ဘူးသီးတောင်နဲ့ မောင်တောတိုက်ပွဲ ရိုဟင်ဂျာသောင်းချီ ထွက်ပြေးနေရ

RFA Burmese
2024.05.09
ဘူးသီးတောင်နဲ့ မောင်တောတိုက်ပွဲ ရိုဟင်ဂျာသောင်းချီ ထွက်ပြေးနေရ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှ ရိုဟင်ဂျာများအား ၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်းက တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ မေလ ၆ ရက်နေ့ကနေ ၉ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေတာကြောင့် ရိုဟင်ဂျာ လေးသောင်းနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရိုဟင်ဂျာတွေက RFA ကို ပြောပါတယ်။

“အသက်လုံခြုံမှုအခြေအနေ လုံးဝမရှိဘူးဗျ။ အပေါ်ကလည်း လေယာဉ်တွေနဲ့ပစ်တယ်"

တိုက်ပွဲနဲ့နီးကပ်တဲ့ ဘူးသီးတောင်မြို့နယ် ကကျက်ဘက်၊ အလယ်ချောင်းနဲ့ ဘဂုံးနားရွာ၊ မောင်တောမြို့နယ် ပေါင်းဇားနဲ့ လှဘော်ဇား ကျေးရွာတွေအပါအဝင် အနီးအနားကျေးရွာပေါင်း ဆယ်ရွာကျော်က ရိုဟင်ဂျာ လေးသောင်းနီးပါး ထွက်ပြေးနေရတာလို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူ ကိုနေဆန်းလွင်က ပြောပါတယ်။

“ကျွန်တော်တို့မှာ အတော်လေးကို အခက်အခဲရှိတယ်။ စစ်ဘေးရှောင်ဆိုပြီး ဒုက္ခသည်စခန်းတွေမှာလည်း နေလို့မရဘူး။ နောက်ပြီးတော့ ကျွန်တော်တို့ကို လူသားချင်းစာနာမှုအထောက်အပံ့တွေလည်း ဘယ်သူမှ ပေးနေမှာ မဟုတ်ဘူး။ အမျိုးသမီးတွေရှိတယ်၊ ကလေးငယ်တွေရှိတယ်၊ လူကြီးတွေရှိတယ်။ လမ်းမလျှောက်နိုင်တဲ့ လူတွေရှိတယ်။ ဘူးသီးတောင်၊ မောင်တော ပေါင်းလိုက်မယ်ဆိုလို့ရှိရင် အနည်းဆုံး လေးသောင်း၊ ငါးသောင်းလောက်ရှိတယ် ထွက်ပြေးနေရတာ”

ဘူးသီးတောင်နဲ့ မောင်တောမြို့နယ် ကျေးရွာတွေက ရိုဟင်ဂျာတွေကို သုံးရက်ဆက်တိုက် ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပြီးမှ ဒီအရေအတွက်ကို ပြောဆိုတာလို့လည်း ကိုနေဆန်းလွင်က ရှင်းပြပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်ရဲ့ အခြေအနေဟာ ရှုပ်ထွေးနေပြီး ရိုဟင်ဂျာတွေဟာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား နှစ်ဖက်စလုံးရဲ့ အသုံးချမှု၊ ဖိနှိပ်မှုတွေကို ခံနေရတယ်လို့ ပြောပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ၂၀၁၇ ခုနှစ် လူဦးရေစာရင်းကို ကိုးကားပြီး ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM နဲ့ USAID တို့ ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း ထုတ်ပြန်တဲ့ သဘာဝဘေးဒဏ်စီမံခန့်ခွဲရေး အစီရင်ခံစာအရ မောင်တောမြို့နယ်မှာ မြို့ပေါ် ၂၄ ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၃၆၄ ရွာရှိပြီး လူဦးရေ တစ်သိန်းကျော် နေထိုင်ပါတယ်။ အများစုက ရိုဟင်ဂျာ မွတ်စလင်တွေ ဖြစ်ပါတယ်။

ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေကတော့ ရိုဟင်ဂျာလူဦးရေဟာ ဘူးသီးတောင်မြို့နယ်မှာ နှစ်သိန်းနီးပါး၊ မောင်တောမှာ ရှစ်သောင်းနီးပါး စုစုပေါင်း သုံးသိန်းနီးပါး ရှိတယ်လို့ ပြောပါတယ်။

