလာတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က ထုတ်ပြောထားသလို၊ ကလေးလုပ်သားတွေ အခွင့်အရေးချိုးဖောက်ခံရတာလည်း များလာတယ်လို့ ပြည်တွင်း အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောကြပါတယ်။
မအိ (တွဲဖက်အတွင်းရေးမှူး - FGWM)။ ။ “OT ကိုလည်း အလကားဆင်းခိုင်းတာမျိုး။ အရေးကြီး Order ပြီးသွားရင် အဲဒီအလုပ်သမားတွေကို အလုပ်ဖြုတ်လိုက်တာမျိုး။ OT မဆင်းနိုင်လို့ ငြင်းဆန်ရင် အဲဒီကလေးအလုပ်သမားက အလုပ်ထုတ်ခံရတယ်။ ဒီလို အခြေအနေတွေကို ကျွန်မတို့ မှတ်တမ်းမှတ်ရာတွေနဲ့ သိမ်းဆည်းထားတာရှိတယ်”
စစ်မှုထမ်းဥပဒေကြောင့် ကလေးအလုပ်သမား များလာတယ်လို့ (ILO) က အခုနှစ် ဇွန်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပေမဲ့ အရေအတွက် အတိအကျကိုတော့ ဖော်ပြမထားပါဘူး။
"လုပ်အားခေါင်းပုံဖြတ်မှုတွေ တခြားအလုပ်သမားချင်းအတူတူ ရသင့်ရထိုက်တာတွေကို မရတာတွေ ကြုံရတယ်”
လွတ်လွတ်လပ်လပ် လေ့လာစုံစမ်းလို့ မရတဲ့အခြေအနေကြောင့် ကလေးလုပ်သား ဘယ်လောက်တိုးလာလဲဆိုတာ အတိအကျ စာရင်းပြဖို့ခက်နေတာလို့ ပြည်တွင်းက အလုပ်သမားအဖွဲ့တွေက ပြောပါတယ်။ ဒါပေမဲ့ အရင်ထက်ပိုများလာတယ်လို့ ပြောပါတယ်။
ကလေးလုပ်သားတွေကို အထည်ချုပ်လုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း ၊ အိမ်တွင်းအလုပ်တွေမှာ တွေ့ရသလို၊ အန္တရာယ်များတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ၊ လမ်းဘေးစျေးရောင်းတဲ့ နေရာတွေအပြင် တောင်းရမ်းတဲ့နေရာတွေမှာပါ အတွေ့များလာတယ်လို့ အလုပ်သမားအဖွဲ့တွေက ပြောပါတယ်။
ကလေးလုပ်သားတွေ အခွင့်အရေး ချိုးဖောက်ခံရနေရပေမဲ့ သူတို့ ချိုးဖောက်ခံနေရတာကို ထုတ်ပြောရင် အလုပ်ဖြုတ်ခံရမှာ စိုးရိမ်တဲ့အတွက် ထုတ်မပြောရဲကြဘူးလို့ ဆိုပါတယ်။
အထူးသဖြင့် အသေးစားစက်ရုံ အလုပ်ရုံတွေမှာ လုပ်ခရော၊ တခြားရပိုင်ခွင့်ပါ ချိုးဖောက်ခံနေရတယ်လို့ ဆိုပါတယ်။ အလုပ်ရှင်၊အလုပ်သမား စာချုပ်ချုပ်ပြီးမှလုပ်ရတဲ့ စက်ရုံတွေမှာဆိုရင် အသက်မပြည့်သေးတဲ့ ကလေးတွေဟာ သူတို့နဲ့နီးစပ်တဲ့ အသက်ပြည့်ပြီးသားသူတွေရဲ့ မှတ်ပုံတင်ပြပြီး၊ အလုပ်ရဖို့ ကြိုးစားကြရတာတွေလည်းရှိတယ်လို့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။
“အသက်ပြည့်တယ်ဆိုတဲ့လူက အဲဒီလို စက်ရုံမှာအလုပ်လုပ်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ လစာနည်းတာကိုး။ လစာနည်းတယ် အလုပ်ချိန်တွေ များတယ်။ ပေးရမယ့်အခွင့်အရေးတွေ ဘာတစ်ခုမှ မပေးဘူးလေ။ ကလေးလုပ်သားဖြစ်လို့ အခွင့်အရေးဆုံးရှုံးတဲ့အပြင်ကို လုပ်အားခေါင်းပုံဖြတ်မှုတွေ တခြားအလုပ်သမားချင်းအတူတူ ရသင့်ရထိုက်တာတွေကို မရတာတွေ ကြုံရတယ်”
ဆက်နွှယ်သောသတင်းများ
စစ်ကောင်စီကို အရေးယူပေးဖို့ ILO ညီလာခံမှာ တောင်းဆို
