ဘူးသီးတောင်နယ်ကရွာတွေ အပစ်ခံရ၊ ရိုဟင်ဂျာ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ စိုင်းဒင်တံတားအနီး သရက်ပြင်၊ ကြာညိုပြင်ကျေးရွာတွေမှာ မနေ့က လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ နေအိမ် ၃၀ ကျော်မီးလောင်ပြီး လူ သုံးဦး ထိခိုက်ဒဏ်ရာရသွားသလို ဒီနေ့မှာလည်း အဲဒီအနားက ဖုံညိုလိပ်ကျေးရွာမှာ ကျည်ဆံထိမှန်လို့ ဒေသခံတစ်ဦး သေဆုံးခဲ့ပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲက မွတ်စလင် ကျေးရွာကို တွေ့ရစဉ် Photo: AFP

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ စိုင်းဒင်တံတားအနီး သရက်ပြင်၊ ကြာညိုပြင်ကျေးရွာတွေမှာ မနေ့က လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ နေအိမ် ၃၀ ကျော်မီးလောင်ပြီး လူ သုံးဦး ထိခိုက်ဒဏ်ရာရသွားသလို ဒီနေ့မှာလည်း အဲဒီအနားက ဖုံညိုလိပ်ကျေးရွာမှာ ကျည်ဆံထိမှန်လို့ ဒေသခံတစ်ဦး သေဆုံးခဲ့ပါတယ်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတဲ့ ကျေးရွာတွေဟာ ဘူးသီးတောင်မြို့ အရှေ့ဘက် စိုင်းဒင်တံတားအနီးမှာ ရှိတဲ့ကျေးရွာတွေဖြစ်ပါတယ်။

ဒီနေ့နေ့လယ်ပိုင်းမှာ ဖုံညိုလိပ်မွတ်စလင်ကျေးရွာက အသက် ၄၀ ကျော်အရွယ် ဦးရှောင်ရှူအာလောင်ဟာ ရွာပြင်နားမှာ အလုပ်လုပ်နေရင်း အနီးကဈေးဆိုင်တစ်ခုမှာ ခဏနားနေရာကနေ ကျည်ထိမှန်ပြီး သေဆုံးသွားတာလို့ ကျေးရွာလူကြီးတွေက RFA ကိုအတည်ပြုပြောပါတယ်။

ခါးမှာကျည်ဆံထိမှန်သွားတဲ့ ဦးရှောင်ရှူအာလောင်ကို ဘူးသီးတောင် ဆေးရုံကို မော်တော်ဘုတ်နဲ့ အရေးပေါ် ပို့ဆောင်ဖို့ ကြိုးစားနေစဉ်မှာပဲ သေဆုံးသွားခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာ လူကြီးပိုင်းတစ်ဦးက ပြောပါတယ်။

“ရပ်ကွက်ထဲမှာ လယ်လုပ်နေရင်း သူကဆိုင်မှာခဏထိုင်နေပါတယ်။ စားကုန်ဆိုင်မှာပါ။ ဆိုင်မှာ ထိုင်နေရင်း ကျည်ဆံလာထိတာပါ။ မြို့နယ်အုပ်ချုပ်ရေးမှူးကနေတဆင့် အိုင်စီအာစီကို ဖုန်းဆက်ပါတယ်။ အိုင်စီအာရီဘုတ် လာတဲ့အခါမှာ သူ့ကိုပို့ဖို့သွားပါတယ်။ သူကတော့ လမ်းတစ်ဝက်မှာပဲ ဆုံးသွားပါတယ်” လို့ သူကပြောဆိုသွားတာပါ။

ဒီဒေသတဝိုက်မှာ တပ်မတော်နဲ့ အေအေအဖွဲ့တို့ စစ်ရေးအခြေအနေတွေ ပြင်းထန်နေသလို ဘယ်အရပ်က လာတဲ့ကျည်မှန်းမသိရတဲ့အတွက် ဘယ်သူ့လက်ချက်ဆိုတာကို မသိနိုင်ဘူးလို့ ရွာလူကြီးတွေက ပြောပါတယ်။

ကျည်ထိမှန်သေဆုံးသွားတဲ့ ဦးရှောင်ရှူအာလောင်ကို  ဒီမှာပဲ ရွာမှာ သဂြိၤုဟ်လိုက်ပါတယ်။

မနေ့က နေ့လယ် သုံးနာရီလောက်ကလည်း စိုင်းဒင်တံတားအနီးက သရက်ပြင်ရခိုင်ရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ နေအိမ် ခြောက်လုံး မီးလောင်သွားသလို သရက်ပြင် မွတ်စလင်ရွာမှာလည်း လက်နက်ကြီးကျည်ကြောင့် နေအိမ် ၂၉ လုံး မီးလောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကြောင့် နေအိမ်တွေ မီးလောင်သွားတာနဲ့ ပတ်သက်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ မျက်မြင်သက်သေ အမျိုးသမီးတစ်ဦး ပြောတာက ---  

