ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အချုပ်သားတွေပါဝင်တဲ့ ရဲယာဉ်တန်း မနေ့ညနေပိုင်းက မိုင်းဆွဲ တိုက်ခိုက် ခံရတာကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးပြီး ရဲတပ်ဖွဲ့ဝင် သုံးဦးနဲ့ အချုပ်ကျနေတဲ့ အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တရားရုံးကနေ ဘူးသီးတောင်အကျဉ်းစခန်းကို ပြန်လာတဲ့ အချုပ်ကားနဲ့ လုံခြုံရေးကားတန်းဟာ မနေ့ညနေ လေးနာရီခွဲလောက်မှာ မောင်တော-ဘူးသီးတောင် ကားလမ်း မိုင်တိုင်အမှတ်- ၅/၂ အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာပါ။
ဒီနေ့ထုတ် အစိုးရပိုင်သတင်းစာတွေမှာတော့ အေအေအဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်နက်ငယ်တွေနဲ့ မိနစ် ၂၀ ခန့်ကြာအောင် အပြန်အလှန်ပစ်ခတ်ခဲ့ရတယ်လို့ ဖော်ပြပါတယ်။
အဲဒီကားတန်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၄ ဦး၊ အချုပ်တရားခံ အမျိုးသား/အမျိုးသမီး ၃၀ ဦး လိုက်ပါလာတာလို့လည်း ဆိုပါတယ်။
ဒဏ်ရာရရှိသူတွေကို ဘူးသီးတောင်မြို့ တပ်မတော်စစ်ဆေးရုံမှာ ဆေးကုသဖို့ ပို့ဆောင်ခဲ့ပြီးနောက် ရဲတပ်သား ထွန်းအောင်ကျော်နဲ့ ရဲတပ်ကြပ် ဟိန်းဇော် တို့ နှစ်ဦးကတော့ ရရှိထားတဲ့ဒဏ်ရာတွေနဲ့ ညနေ ငါးနာရီခွဲလောက်မှာ သေဆုံးသွားပါတယ်။
တပ်ဖွဲ့ဝင်တွေက ဖမ်းလားဆီးလားလုပ်မှာကို စိုးရိမ်ကြတယ်။ ဒါပေမဲ့ အခုတော့ ဘာမှမဖြစ်သေးဘူး
ဒီဖြစ်ရပ်ကြောင့် မနေ့ညနေပိုင်းမှာ ကားလမ်းပေါ်မှာ အသွား အလာတွေ ရပ်တန့်သွားခဲ့တယ်လို့ ဘူးသီးတောင်မြို့နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ က ပြောပါတယ်။
“မနေ့က မိုင်းခွဲခံရပြီးနောက်ပိုင်း တစ်နာရီနှစ်နာရီလောက်တော့ အသွားအလာတွေ မရှိတော့ဘူး။ ဒါပေမဲ့ ဒီမနက်ကတော့ ပုံမှန်နဂိုအတိုင်းပဲ ကားတွေသွားလာနေကြတယ်။ ဘူးသီးတောင်-မောင်တော ကားလမ်းလည်း ဘာမှမဖြစ်တော့ဘူး။ ပုံမှန်သွားနေကြတယ်။ ဒေသခံတွေမှာတော့ စိုးရိမ်ကြတာပေါ့။ တပ်ဖွဲ့ဝင်တွေက ဖမ်းလားဆီးလားလုပ်မှာကို စိုးရိမ်ကြတယ်။ ဒါပေမဲ့ အခုတော့ ဘာမှမဖြစ်သေးဘူး”
မနေ့ကဖြစ်စဉ်နဲ့ပတ်သက်လို့ နောက်ဆက်တွဲအခြေအနေကိုသိနိုင်ဖို့ တောင်ဘဇာနယ်မြေရဲစခန်းနဲ့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေထံ RFA က ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
အမည်မဖော်လိုတဲ့ တပ်မတော်အရာရှိတစ်ဦးကတော့ မနေ့က ဖြစ်ရပ်ကိုလုပ်ဆောင်ခဲ့တဲ့ အေအေအဖွဲ့ဝင်တွေကို စုံစမ်းဖော်ထုတ်ပြီးအရေးယူဖို့ တောင်ဘဇာနယ် မြေရဲစခန်းမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(က)/၅၄ နဲ့ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အေအေ အဖွဲ့က ရမယ်ရှာပြီးလုပ်တာဖြစ်နိုင်တယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့က ရွာတွေဘာတွေကို စစ်တဲ့အခါမှာကျတော့လည်း နိုင်ငံတကာဥပဒေတွေနဲ့ညီအောင် ဆိုပြီးတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပေါင်းပြီးတော့မှနော် ဒီလိုဟာမျိုးတွေ ဧည့်စာရင်းစစ်တာတို့ ဘာတို့ကတော့ ဒါရဲအလုပ်ဖြစ်တဲ့အတွက်မို့လို့ ရဲနဲ့တော့ ပေါင်းလုပ်တာရှိတယ်။ အခြားတိုက်ခိုက်ရေးမှာတော့ ဘာမှလုပ်တာ မရှိဘူး။ ကျွန်တော်တို့ တပ်မတော်သပ်သပ်ပဲ နယ်မြေရှင်းလင်းရေး၊ နယ်မြေစိုးမိုးရေး လုပ်နေတာရှိတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တရားဥပဒေစိုးမိုးရေးအတွက်ပဲလုပ်တာ။ သူ့ဟာသူလျှောက်ပြီးတော့ လုပ်ချင်တဲ့အတွက်မို့လို့ ပြောချင်ရာပြောနေတဲ့ အဓိပ္ပါယ်ပဲ”
ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခကတော့ မနေ့က တိုက်ခိုက်မှုဟာ သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

“အဲဒီကိစ္စကတော့ ကျွန်တော်တို့နဲ့တော့ ဘာမှပတ်သက်မှု မရှိဘူးဗျ။ အဲဒီမှာ ကျွန်တော်တို့လည်း မြေပြင်တပ်ဖွဲ့တွေကို လှမ်းပြီးတော့ မေးပြီးပြီ။ ကျွန်တော်တို့ဘက်က လုပ်တာမဟုတ်ဘူး။ ဖြစ်နိုင်ခြေ ရှိတဲ့ဥစ္စာကတော့ ဗမာစစ်တပ်ဘက်ကနေပြီးတော့ သူတို့ဟာသူတို့ မိုင်းထောင်ပြီးတော့ ဖောက်ခွဲတာလည်းဖြစ်နိုင်တယ်။ တဖက်မှာ လည်းပဲ အေအေကိုနေပြီးတော့ စွပ်စွဲဖို့အတွက် ရဲတွေကို ဓားစာခံလုပ်တာဖြစ်နိုင်တယ်လို့ ကျွန်တော်တို့က အဲလိုသုံးသပ်တာ ရှိတယ်။ ဒီကိစ္စဘယ်သူ လုပ်သလဲဆိုတာကို ကျွန်တော်တို့လည်း ဆက်ပြီးစုံစမ်းနေတယ်ဗျ”
အေအေ အဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီလ လေးရက်နေ့က ဘူးသီးတောင်မြို့နယ်က နယ်ခြားစောင့်စခန်း လေးခု၊ မတ်လ ကိုးရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရဲစခန်း၊ ဧပြီလ ကိုးရက်နေ့မှာ မြောက်ဦးမြို့ ရဲတပ်ရင်းဌာနချုပ်၊ ဇူလိုင်လ ၂၆ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ် ညောင်ချောင်း နယ်ခြားစောင့်စခန်း စတာတွေကို တိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် မောင်တောနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာလည်း ရဲတပ်ဖွဲ့ကားတွေ တိုက်ခိုက်ခံရတဲ့ တခြားဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
ဒီဖြစ်စဉ်အားလုံးမှာ သေဆုံးတဲ့ ရဲတပ်ဖွဲ့ဝင်ဦးရေ ၃ဝ ကျော် ရှိတယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေ မကြာခဏဆိုသလို တိုက်ခိုက်ခံနေရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရဲ့သဘောထားကိုသိရှိနိုင်ဖို့ RFA က ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို ဒီနေ့ညနေက မေးမြန်းခဲ့ပါတယ်။
ဝန်ကြီး ဦးဝင်းမြင့်ကတော့ စစ်ရေးကာလဖြစ်လို့ သူ့အနေနဲ့ ထူးထူးခြားခြားမှတ်ချက် မပေးလိုဘူးလို့ ပြောပါတယ်။

“အခုလောလောဆယ် ဒီနေရာသည် စစ်ဖြစ်နေတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်မြောက်ပိုင်းတခွင်က စစ်ဖြစ်နေတယ်ဆိုတဲ့အခါမှာ ဒါတွေကတော့ အထူးအထွေပြောဖို့တော့ မလိုအပ်ဘူးထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တို့မည်သည်ရဲ့သဘောတရားကို အားလုံးသိတယ်။ စစ်ဆိုတာ သူလည်းသူနိုင်မယ့်နည်းလမ်းသုံးမှာ။ ကိုယ်လည်း ကိုယ်နိုင်မယ့်နည်းလမ်းကိုသုံးမှာ။ ကမ္ဘာပေါ်မှာ အဆက်ဆက်စစ်တိုက်လာခဲ့ကြတယ်။ စစ်တိုက်တဲ့ သဘော သဘာဝအတိုင်းပဲသွားတယ်။ ဒါကြောင့်မို့လို့ ဒီအပေါ်မှာတော့ သီးခြားကြီးမှတ်ချက်ပေးစရာတော့ မလိုအပ်ဘူးလို့ထင်တယ်”
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာ အခုဆိုရင် အချိန် တစ်နှစ်နီးပါးအထိ ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် ဒီနေ့အထိ လူပေါင်း သုံးသောင်းကျော်ဟာ ကယ်ဆယ်ရေးစခန်း ၁၀၈ ခုမှာ ခိုလှုံနေကြရတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။