၇၂ ကြိမ်မြောက် CEDAW အစည်းအဝေးမှာ ရိုဟင်ဂျာအမျိုးသမီးအရေးဆွေးနွေး


2019.02.22
rohingya-women-622 ရိုဟင်ဂျာအမျိုးသမီး ဒုက္ခသည်များ။
Photo: AFP

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂရုံးမှာ ဖေဖော်ဝါရီလ ၂၂ ရက်၊ မနေ့ကပြုလုပ်တဲ့ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေးသဘောတူစာချုပ် CEDAW ကော်မတီရဲ့ ၇၂ ကြိမ်မြောက် အစည်းအဝေးမှာ ရိုဟင်ဂျာအမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ်ကျူးလွန်ထားတဲ့ဖိနှိပ်မှုတွေနဲ့ ပတ်သက်လို့ အဓိကဆွေးနွေးကြပါတယ်။

မြန်မာ့တပ်မတော်ရဲ့ ရခိုင်ပြည်မြောက်ပိုင်းက နယ်မြေရှင်းလင်းတဲ့စစ်ဆင်ရေးမှာ ရိုဟင်ဂျာအမျိုးသမီးနဲ့ မိန်းကလေးတွေကို မုဒိမ်းကျင့်သတ်ဖြတ်ခံရတာ ဘယ်နှစ်မှုလောက်ရှိလဲ၊ ဘယ်နှစ်ယောက်လောက် ဖမ်းဆီးချုပ်နှောင်ထားလဲ၊ မီးဖွားတဲ့ကာလအတွင်း သေဆုံးသူဘယ်နှစ်ယောက်ရှိလဲ၊ ကျူးလွန်သူတွေကို ဘယ်လိုအရေးယူထားလဲ၊ ဆရာဝန်နဲ့သူနာပြုတွေကိုဘယ်လိုစီစဉ်ပေးထားလဲ၊ ကျူးလွန်ခံထားရသူတွေအတွက် ပြန်လည်ကုစားရေးအစီအစဉ်တွေ ဘယ်လိုရှိလဲ၊ ရိုဟင်ဂျာမိန်းကလေးတွေထဲမှာ အဆင့်မြင့်ပညာရေး ပြီးဆုံးအောင် သင်ခွင့်ရတဲ့သူ ဘယ်နှစ်ယောက်ရှိလဲ ဆိုတာတွေကို ကော်မတီဝင်တွေက မေးမြန်းကြပါတယ်။

မုဒိမ်းကျင့်သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဒီလိုလုပ်ရပ်တွေကို လုံးဝခွင့်လွှတ်မှာ မဟုတ်သလို ဖြစ်ရပ်တွေအတွက် သက်သေအထောက်အထား ခိုင်ခိုင်လုံလုံပြရင် အရေးယူမယ်လို့ ကိုယ်စားလှယ်အဖွဲ့ဝင် ရဲမှူးကြီးကျော်ဇေယျက ပြန်ပြီးချေပပါတယ်။


Genocide လို့ခေါ်တဲ့ လူမျိုးတုန်းသုတ်သင်ရှင်းလင်းမှုဆိုတဲ့ စကားလုံးသုံးနှုန်းတာကိုလဲ အလွန်သတိထားပြီး သုံးနှုန်းဖို့ဆိုတဲ့ ကိုဖီအာနန်ရဲ့အစီရင်ခံစာကို ကိုးကားပြီး၊ မြန်မာနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ကပြောပါတယ်။ ကော်မတီကအဆိုပြုတဲ့ အစိုးရအနေနဲ့ လုပ်သင့်တယ်ဆိုတဲ့အကြံပြုချက်တွေအားလုံးကိုဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်လို့ ဆွေးနွေးပွဲဥက္ကဋ္ဌ က နိဂုံးချုပ်ပြောဆိုလိုက်ပါတယ်။

CEDAW ဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ ၁၈ ယောက်အဖွဲ့က မြန်မာနိုင်ငံကိုယ်စားလှယ်အနေနဲ့ တက်ရောက်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲအကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ကောက်နှုတ်တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။