ပြည်တွင်းစစ် ရေရှည်ဆိုးကျိုးနဲ့ မြန်မာ့လူဦးရေအခွင့်အလမ်း ပျက်သုဉ်းမှု
အာဏာသိမ်းကာလ သုံးနှစ်အတွင်း ဆင်းရဲမွဲတေမှုနှုန်းမြင့်လာကြောင်း UNDP ထုတ်ပြန်
မြန်မာနိုင်ငံလူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းဖြစ်တဲ့ ၄၂ သန်းဟာ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP) က ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
မိသားစု စားဝတ်နေရေးအတွက် ကျောင်းထွက်လိုက်ရပြီး ရခိုင်ပြည်နယ်ကနေ ရန်ကုန်အထည်ချုပ် စက်ရုံတွေမှာ တခြားသူရဲ့မှတ်ပုံတင်နဲ့ အသက် ၁၄ နှစ်ကတည်းက အလုပ်လုပ်နေတဲ့ မသန္တာ (အမည်လွှဲ) ကလည်း အခြေခံလုပ်ခလစာ အပြည့်မပေးတဲ့ စက်ရုံတွေမှာ လုပ်ခဲ့ရဖူးပါတယ်။
“ရခိုင်မှာ စစ်ဖြစ်တော့ ကျောင်းတက်မယ်ဆိုပြီး ဒီဘက်ရောက်လာတာ။ ဒီဘက်ရောက်လာတော့ ကျောင်းတက်ဖို့ ပိုက်ဆံက လုံလုံလောက်လောက် မရှိဘူး။ ကျောင်းမတက်ဖြစ်ဘဲ စက်ရုံတွေမှာ ဝင်လုပ်ဖြစ်တာ။ OT (အချိန်ပို) ကို ညနက်အောင်အထိခေါ်တယ်။ အလကား ဆင်းရတာတို့ ဘာတို့ပေါ့”
အရပ်သား အစိုးရလက်ထက်မှာ ကလေးအလုပ်သမားတွေ ရှိခဲ့တယ်ဆိုပေမဲ့ အခုလောက် မများခဲ့ဘူးလို့ အလုပ်သမားအရေး ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။
တာဝန်ရှိတဲ့သူတွေအနေနဲ့ ကလေးလုပ်သားတွေ အခွင့်အရေးချိုးဖောက်ခံရတာကို ဘယ်လိုဖြေရှင်းနေလဲ ဆိုတာသိရဖို့ စစ်ကောင်စီရဲ့ အလုပ်သမား ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတဲ့လူ မရှိပါဘူး။
ကလေး အလုပ်သမားပပျောက်ရေးအတွက် မြန်မာနိုင်ငံဟာ နိုင်ငံတကာပြဋ္ဌာန်းချက်တွေကို လက်မှတ်ထိုးတားတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါ့ကြောင့် (ILO) ယန္တရားကို တိုင်မယ်လို့ မြန်မာအလုပ်သမား ကိုယ်စားလှယ်အနေနဲ့ ILO ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံထားရတဲ့ ဒေါ်ဖြိုးစန္ဒာစိုးက ပြောပါတယ်။
“အစ်မတို့ အနေနဲ့ကတော့ ခုလာမယ့်နှစ်မှာတော့ ကလေးအလုပ်သမား အသုံးပြုမှုနဲ့ ပတ်သက်ပြီးတော့ ILO ကို တိုင်ကြားမှု စတင်ပြီးတော့လုပ်သွားဖို့အတွက် အစ်မတို့ ပြင်ဆင်ထားပါတယ်”
ဒီလိုတိုင်ကြားလိုက်ရင် အဖွဲ့ဝင်နိုင်ငံတွေက စစ်ကောင်စီနဲ့ မဆက်ဆံတော့မယ့်အပြင် စီးပွားရေးအရ ပိတ်ဆို့ဖိအားပေးတာတွေလည်း ရှိလာမယ်လို့ သူက ပြောပါတယ်။
ILO ရဲ့ ပြဋ္ဌာန်းချက်တစ်ခုဖြစ်တဲ့ အလုပ်လုပ်နိုင်တဲ့ အနိမ့်ဆုံးအသက်အရွယ် သတ်မှတ်ချက်ဆိုင်ရာ ပြဋ္ဌာန်းချက်ကို ၂၀၂၀ ခုနှစ် ဇွန်လ (၈) ရက်နေ့မှာ မြန်မာနိုင်ငံက လက်မှတ်ထိုးခဲ့ပါတယ်။
အဲဒီအပြင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်ကိုလည်း ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၂၇) ရက်နေ့မှာ လက်မှတ်ထိုးခဲ့ပါတယ်။