“အခုဖြစ်နေတဲ့ရွာနဲ့ ကျွန်မတို့က နီးနီးလေးလေ။ ဗုံးခိုတွင်းထဲမှာ ပုန်းနေရာကနေ ထွက်ကြည့်တော့ မီးခိုးတွေ ထွက်နေတာကို မြင်တာ။ ရခိုင်ရွာကတော့ ခြောက်လုံးလောက် လောင်သွားတယ်။ နောက် ကုလားရွာမှာတော့ အိမ်ခြေ ၃၀ လောက် ရှိတယ်။ အဲဒီအထဲက ၂၉ လုံးလောင်သွားတယ်။ အိမ် တစ်လုံးပဲ ကျန်တယ်။ တပ်မတော် ဘက်ကလူတွေက လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ ပစ်ကြတယ်။ ပစ်ကြတဲ့အခါ ကုလားရွာထဲက လူတွေ ထွက်ပြေးကြတယ်။ ထွက်ပြေးတဲ့အခါ လက်နက်ကြီးက အိမ်တစ်လုံးမှာ အရင်ကျပြီး မီးကနောက်အိမ်တွေပါ ကူးသွားတာပေါ့။ မီးလောင်တဲ့အချိန်မှာ လေကလည်း တအားတိုက်နေတယ်”

တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေရာကနေ ရွာထဲကို ကျရောက်ပြီး အခုလို မီးလောင်မှု ဖြစ်ခဲ့တာလို့ ဒေသခံတွေက ပြောကြပါတယ်။

တစ်ချိန်တည်းမှာပဲ မနေ့က လက်နက်ကြီးက ကြာညိုပြင်မွတ်စလင်ရွာထဲကို ကျရောက်ပေါက်ကွဲလို့  ရိုဟင်ဂျာ သုံးဦး ဒဏ်ရာအပြင်းအထန်ရပြီး ဘူးသီးတောင်ဆေးရုံမှာ ဆေးကုသနေပါတယ်။

သူတို့တွေကတော့ ၂ နှစ်အရွယ် ကလေးတစ်ဦး၊ ၄၅ နှစ်အရွယ် ဒေါ်ရှူးနားဘာနု၊ ၃၂ နှစ်အရွယ် ဦးမာမတ်ဇော်လိတ်တို့ ဖြစ်ကြပါတယ်။

ဒေါ်ရှူးနားဘာနုနဲ့ ကလေးကတော့ ဒီနေ့ညနေပိုင်းအထိ သတိပြန်မရသေးဘူးလို့ လူနာသွားတွေ့ခဲ့သူတစ်ဦးက ပြောပါတယ်။

တပ်မတော်ဘက်က လက်နက်ကြီးတွေ မရေတွက်နိုင်အောင် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေရော မွတ်စလင်တွေကပါ ပြောကြပါတယ်။

တပ်မတော် ပြောခွင့်ရသူကတော့ မနေ့က တပ်မတော်စစ်ကြောင်းကို သရက်ပြင်ရွာထဲကနေ အေအေအဖွဲ့က ပစ်ခတ်ခဲ့သလို မွတ်စလင်ရွာတွေထဲကိုလည်း ဆက်လက်ပစ်ခဲ့တယ်လို့ ပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ မွတ်စလင်ရွာတွေထဲ ပစ်ခတ်လို့ နေအိမ်တွေမီးလောင်တာ၊ လူတွေထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာတွေဟာ အေအေအဖွဲ့ရဲ့ လက်ချက်လို့ ပြောပါတယ်။

“အိမ်တွေဘာတွေ မီးလောင်တယ်ဆိုတဲ့ဥစ္စာကတော့ ကျွန်တော်တို့ပစ်လို့ လောင်တာမဟုတ်ဘူး။ ဒီကောင်တွေက တမင်ကို အဲဒီကြာညိုပြင် ကုလားရွာထဲကိုပစ်ချတာ။ ဖုံညိုလိပ်က ကုလားကိုလည်း တမင်ပစ်လို့သေတာ။ ပြီးတဲ့အခါကျမှ ရွာသားတွေကနေပြီးတော့မှ သရက်ပြင်ရွာမှာ မီးလောင်ပါတယ်လို့ အော်နေတာက မီးလောင်အောင် အဲဒီကောင်တွေက တမင်အဲဒီရခိုင်တွေက အေအေတွေက သရက်ပြင် ရွာထဲမှာနေတယ်။ ရွာထဲကနေပြီး ပစ်တာအတွက်ကြောင့်မို့လို့ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ကိုပစ်တဲ့ နေရာကိုပြန်ပစ်မှာပဲ။ စစ်ရဲ့သဘောသဘာဝအရ မပစ်ဘဲနဲ့နေရင် ကျွန်တော်တို့လူတွေ ထိခိုက်ဒဏ်ရာရမှာပေါ့”

တပ်မတော်ဘက်က စွပ်စွဲပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခကို RFA က -- ဘူးသီးတောင်မှာ တိုက်ပွဲဖြစ်တာမရှိကြောင်း၊ သရက်ပြင်ရွာကို တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာဖြစ်ကြောင်း၊ အဲဒီပစ်ခတ်မှုတွေကြောင့်သာ လူသေဆုံးတာဖြစ်ကြောင်း ပြောပါတယ်။

အခုလို ပစ်ခတ်မှုတွေကြောင့် ရခိုင်နဲ့ မွတ်စလင်ကျေးရွာသားအများအပြားဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ အခုနှစ်အတွင်း လက်နက်ကျည်၊ မိုင်း စတာတွေကြောင့် သေဆုံးသူ ၉၀ ကျော်ရှိနေပြီး ထိခိုက်ဒဏ်ရာရသူကတော့ လူဦးရေ ၁၄၀ နီးပါးအထိရှိနေပြီလို့ ဒေသခံ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောကြပါတယ်။


2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org