ပလက်ဝမှာ ညမထွက်ရအမိန့် ပထမဆုံးအကြိမ် ထုတ်ပြန်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တပ်မတော်နဲ့ AAတို့ကြားဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့် အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရ၊ အထိန်းသိမ်းခံရတာမျိုးလို လုံခြုံရေးပိုင်းစိုးရိမ်ရတဲ့ အတွက် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဒီနေ့ ကြေညာလိုက်ပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မြေပုံကို တွေ့ရစဉ် Photo: Google Map

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ည ( ၆) နာရီကနေ မနက် (၆) နာရီအတွင်း အမိန့်တစ်စုံတရာမရှိဘဲ လုံခြုံရေးတာဝန်ရှိသူမှအပ သွားလာလှုပ်ရှားမှုမပြုဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့  ခွင့်ပြုချက်နဲ့ ပထမဆုံးအကြိမ် အမိန့်ထုတ်ပြန်လိုက်တာလို့ ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက် က ပြောပါတယ်။

တိုက်ပွဲတွေဖြစ်နေတဲ့အပြင် အရပ်သားဖမ်းဆီးခံရမှုတွေ ရှိနေတဲ့အတွက် အခုလို ထုတ်ပြန်တာဖြစ်တယ်လို့ ဝန်ကြီး ဦးစိုးထက် က RFA ကို ပြောပါတယ်။

“လုံခြုံရေးအခြေအနေအရ သူများထက်ကို ပိုဆိုးတဲ့အတွက် ကျနော်တို့ က မနက်(၆)၊ ည(၆)ကိုလုပ်ထားတာ၊ တလောက စက်လှေကနေ နိုင်ငံခြားသား အိန္ဒိယနိုင်ငံသား ငါးဦးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကော ဆယ်ဦး ဖမ်းပြီးတော့ လွှတ်လိုက်တဲ့ နောက်မှာလည်း နယ်မြေက ပိုမအေးချမ်းဘူး။ ပြီးတော့ တိုက်ပွဲတွေလည်းဖြစ်၊ လူထုတွေကလည်း စစ်ဘေးရှောင်ထွက်ပြေးရ အဲဒီလိုတွေ ဖြစ်နေတယ်လေ။ ဒီဟာမျိုးက လုပ်သင့်ပြီလို့ အောက်ခြေက တင်ပြလာတဲ့အပေါ်မှာ ပြည်ထောင်စုကို တင်ပြပြီး ပြည်ထောင်စုက ခွင့်ပြုလို့ ဒီနေ့မနက် ထုတ်လိုက်တာပါ”

ရခိုင်ဒေသတိုက်ပွဲတွေ ပလက်ဝအထိ ကူးစက်လာတာ ကာလအတန်ကြာ ရှိလာချိန်မှာ ဒီအမိန့် ပေါ်ထွက်လာတာပါ။

တိုက်ပွဲကာလအတွင်း အစိုးရက ကောက်ယူထားတဲ့ စာရင်းတွေအရ ပလက်ဝမြို့နယ်မှာ AA က ဖမ်းဆီးသွားသူ  ၁၅၀ ခန့်ရှိပြီး အဲ့ဒီထဲက ပြန်လွတ်လာသူဟာ ၆၅ ဦး၊ သေဆုံးသူ တစ်ဦးနဲ့ ပြန်မလွတ်သေးသူ ၈၄ ဦး ရှိနေတယ်လို့ သိရပါတယ်။

ပြန်လွတ်မလာသေးသူတွေကတော့ ဇန်နဝါရီလက ခမောင်းဝကျေးရွာမှာ ဖမ်းခံရတဲ့ ရခိုင်တိုင်းရင်းသား ၆၉ ဦး၊ သံတောင်ကျေးရွာတဝိုက်က ချင်းတိုင်းရင်းသား ၁၃ ဦး၊ အောက်တိုဘာ ၂၉ ရက်က ဖမ်းဆီးခံရတဲ့ ကျောင်းအထွေထွေဝန်ထမ်း တစ်ဦး၊ ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း တို့ ဖြစ်တယ်လို့ သိရပါတယ်။

ကင်းတလင်းကျေးရွာက  ဖမ်းဆီးခံရသူတွေထဲ တစ်ဦး သေဆုံးပြီး ၅၃ ဦး ပြန်လွတ်လာပါတယ်။ ဆုထူးပန်ကုမ္ပဏီက ရှစ်ဦး နဲ့ တခြားကုမ္ပဏီဝန်ထမ်း တစ်ဦး၊ အောက်တိုဘာလအတွင်း မိသားစုဝင် သုံးဦး အဖမ်းခံရပြီး ပြန်လွတ်လာတယ်လို့လည်း ပြည်နယ်အစိုးရအဖွဲ့ဆီက သိရပါတယ်။

ရက္ခိုင့်တပ်တော် AA အဖွဲ့က ဖမ်းဆီးထားတဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တိုက်တွန်းကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီနေ့ ကြေညာချက် ထုတ်လိုက်ပါတယ်။

