အခက်အခဲတွေကြားက CDM ကို ဆက်လက် လုပ်ဆောင်မယ်လို့ ဝန်ထမ်းတွေ ပြောကြား
2021.08.09
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ လဆန်းကစပြီး CDM အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုမှာ တပြည်လုံးအနှံ့ရှိ ဝန်ကြီးဌာနဝန်ထမ်းတွေ ပါဝင်ခဲ့တဲ့အတွက် စစ်ကောင်စီအနေနဲ့ ခြောက်လကြာပြီဖြစ်ပေမယ့် လုပ်ငန်းတွေကို ပုံမှန်လည်ပတ်နိုင်ခြင်း မရှိပါဘူး။ ဒီကိစ္စကို ဖြေရှင်းဖို့ ခြိမ်းခြောက်စည်းရုံးတဲ့ နည်းလမ်းတွေကို ကျင့်သုံးခဲ့ပေမယ့် ဝန်ထမ်းအများစုဟာ အခက်အခဲတွေကြားကပဲ ဆက်လက်ကြံ့ခိုင်လျှက်ရှိပါတယ်။
ရန်ကုန်တိုင်းက ကျောင်းဆရာတစ်ဦးရဲ့ ခံယူချက်ကို အခုလို ကြားရပါတယ်။
“ကိုယ်လုပ်မယ့်အလုပ်ကို ပြီးဆုံးအောင်လုပ်မယ်လို့ပဲ တွေးထားတယ် အဆုံးစွန်အထိ။ တချို့ပြန်ဝင်သွားတဲ့သူရှိတယ်။ အများကြီး မဟုတ်ဘူး။ တယောက်ထဲပါပဲ။ မိဘကို မလွန်ဆန်နိုင်လို့ ပြန်ဝင်သွားတာ။ ကျနော်ကတော့ အဆင်မပြေတာတော့ ရှိတာပေါ့။ အလုပ်မရှိဘူးလေ။ အလုပ်မရှိတော့ နည်းနည်းခက်ခဲတာပေါ့။ ဝင်ငွေမရှိတော့ ဒါလည်း ကျနော်တို့က ထင်ပြီးသားလေ။ အရမ်းအခက်အခဲကြီးတော့ မဟုတ်ဘူးလေ တောင့်ခံရမှာပေါ့။ ကျနော်တို့အောင်ကို အောင်မြင်ရမယ် အဲဒါတော့ ယုံကြည်တယ်”

မန္တလေးတိုင်းက အရာရှိတစ်ဦးကလည်း ထောက်ပံ့ကူညီမှုတွေ သိပ်ပြီးမရရှိတဲ့အတွက် သူ့ထက် လစာနည်းသူတွေ အခက်အခဲတွေ ရှိနေပေမယ့် အများစုက စစ်ကောင်စီလက်အောက် ဒူးမထောက်ဘဲ ဆက်လက်ရပ်တည်နေပါတယ်လို့ ပြောဆိုရင်း တခြားသူတွေကို သူ့အနေနဲ့ ထိထိရောက်ရောက် မကူညီနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ RFA ကိုပြောပါတယ်။
“ဒီစစ်အစိုးရ မကျမချင်း ကျမ CDM ကိုပဲ လုပ်မှာပါ။ ကိုယ်နဲ့အသိတွေထဲက စားဝတ်နေရေး အဆင်မပြေလို့ ပြန်ဝင်ဖို့ မဲဆွယ်တာတွေ ရှိပါတယ်။ ကျမတို့ စားဝတ်နေရေးဆိုရင် ကျမက နည်းနည်းအဆင်ပြေပေမယ့် တချို့ဆိုရင် တော်တော်လေး အဆင်မပြေကြတော့ဘူး။ အချင်းချင်းဆီက ကူညီထောက်ပံ့တာ နှစ်ကြိမ်လောက်တော့ ရဖူးတယ်။ ကျမဆိုရင် လုံခြုံရေးကြောင့် ထွက်ပြေးနေရတာ။ တချို့ဆိုရင်လည်း စားဝတ်နေရေးကို ဖြေရှင်းဖို့အတွက် အပြင်မှာ အလုပ်ထွက်လုပ်ချင်ပေမယ့် လုံခြုံရေးကြောင့် မလုပ်နိုင်ဘူး။ ဒါကြောင့် တချို့အနည်းငယ်တော့ ပြန်ဝင်ကြတယ်။ ဒါပေမယ့် အခုထိ တောင့်ခံနေတဲ့သူတွေ အများကြီးပါ။ တစ်ယောက်စ နှစ်ယောက်စလောက်ပဲ ပြန်ဝင်ကြတာ။ ကျမလုပ်ပေးနိုင်သလောက်လုပ်ပေးပါတယ် ကျမတခြားလှူရမယ့်ဟာတွေလည်း ကျမရှိတဲ့ထဲက ခွဲပြီး လှူပါတယ်။ ကျမဒီလောက်ပဲ လုပ်နိုင်တဲ့အတွက် စိတ်မကောင်းပါဘူး။ ဒါပဲလုပ်နိုင်တယ်။ ကျမဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ပါဘူး”

လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီဖြစ်တဲ့ တပ်ကြပ်ကြီးတစ်ဦးကတော့ ပြည်သူတွေကို ကူညီဖို့အတွက် သူဆုံးဖြတ်ပြီး ထွက်လာတာ ဖြစ်တယ်။ အခက်အခဲမှန်သမျှ ရင်ဆိုင်ရင်း Generation Z တွေကို သူသင်တန်း ပေးနေပြီ၊ သူ့လိုလူတွေ အများကြီးပါပဲတဲ့။
“နေရေးထိုင်ရေးက စခန်းတာဝန်ခံတွေ ဖြည့်ဆည်းဆောင်ရွက်ပေးထားတာရှိပါတယ် သုံးဖို့စွဲဖို့အတွက် ငွေရေးကြေးရေးအခက်အခဲ အနည်းငယ်ရှိပါတယ်။ ဒါတွေအတွက်လည်း တပ်ကနေ ထွက်မလာခင်ကတည်းက ကြိုတွေးပြီးသားပါ။ ကျနော်တို့က ထွက်လာပြီဆိုကတည်းက ဘုရင့်နောင် ဖောင်ဖျက်ဆိုသလိုဘဲ ကျနော်တို့ နောက်မဆုတ်တော့ဘူး။ လုံးဝ မအောင်မြင်မချင်း ပြည်သူတွေနဲ့အတူ လက်တွဲပြီး တော်လှန်ရေးမှာ ပါဝင်သွားဖို့ သန္နိဌာန်ချထားပါတယ်။ ပြည်သူတွေလဲ စိတ်မလျှော့ပါနဲ့ ပြောချင်ပါတယ်။ PDF အဖွဲ့တွေ တော်လှန်ရေးလုပ်မယ့် အင်အားစုတွေ လက်နက်ကိုင်အဖွဲ့တွေကို တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပေးပါလို့ ပြောချင်ပါတယ်။ စစ်ဆိုတာလဲ ပြည်သူမပါတဲ့ စစ်က အမြဲရှုံးနိမ့်မှာပဲလေ။ ပြည်သူတွေ ထောက်ခံတဲ့အဖွဲ့ကပဲ နောက်ဆုံးမှာ ဒီမိုကရေစီပန်းတိုင်ကို ရောက်အောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျနာ်တို့က CDM လုပ်ပြီး ဒီအတိုင်းမနေပါဘူး။ တော်လှန်ရေးလာလုပ်တဲ့ GZ လေးတွေ လူငယ်လေးတွေကို ကျနော်တို့ တပ်ထဲမှာ သင်ယူဖူးတဲ့ စစ်ပညာတွေကို မျှဝေပေးနေပါတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း ကျနော်တို့မသိသေးတဲ့ပညာတွေကို တိုင်းရင်းသားလက်နက်ကိုင်တွေဆီက သင်ယူနေပါတယ်”
အာဏာသိမ်းတာ ခြောက်လကြာခဲ့ပြီဖြစ်တဲ့ အခုအချိန်မှာ CDM မှာပါဝင်လှုပ်ရှားနေသူတချို့ဟာ အစိုးရဝန်ထမ်းဘဝကို အပြီးအပိုင် စွန့်လွှတ်ပြီး ကိုယ်ပိုင်လုပ်ငန်းနဲ့ တခြားအလုပ်အကိုင်တွေကို ပြောင်းရွှေ့လုပ်ကိုင်နေကြပါပြီ။ ကိုယ်ပိုင်လုပ်ငန်းက ပိုမိုဝင်ငွေရရှိတယ်လို့ ထုတ်ဖော်ပြောဆိုနေသူတွေလည်း ရှိပါတယ်။ တချို့ကလည်း ပြည်တွင်းလှုပ်ရှားမှုတွေမှာ နည်းမျိုးစုံနဲ့ ပါဝင်နေကြပြီး တချိုကတော့ လွတ်မြောက်နယ်မြေတွေမှာ စစ်ပညာတွေကို လေ့ကျင့်သင်ကြားရင်း NUG နဲ့ တိုင်းရင်းသားအင်အားစုတွေ ပူးပေါင်းဆင်နွှဲမယ့် အာဏာရှင်စနစ် ဖယ်ရှားရေး စစ်ပွဲမှာ ပါဝင်ဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။