လောလောဆယ် ထွက်ပြေးတိမ်းရှောင်နေရတဲ့ မောင်တောမြို့နယ်က ရိုဟင်ဂျာတစ်ဦးကတော့ ရက္ခိုင့်တပ်တော် (AA) က ကြိုတင်တိမ်းရှောင်ခိုင်းတာကြောင့် အခုလို ထွက်ပြေးလာတာလို့ RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ထွက်ပြေးလာတာက AA ကပြောတယ် ဒီမှာတိုက်ပွဲဖြစ်မယ် ရှောင်နေကြဆိုပြီး လွှတ်လိုက်တာ။ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်မှာလေ။ အဲဒါကြောင့် ဒီမှာနေလို့ မရဘူး။ မြို့ပေါ် ကို သွားလိုက်ဆိုပြီး ပြောလိုက်တာ။ လေယာဉ်တွေနဲ့ လာပစ်မှာကိုလည်း စိုးရိမ်ရပါတယ်။ AA က ဘာမှ မလုပ်ပါဘူး။ သူတို့ရှောင်ခိုင်းတာပါ။ အဲဒါကြောင့် ရှောင်လာခဲ့တာ”

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော်ပြောခွင့်ရ ဦးခိုင်သုခကို RFA က အွန်လိုင်းကတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။

rohingya-04.jpg
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က ဆန္ဒပြခဲ့ကြသည့် ရိုဟင်ဂျာများ။ (ဓာတ်ပုံ - ဟန်ငြိမ်းဦး)

မောင်တောမြို့နယ်မှာ မေလအတွင်း တိုက်ပွဲတွေ ပိုပြင်းထန်လာပြီး စစ်ကောင်စီတပ်ကလည်း ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲနေသလို အမှတ် (၅) မြို့သူကြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲကလည်း လက်နက်ကြီးတွေနဲ့ နေ့စဉ် ပစ်ခတ်တယ်နေတယ်လို့ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတဲ့ ရိုဟင်ဂျာတွေက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာတစ်ဦးကတော့ လက်ရှိအခြေအနေဟာ သူတို့အတွက် အသက်အန္တရာယ်ပါ ခြိမ်းခြောက်ခံနေရတဲ့ အခြေအနေလို့ RFA ကို ပြောပါတယ်။

“အသက်လုံခြုံမှုအခြေအနေ လုံးဝမရှိဘူးဗျ။ အပေါ်ကလည်း လေယာဉ်တွေနဲ့ပစ်တယ်။ အခု မိသားစုနဲ့ ထွက်ပြေးလာတာ။ ကလေးတွေရော အကုန်လုံးပေါ့။ တစ်ရွာလုံး တိုက်ပွဲဖြစ်တဲ့နေရာက ထွက်ပြေးနေရတာ။ ရွာခြောက်ရွာ၊ ခုနစ်ရွာလောက် ထွက်ပြေးလာခဲ့တယ်။ စိုးရိမ်နေရတာပေါ့။ အကုန်လုံး စိုးရိမ်သောကနဲ့ နေနေရတာပဲ။ စားဖို့သောက်ဖို့တောင်မှ လုံးဝအခက်အခဲဖြစ်သွားပြီ”

မောင်တောမြို့နယ် ဝေသာလီရွာမှ မီးရှို့ခံရသည့် နေအိမ်အချို့အား ၂၀၂၄ ခုနှစ် မေလ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
မောင်တောမြို့နယ် ဝေသာလီရွာမှ မီးရှို့ခံရသည့် နေအိမ်အချို့အား ၂၀၂၄ ခုနှစ် မေလ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

လက်ရှိမှာ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ် ကျေးရွာတွေက ရိုဟင်ဂျာတွေဟာ မြို့ပေါ်ကို ထွက်ပြေး တိမ်းရှောင်လို့ မရတာကြောင့် နီးစပ်ရာကျေးရွာတွေမှာပဲ ဖြစ်သလို နေထိုင်စားသောက်နေရတယ်လို့ သူက ဆိုပါတယ်။

အလားတူ မောင်တောနဲ့ ဘူးသီးတောင်က တိုက်ပွဲတွေကြောင့် ရခိုင်တိုင်းရင်းသားတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မောင်တောမြို့နယ် ရွှေရင်အေးနဲ့ ဝေသာလီကျေးရွာက နေအိမ် ငါးဆယ်နီးပါးကို စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကောင်စီတပ်က သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေက မေလ ၆ ရက်ကနေ ၉ ရက်နေ့အတွင်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်တာ အချိန်ခြောက်လနီးပါး ရှိပြီး အဲဒီတိုက်ပွဲကာလအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်း ခြောက်သောင်း ခြောက်ထောင်ကျော် ရှိသွားပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။