ပြည်ပချေးငွေ ပြန်မဆပ်ဖို့ ဗဟိုဘဏ်ထုတ်ပြန်ချက်ကြောင့် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်

2022.07.16
ပြည်ပချေးငွေ ပြန်မဆပ်ဖို့ ဗဟိုဘဏ်ထုတ်ပြန်ချက်ကြောင့် စီးပွားရေးလုပ်ငန်းတွေ ထိခိုက် ရန်ကုန်မြို့ ကြည့်မြင်တိုင် Asia World ဆိပ်ကမ်းမှ ကုန်သေတ္တာများကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်
Photo: RFA

လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေအနေနဲ့ ပြည်ပက ချေးထားတဲ့ ငွေသားနဲ့ပစ္စည်းတွေရဲ့ အတိုး နဲ့ အရင်းကို လတ်တလော ပြန်မဆပ်ဘဲ ဆိုင်းငံ့ထားဖို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ဇူလိုင် ၁၃ ရက်နေ့ ရက်စွဲနဲ့ အမိန့်ထုတ်ခဲ့ပါတယ်။

အဓိကအနေနဲ့ နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားတဲ့ လိုင်စင်ရဘဏ်တွေကို ဒီစာ ပို့ထားတာဖြစ်ပြီး ပြည်ပအကြွေး အတိုးနဲ့ အရင်းဆပ်မယ့်သူတွေကို ဆိုင်းငံ့ဖို့၊ ငွေချေး ပေးတဲ့သူတွေနဲ့လည်း ညှိနှိုင်းဖို့ဆိုပြီး ဖော်ပြထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်အနေနဲ့ ဒီလိုလုပ်ဆောင်တာဟာ နိုင်ငံခြားငွေကို ပြည်ပနိုင်ငံတွေဆီ မထွက်အောင်လုပ်တာလို့ ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းရှင်တစ်ဦး က ပြောပါတယ်။

"လုပ်ငန်းတွေအပေါ်မှာ အများကြီးတော့ သက်ရောက်မှုမရှိဘူး။ FDI တချို့ပဲ။ ချေးထား တယ်ပေါ့နော်။ သို့သော်လည်း ဒီစာထွက်တဲ့အတွက်ကြောင့် မဆပ်ရဘူးဆိုတော့ ဒီစာ ပြပြီး မဆပ်ဘဲနေလို့တော့ ရနေတယ်။ နိုင်ငံခြားငွေ စီးဆင်းတဲ့ဟာကို ကာကွယ်တဲ့ သဘောဖြစ်မှာ။ အကြွေးပြန်ဆပ်မယ်ဆိုရင် ၁၈၅၀ ကျပ်နှုန်းနဲ့ ပြန်ရောင်းပေးရမှာ ပေါ့နော်။ သူတို့ ၁၈၅၀ နှုန်းနဲ့ မရောင်းချင်လို့ နိုင်ငံခြားငွေထွက်တဲ့ဟာကို ကာကွယ်တဲ့ သဘောမျိုးလုပ်တဲ့သဘော"

ဒီအမိန့်ကို ပြည်ပချေးငွေ ထုတ်ပေးတဲ့ အဖွဲ့အစည်းတွေက မလိုက်နာခဲ့ဘူးဆိုရင်တော့ လုပ်ငန်းရှင်တွေအနေနဲ့ ချေးထားတဲ့ အတိုးနဲ့အရင်းတွေကို ပြည်ပကတစ်ဆင့်ပဲ ပြန်ဆပ် ရမယ့် သဘောဖြစ်နေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့နှစ်က ရွှေဈေးနှုန်းနဲ့ ဒေါ်လာဈေးတွေဟာ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှုမှာ အဓိကကျတဲ့ အမေရိကန်ဒေါ်လာကို ထိန်းချုပ်ဖို့ စစ်ကောင်စီက မူဝါဒတွေ ချမှတ်နေတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။

"ရုတ်တရက်ကြည့်လိုက်ရင် သူ့အနေနဲ့ နိုင်ငံခြားငွေ၊ ဒေါ်လာပေါ့နော်၊ ပြည်တွင်းကနေ ထွက်သွားမှာကို စိုးရိမ်ပုံရတယ်။ အဲဒီအတွက်ကြောင့် ထိန်းချုပ်နိုင်မယ့် Policy (ပေါ်လစီ) မျိုးကို သူ (စစ်ကောင်စီ) တောက်လျောက်ပြဌာန်းခဲ့ပြီးတာ တွေ့ရလိမ့်မယ်"

စစ်ကောင်စီဟာ ပြင်ပပေါက်ဈေးထက် အနည်းဆုံး နှစ်ရာကျပ်ကွာဟတဲ့ တစ်ဒေါ်လာ ၁၈၅၀ ကျပ်အဖြစ် ပုံသေသတ်မှတ်တာ၊ ပို့ကုန်ကရတဲ့ နိုင်ငံခြားငွေကို တစ်ရက်အတွင်း ပြန်ရောင်းခိုင်းတာနဲ့ ဒေါ်လာနဲ့ဝင်တဲ့ ဘယ်ဝင်ငွေကိုမဆို ပြန်ရောင်းဖို့တွေ ညွှန်ကြားခဲ့ ပါတယ်။

us-dollars.jpg
အမေရိကန် ဒေါ်လာနှင့် မြန်မာကျပ်ငွေ အရောင်းအဝယ်ပြုလုပ်နေသည်ကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ် (Photo: AFP)

