ရိုဟင်ဂျာ ခုနစ်ထောင်ခန့် ထိန်းချုပ်နယ်မြေထဲခိုလှုံလာကြောင်း AA ပြော
2024.05.13

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာ ခုနစ်ထောင်ခန့်ဟာ AA ထိန်းချုပ်နယ်မြေထဲကို မေလ ၈ ရက်နေ့က ပြောင်းရွှေ့ခိုလှုံလာကြတယ်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ပေးရေးရုံး (HDCO) က ဒီနေ့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ရော ဂျက်တိုက်လေယာဉ်နဲ့ပါ ပစ်ခတ်မှုတွေကြောင့် ကကျဘတ်၊ ကကျဘတ်ကံပြင်၊ မြောင်းနား၊ အလယ်ချောင်း၊ ဘဂုံးနား၊ လက်သာ စတဲ့ ကျေးရွာတွေက ရိုဟင်ဂျာတွေ ထွက်ပြေးခိုလှုံလာတာလို့ ဆိုပါတယ်။ အခု ရိုဟင်ဂျာ ခုနစ်ထောင်အပြင် အဲဒီရွာတွေက အချို့ရိုဟင်ဂျာတွေဟာ စစ်ကောင်စီထိန်းချုပ်ရာ ဘူးသီးတောင်မြို့နယ် အမှတ်(၈) နယ်ခြားစောင့်ရဲတပ်ရင်းထဲကို ဝင်ရောက်သွားတာတွေလည်း ရှိတယ်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
AA အဖွဲ့က ထုတ်ပြန်တဲ့ ဗွီဒီယိုဖိုင်မှာတော့ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ နာမကျန်းသူတွေလည်း ပါဝင်ပြီး ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပေးတာ၊ ကူညီဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။
ခိုလှုံလာတဲ့ ရိုဟင်ဂျာတွေကို ရက္ခိုင့်တပ်တော် (AA) က ကောင်းကောင်းမွန်မွန်ထားတာတွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘူးသီးတောင်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"ULA/AA ကတော့ ကောင်းကောင်းမွန်မွန်ထားပါတယ် သူတို့ကို။ သူတို့ရဲ့ လိုအပ်ချက်တွေ အကုန်လုံး ဖြည့်ဆည်းပေးတာပေါ့။ သူတို့သွားချင်တဲ့နေရာ၊ သူတို့နေချင်တဲ့နေရာ၊ သူတို့ကို အကုန်လုံးကောင်းကောင်းမွန်မွန် ထားပါတယ်။ သူတို့ဆေးတွေ ဆိုလို့ရှိရင်လည်း သူတို့ကျန်းမာရေးအရ စောင့်ရှောက်ပေးတာပေါ့။ အခြေအနေအရပ်ရပ်ပေါ် မူတည်ပြီးတော့ သူတို့ကို အတိုင်းအတာတစ်ခုထိတော့ ထားမှာပေါ့လေ"
ရိုဟင်ဂျာတွေရဲ့ လုံခြုံရေးကြောင့် သူတို့ကိုဘယ်နေရာမှာထားတယ်ဆိုတာကိုတော့ ဒေသခံတွေက မပြောလိုကြသလို ရက္ခိုင့်တပ်တော်(AA)ကလည်း ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။
ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ရိုဟင်ဂျာတွေကို တိုက်ရိုက်ဆက်သွယ်မေးမြန်းဖို့ RFA က ကြိုးစားခဲ့ပေမဲ့ ဖုန်းလိုင်းဆက်သွယ်ရေးအခက်အခဲကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။
ပြီးခဲ့တဲ့ သီတင်းပတ်က ဘူးသီးတောင်ဒေသခံ ရိုဟင်ဂျာတစ်ဦးကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ တိုက်ပွဲတွေဟာ ရိုဟင်ဂျာကျေးရွာတွေနားအထိ ကျယ်ပြန့်လာနိုင်တာကြောင့် တိုက်ပွဲတွေပြင်းထန်လာရင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုတွေကို စိုးရိမ်ရတဲ့အတွက် အဲဒီရိုဟင်ဂျာရွာသားတွေကို တိမ်းရှောင်ဖို့ ရက္ခိုင့်တပ်တော် (AA) က အကြောင်းကြားထားတယ်လို့ RFA ကိုပြောဆိုခဲ့ပါတယ်။
ရိုဟင်ဂျာတွေအရေး တက်ကြွလှုပ်ရှားသူ ကိုနေဆန်းလွင်ကတော့ ရက္ခိုင့်တပ်တော် (AA) က ရိုဟင်ဂျာတွေကို အခုလို ခိုလှုံခွင့်ပေးတာဟာ ကောင်းတဲ့လက္ခဏာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
"လူတွေကိုခိုလှုံခွင့်ပေးတာက အခုမှ မဟုတ်ပါဘူး။ အရင်က တခြားနေရာတွေမှာလည်း ခိုလှုံခွင့်ပေးတာရှိတယ်။ နောက်ပြီးတော့ AA ထိန်းချုပ်နယ်မြေတွေမှာလည်း ရခိုင်နဲ့ ရိုဟင်ဂျာနဲ့ အတူတူရှိနေတာလည်း အများကြီး ရှိပါတယ်။ ဒါက ကောင်းတဲ့လက္ခဏာပဲ။ ကျွန်တော့်အနေနဲ့တော့ အခုလိုပဲ ကောင်းတဲ့ဘက်ကိုပဲ ဦးတည်ဖို့ အမြဲတမ်းတိုက်တွန်းတယ်။ အဲဒီအခါကျမှ ငြိမ်းငြိမ်းချမ်းချမ်း အတူတူနေလို့ရမယ်။ ပျက်စီးနေတဲ့နေရာတွေကို အားလုံးဝိုင်းဝန်းပြီးကောင်းမွန်အောင် တည်ဆောက်လို့ရမယ်။ ဒါကိုတော့ အမြဲတမ်းတိုက်တွန်းပါတယ်"
အလားတူပဲ မောင်တောမြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။
"လူတွေကိုခိုလှုံခွင့်ပေးတာက အခုမှ မဟုတ်ပါဘူး။ အရင်က တခြားနေရာတွေမှာလည်း ခိုလှုံခွင့်ပေးတာရှိတယ်"
ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
ဘူးသီးတောင်မြို့နယ်မှာ စစ်ကောင်စီအခြေစိုက် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ လက်အောက်ခံ စစ်ကောင်စီတပ်ရင်း လေးရင်းကို ရက္ခိုင့်တပ်တော် (AA) က မေလ ပထမပတ်က သိမ်းပိုက်ထားပြီး ကျန်တဲ့ တပ်ရင်းတွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စတင်ဖြစ်ပွားခဲ့တဲ့ တစ်ကျော့ပြန်တိုက်ပွဲအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ တစ်သိန်းခြောက်သောင်းကျော်အထိရှိနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က မေလ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။