ဦးဝှေ့တင်းဟာ ပြည်သူတွေ မဲပေးရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တာကြောင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းဟာ ငြိမ်းချမ်းရေး ကြိုးပမ်းနေမှုကို အနှောက်အယှက်ဖြစ်စေကြောင်းလည်း NLD ပါတီရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

ဒ့ါအပြင် ဦးဝှေ့တင်း ဖမ်းဆီးခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ချင်းပြည်နယ် ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ် သုံးဦးနဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ ဒီနေ့တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖမ်းဆီးခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် မိသားစုဝင်တွေကို ဖုန်းနဲ့ ဆက်သွယ် အားပေးစကားပြောခဲ့ကြောင်းလည်း သိရပါတယ်။

အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးဖို့ NLD ပါတီက တောင်းဆိုချက်နဲ့ ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အရပ်ဖက်အဖွဲ့တွေက ကောက်ယူထားတဲ့ စာရင်းတွေအရ ပလက်ဝမြို့နယ်အတွင်းမှာ စစ်ရှောင် ၁၀၀၀ ကျော် ရှိနေပြီး မီးဇာ၊ သာယာကုန်းနဲ့ ပလက်ဝမြို့ပေါ်က ရပ်ကွက်တွေမှာ ခိုလှုံနေကြတယ်လို့ သိရပါတယ်။

ပလက်ဝစစ်ဘေးဒုက္ခသည် ကူညီကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝေတန်းက နယ်မြေ အေးချမ်းမှု မရှိသေးဘူးလို့ ပြောပြပါတယ်။

“စစ်ဘေးဒုက္ခသည်တွေရောက်တာ လေးလလောက်တော့ ရှိမယ်၊ စည်တောင်ကျေးရွာတို့၊ ကင်းတလင်း ကျေးရွာတို့ဘက်က ပြေးလာကြတာ။ မနေ့တစ်နေ့က လက်နက်ကြီး ပစ်သံတို့ဘာတို့ ကြားရတယ်ဗျ။ ပလက်ဝမြို့ အရှေ့ဘက်ကမ်းမှာ တပ်ရင်းရှိတယ်။ အဲဒီကပစ်တယ်။ ဘယ်ကိုပစ်တယ်ဆိုတာတော့ မသိဘူး”

ဒီနေ့ထုတ်ပြန်တဲ့ ညမထွက်ရ အမိန့်မှာ ပလက်ဝမြို့နယ်အတွင်း လမ်းမကြီး၊ အများပြည်သူသွားလမ်း၊ လမ်းသွယ်၊ လမ်းကြားတွေမှာ ပြစ်မှုတစ်စုံတရာ ကျူးလွန်သော ရည်ရွယ်ချက်နဲ့ ဖြစ်စေ၊ ဆူပူလိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်စေ လူ ငါးဦးနဲ့ အထက် စုဝေးတာ၊ စီတန်းလှည့်လည်တာ မလုပ်ရဘူးလို့လည်း ရေးသားထားပါတယ်။

ထုတ်ပြန်ချက် မလိုက်နာသူကို  တည်ဆဲဥပဒေအရ ဖမ်းဆီးသွားမှာ ဖြစ်တယ်လို့လည်း ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

လုံခြုံရေးအရ ထုတ်လိုက်တဲ့ ညမထွက်ရအမိန့်ကြောင့် ကျေးရွာတွေဘက်က ဒေသခံတွေ တောင်ယာလုပ်ငန်း လုပ်ကိုင်ဖို့ သွားလာရာမှာ အခက်အခဲရှိနိုင်တယ်လို့ ပလက်ဝမြို့ခံ ဦးပီတာလွယ်လူးက ပြောပါတယ်။

“အုပ်ချုပ်ရေးမှူးတွေက ဒေသခံတွေအတွက် လုံခြုံအောင်ဆိုပြီးမှ ထုတ်လိုက်တာဖြစ်မှာပါ။ ပလက်ဝမြို့နယ် လို့ ရေးထားတဲ့အတွက် နယ်ဘက်ကလူတွေက တောင်ယာတွေ၊ အခင်းတွေ လုပ်ကြတာဆိုတော့ နေမပူခင်မှာ တောင်ယာအခင်းတွေကို သွားလေ့ရှိတယ်။ ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း မထွက်ရဘူးဆိုတော့ လယ်ယာလုပ်တဲ့သူတွေ၊ တောင်ယာလုပ်တဲ့သူတွေအတွက်တော့ ဒုက္ခရောက်မယ်ထင်တယ်”

ပလက်ဝမြို့နယ်မှာ ထုတ်ထားတဲ့ ညမထွက်ရ အမိန့်ဟာ ဒီနေ့က စတင်ပြီး လာမယ့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၉ ရက်နေ့အထိ အကျုံးဝင်မှာ ဖြစ်ပါတယ်။

အလားတူ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာလည်း ပြီးခဲ့တဲ့ ဧပြီလက ညမထွက်ရအမိန့်တွေ အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org