ဒါပေမဲ့ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်အတိုင်း ပြည်ပချေးငွေတွေကို မပေးဆောင်ဘူးဆိုရင် ချေးငွေထုတ်ပေးသူတွေဘက်က လုပ်ငန်းပိုင်ဆိုင်မှုတွေသိမ်းတဲ့အထိ လုပ်လာနိုင်တယ်လို့ မွန်ပြည်နယ်မှာ နေထိုင်တဲ့ လုံခြုံရေးအရ အမည်ဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက RFA ကိုပြောပါတယ်။

"အလုပ်လုပ်ရင် အကျိုးအမြတ်ရှိမှ အလုပ်လုပ်လို့ရတာ ဘယ်သူဖြစ်ဖြစ်။ အကျိုးအမြတ် မရှိရင် ဘယ်သူမှ အလုပ်မလုပ်ဘူး။ သူတို့ (ချေးငွေထုတ်ပေးသူ) တွေလည်း တူတူပဲလေ။ တကယ်လို့ ကိုယ်ကမပေးရင် သူတို့က ဘယ်ခံမလဲ။ ဒုက္ခရောက် ပြဿနာတွေတက်မှာ ပေါ့ မပေးရင်။ အခုက ကျနော်တို့ ချေးငွေယူထား၊ အခုက အတိုးမပေးနဲ့ ဟုတ်လား။ ခဏနေ စာလာမယ်၊ ခြိမ်းခြောက်မယ်။ သိမ်းမယ် ဘာညာဖြစ်လာနိုင်တယ်လေ။ သူတို့ လည်း ဒီသဘောနဲ့ပဲပေါ့။ တစ်ယောက်နဲ့တစ်ယောက် သိပေး (နားလည်) ရမယ်လေ"

စစ်ကောင်စီရဲ့ ဒီလိုလုပ်ဆောင်မှုဟာ ချေးငွေထုတ်ပေးသူတွေအတွက် အဆင်ပြေမှာ မဟုတ်သလို စီးပွားရေး လုပ်ငန်းရှင်တွေအတွက်လည်း ချေးငွေထုတ်ပေးသူတွေရဲ့ ယုံကြည်မှု လျော့နည်းလာမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပြပါတယ်။

ပြည်ပချေးငွေကို ပြန်မဆပ်ဖို့ ညွှန်ကြားချက်ရဲ့ နောက်ဆက်တွဲဟာ နိုင်ငံ့စီးပွားရေး အခြေအနေ ပိုဆိုးသွားနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးပညာရှင် တစ်ဦးက ထောက်ပြပါတယ်။

"သူ့အပေါ်မှာ နိုင်ငံတကာရဲ့ ယုံကြည်မှု လျော့သွားမယ်။ အဲဒီလိုဖြစ်တဲ့အတွက်ကြောင့် မို့လို့ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေဟာ ပိုဆိုးသွားလိမ့်မယ်လို့ ဆရာ တွက်မိတယ် ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အကြွေးရောင်းတဲ့ တိုင်းပြည်တွေကလည်း မရောင်းချင် ကြဘူး။ နောက်ထပ်လည်း ငွေချေးလို့မရဘူး။ ရင်းနှီးမြှုပ်နှံမှုတွေဝင်ဖို့က ဒီထက်ပိုပြီး ဆိုးသွားလိမ့်မယ်။ ဒါ ဒေဝါလီခံတာရဲ့ အဆင့်တစ်မျိုးပေါ့။ သီရီလင်္ကာလောက်တော့ မဆိုးဘူးပေါ့။ ဒါပေမဲ့ ဒါလည်းပဲ ဒေဝါလီခံတဲ့ ပုံစံမျိုး ခပ်ဆင်ဆင်လုပ်လိုက်တာပဲ"

စစ်ကောင်စီရဲ့ ဒီအမိန့်ညွှန်ကြားချက်ဟာ FDI လို့ခေါ်တဲ့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု တွေ မြန်မာနိုင်ငံကနေ ထွက်သွားတဲ့အခြေအနေအထိ ဦးတည်နိုင်တယ်လို့ စီးပွားရေး ပညာရှင်က သုံးသပ်ပါတယ်။

"အကြွေးရောင်းတဲ့ တိုင်းပြည်တွေကလည်း မရောင်းချင်ကြဘူး။ နောက်ထပ်လည်း ငွေချေးလို့မရဘူး။ ရင်းနှီးမြှုပ်နှံမှုတွေဝင်ဖို့က ဒီထက်ပိုပြီးဆိုးသွားလိမ့်မယ်"

စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းပါဝင်တဲ့ လုပ်ငန်း တွေဟာ သူတို့ရဲ့ ဒေါ်လာတွေကို ၁၈၅၀ ကျပ်နဲ့ မြန်မာငွေ ပြန်လဲလှယ်ရမယ်လို့ ဇူလိုင်လ ၁၅ ရက်နေ့မှာပဲ ညွှန်ကြားထားပါတယ်။

ဒါ့အပြင် နိုင်ငံခြားငွေနဲ့ ပတ်သက်တဲ့ ညွန်ကြားချက်တွေကနေ ခြွင်းချက်ပေးထားတဲ့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ၁၀ ရာခိုင်နှုန်းပါ လုပ်ငန်းတွေကို ဇွန်လကစလို့ ကင်းလွတ်ခွင့် မပေးတော့ဘူးလို့လည်း ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ဇူလိုင် ၇ ရက်နေ့ထုတ် ‘မြန်မာ့ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ’ အစီအရင်ခံစာမှာတော့ အာဏာသိမ်းမှုနဲ့ COVID-19 ကပ်‌ရောဂါတို့ရဲ့ အကျိုးဆက်တွေ ကြောင့် မြန်မာ့စီးပွားရေးဟာ တုံ့ဆိုင်းနေတာ ဒါမှမဟုတ် နောက်ပြန်လှည့်မယ့်အရေး စတဲ့ စိန်ခေါ်မှုရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။