CDM စစ်သားအများစု NUG နဲ့ လက်တွဲဆောင်ရွက်

ပြီးခဲ့တဲ့ သင်္ကြန်နောက်ပိုင်း စစ်ကောင်စီတပ်အတွင်း တပ်ပြေးသူတွေနဲ့ CDM ဝင်ရောက်သူ များနေတာကြောင့် တပ်တွင်းမှာ စည်းကမ်းပိုတင်းကျပ်လာနေပါတယ်။ ဒါကြောင့် စစ်ကောင်စီ တပ်သားတွေဟာ ရှေ့တန်းကို လိုက်ပါပြီးမှ ရှေ့တန်းကတစ်ဆင့် တပ်က ထွက်ပြေးနေကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

စစ်တပ်ဟာ ကိုယ်ထမ်းရွက်ရမယ့် တာဝန်ကို ထမ်းဆောင်တာမဟုတ်တာကြောင့် မိသားစုနဲ့ တိုင်ပင်ပြီး CDM ဝင်ရောက်ခဲ့တာလို့ မန္တလေး ခလရ ၉၅ က တပ်ကြပ်ကြီး သန်းဝင်းက ပြောပြပါတယ်။

“စစ်တပ်က စစ်တပ်အလုပ် မလုပ်ဘဲနဲ့ နိုင်ငံရေးမှာ ခေတ်အဆက်ဆက် ဝင်ပါနေတာ ကျွန်တော်တို့ အနေနဲ့ နားလည်တယ်။ သဘောပေါက်တယ်။ ဒါကြောင့် မိသားစုနဲ့ တိုင်ပင်ပြီး လုပ်လိုက်တာပေါ့။ အခုနောက်ပိုင်း ဝင်လာသူတွေက လေ့လာကြည့်ရင် စစ်တပ်က အင်အားနည်းနေပြီး စစ်ပန်းနေပြီ၊ ပြီးတော့ နောက်တန်းလည်း မပြန်ရတော့ ရှေ့တန်းကပဲ CDM လုပ်ကြတာဖြစ်ပါတယ်”

CDM တပ်ကြပ်ကြီး သန်းဝင်း ပြောပြသွားတာပါ။ လက်ရှိမှာ စစ်တပ်အနေနဲ့ သူတို့တပ်တွေCDM ဝင်မှာကို အထူးစိုးရိမ်ပြီး နည်းမျိုးစုံနဲ့ တားဆီးနိုင်အောင် ကြိုးပမ်းနေပါတယ်။ ဒီအခြေအနေအရ CDM ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ပုံစံလည်း ပြောင်းလာတယ်လို့ ဆိုပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ ပြောတာက ....

“ CDM ဝင်ရောက်တဲ့ပုံတွေက ပထမပိုင်းနဲ့ မတူတော့ဘူး။ ပုံစံတွေပြောင်းလာပြီ၊ အဓိက ကတော့ စကစက တပ်တွင်းမှာ တော်တော်လေးကို ကြပ်လိုက်တာပဲ။ ဒီတော့ ရှေ့တန်းကို လိုက်ကြတယ်။ ရှေ့တန်းရောက်မှ ပြေးကြတယ်။ တစ်ယောက်ချင်းပြေးတာ မဟုတ်ဘူး။ နှစ်ယောက်တို့ သုံးယောက်တို့ ဖြစ်သွားတယ်။ အခုရက်ပိုင်းဆို ကျွန်တော်တို့နဲ့ ဆက်ပြီး ပြေးလာတာ ၁၃ ယောက်လောက် ရှိတယ်။”

သူတို့ဟာ CDM တွေကို ကူညီနေတဲ့ အဖွဲ့တွေနဲ့ ဆက်သွယ်ပြီး ပြေးလာကြသူတွေဖြစ်ပါတယ်။ အခုလို ၁၃ ယောက်ခန့် ချိတ်ဆက်ပြီး ပြေးတယ်ဆိုရင် အမှန်တကယ် လက်တွေ့မှာထွက်ပြေးသူ အခုအရေအတွက်ထက် နှစ်ဆကျော် သုံးဆခန့် ရှိနိုင်တယ်လို့ ဦးမောင်မောင်ဆွေက ပြောပါတယ်။

image (3).jpeg
၂ဝ၂၃ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာတွင် ကျင်းပခဲ့သည့် CDM တပ်သားများနှင့် ပြည်သူ့ရင်ခွင်လုပ်ငန်းအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ မြင်ကွင်းတစ်ခု။ (Photo: NUG Ministry of defence)

CDM စစ်တပ်အရာရှိနဲ့ တခြားအဆင့်တွေကို အကူအညီပေးဆက်သွယ်နေတဲ့ အဖွဲ့အစည်းတွေထဲမှာ ပြည်သူ့ရင်ခွင်၊ မေမေ့ရင်ခွင်၊ ပြည်သူ့ပန်းတိုင် စတဲ့ အဖွဲ့တွေ ရှိကြပြီး CDM တွေကို ဆုငွေချီးမြှင့်တာ အပါအဝင် နေထိုင်ရေးကအစ တခြားအကူအညီတွေ ပံ့ပိုးပေးနေပါတယ်။

ဒီနေရာမှာ မေးစရာရှိတာက CDMတွေဟာ တော်လှန်ရေးအတွက် ဘာတွေပါဝင်ဆောင်ရွက်နေကြပါသလဲဆို တာပါ။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဦးမောင်မောင်ဆွေ ဖြေတာက ...

“ပြည်သူ့ရင်ခွင်ကို ရောက်ရှိလာသူတွေကို သူတို့ရဲ့စိတ်ဆန္ဒကို ပထမဆုံးမေးပါတယ်။ အဲ့ဒီမှာ CDM ဝင်မယ့်သူတွေကို ကျွန်တော်တို့ဆီကိုမလာနဲ့ဦး။ သက်ဆိုင်ရာ သူတို့ဌာနမှာပဲ ဖရဲသီးစီမံချက်မှာ ပါဝင်ဆောင်ရွက်ဖို့ တာဝန်ပေးတာရှိသလို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဝန်ကြီးဌာနအသီးသီးမှာ သူတို့သဘောဆန္ဒအရ တာဝန်ယူသူတွေ ရှိပါတယ်။ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်မယ်ဆိုတဲ့ ရဲဘော်တွေလည်း အများကြီးရှိပါတယ်။”

ဒီအခြေအနေအရ CDM ဝင်လာသူ စစ်တပ်အရာရှိအရာခံနဲ့ တခြားအဆင့်အားလုံးလိုလိုဟာ တာဝန်အသီးသီးကို ထမ်းဆောင်နေကြတာဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။