CDM ဝန်ထမ်းတွေကို စစ်ကောင်စီ အစားထိုးလို့မရနိုင်
2021.04.13
CDM အာဏာဖီဆန်ရေးဝန်ထမ်းလှုပ်ရှားမှုကြောင့် ဝန်ကြီးဌာနလက်အောက်ခံ ယန္တရားတွေ လုံးဝရပ်ဆိုင်းနေပါပြီ။ အဲဒီလှုပ်ရှားမှုကို ထောက်ပံ့ကူညီတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကို စစ်ကောင်စီက ပိတ်ပင်ဖမ်းဆီးနေတာကြောင့် ကူညီရေးလုပ်ငန်းစဉ်တွေအပေါ် ထိခိုက်မှုတစုံတရာ ရှိနေပေမယ့် CDM လှုပ်ရှားမှုဟာ အရှိန်အဟုန်နဲ့ အောင်မြင်နေဆဲဖြစ်ပါတယ်။
CDM လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူတဦးဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီဝင်ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အစိုးရယန္တရား တခုလုံးရပ်ဆိုင်းအောင် သူတို့ ဆောင်ရွက်နိုင်ခဲ့ပြီလို့ အွန်လိုင်းကနေ မနေ့က အခုလို ပြောကြားခဲ့ပါတယ်။
“ကျနော်တို့က Total CDM ဖြစ်အောင်လုပ်နိုင်တယ်။ ယန္တရားကို ရပ်အောင်လုပ်နိုင်တယ်။ အခုထက်ထိ စစ်အာဏာရှင်ဟာ ယန္တရားကို Run လုပ်လို့မရသေးဘူး။ ပုံမှန်သူတို့ ဘယ်နေရမှ မဖြစ်သေးဘူး။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဆိုရင် သူတို့ဘယ်နေရာမှာမှ ဘာမှလုပ်လို့ မရဘူး။”
ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီဝင် ဦးတင့်လွင်ကလည်း CDM ကြောင့် ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍ လုံးဝရပ်ဆိုင်းနေသလို မီးရထားနဲ့ ဘဏ်လုပ်ငန်းတွေကိုလည်း စစ်ကောင်စီအနေနဲ့ လူစားထိုးလို့ လုံးဝမရတဲ့အတွက် အလားတူ ရပ်တန့်နေတယ်လို့ ပြောပါတယ်။
“ဘဏ်တို့ ရထားတို့ဆိုတာ နည်းပညာတတ်ကျွမ်းသူတွေမှ လုပ်လို့ရတာဆိုတော့ တခြားလူနဲ့ အစားထိုးလို့ မရဘူး။ သူတို့ကို ဘယ်လောက် ဖိအားပေးပေးတိမ်းရှောင်နေကြတယ်။ တချို့ဆို လွတ်မြောက်နယ်မြေရောက်နေကြပြီ။ ဘဝရပ်တည်မှုတောင် ဖျက်ပြီး သွားကြတာဖြစ်တယ်။”
ဒီလှုပ်ရှားမှုကိုပံ့ပိုးကူညီနေတဲ့ ရန်ကုန်မြို့ခံတဦးကတော့ CDM ဝန်ထမ်းတွေအနေနဲ့ စစ်တပ်နဲ့ ရဲတွေရဲ့ လူမဆန်အကြမ်းဖက်မှုတွေကြောင့် စစ်ကောင်စီအပေါ်တနေ့တခြား ယုံကြည်မှု ကင်းမဲ့လာပြီး CDM လှုပ်ရှားမှုကို ပိုမိုခိုင်မာလာစေတယ်လို့ ပြောပါတယ်။
“သူတို့ မယုံကြည်ဘူး။ ဝန်ထမ်းတွေက အခုဘာဖြစ်နေလဲဆိုတော့ အခုလို ရက်ရက်စက်စက် လုပ်တာတွေမြင်တော့ ဒီစစ်တပ်အနေနဲ့ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတာ သိတာပေါ့နော်။ လက်ရှိအချိန်မှာ သူတို့ အလံဖြူပြပြီး ပြန်ဝင်သွားလဲ သိပ်မကြာခင်မှာ အနှိမ်ခံရမယ်ဆိုတာ သိတယ်။ နှစ် ၂ဝ လောက် ဝန်ထမ်းလောကကို ဖြတ်သန်းလာတဲ့သူတွေဆို ပိုဆိုးတယ်၊ ကျနော်တို့ သူတို့အကြောင်း သိပြီးသားတဲ့။ ကျနော်တို့မှာတဲ့ လူကြီးနဲ့အဆင်ပြေတဲ့သူဆို နေရာကောင်းရတယ်ပေါ့နော်။ အဆင်မပြေတဲ့သူတွေဆို နေရာကောင်းမရဘူးတဲ့။ လက်သိပ်ထိုးတွေလာတယ်။ အသွင်ပြောင်းတွေလာတယ်တဲ့။ သူတို့မှာ ဘာမှမတတ်တဲ့သူတွေကိုလည်း ဆရာခေါ်ခဲ့ရတယ်တဲ့။ ကျနော်တို့ ဒီအထိသွားပြီးတော့မှ ကျနော်တို့ခုချိန်အလုပ်ပြန်ဝင်တော့ရော ကျနော်တို့ကို သူတို့ လွှတ်ပေးထားမယ်ထင်လို့လားတဲ့”
တကယ်လို့ အလုပ်ပြန်ဝင်ကြရင်လည်း စစ်ကောင်စီသြဇာခံတွေအနေနဲ့ နောက်ပိုင်းမှာ သူတို့ အခြေခိုင်လာတာနဲ့ အမျှ CDM မှာပါဝင်ခဲ့ကြသူတွေကို အရေးယူ ဖိနှိပ်မှာပဲလို့ ဝန်ထမ်းတွေက ယူဆကြပြီး လက်ရှိ CDM မှာမပါဘဲ အလုပ်ဝင်နေကြသူတွေအနေနဲ့လည်း လူထုရဲ့ ဆန့်ကျင်အပြစ်ပေးမှုတွေကြောင့် စိတ်ဓာတ်ပျက်ပြားနေကြတယ်လို့ ဆိုပါတယ်။
“ကျမတို့ပတ်ဝန်းကျင်မှာ သိရသလောက်တော့ အလုပ်ပြန်ဝင်တယ်ဆိုတာ မရှိဘူး။ ဟိုတလောက ဆရာမတွေ အစိုးရဝန်ထမ်းပြုတ်မှာစိုးလို့ မွမ်းမံသင်တန်း သွားတက်တယ်၊ သင်တန်းသွားတက်ပြီး တချို့ဆရာမတွေ ရွာအပြန်မှာ သံပုံးတီးပြီး မောင်းထုတ်တဲ့ ရွာတွေရှိတယ်။ ရွံစရာလိုကို အကြည့်ခံရတာ။ လူထုကကို လက်မခံတာ။ နယ်ဘက်တွေမှာဆို အရမ်းသိသာတာ။ တက်တဲ့လူတွေကို ပြဿနာကို ရှာတော့တာ”
လက်ရှိမှာ CDM ဝန်ထမ်းငွေကြေးထောက်ပံ့မှုလုပ်ငန်းစဉ်မှာ ပါဝင်ကူညီနေတွေကို စစ်ကောင်စီက လိုက်လံ ရှာဖွေဖမ်းဆီးမှုတွေကြောင့် အခက်အခဲတချို့ရှိနေပေမယ့် လမ်းကြောင်းရှာပြီး ပြဿနာတွေကို ဖြေရှင်းနေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။