ခင်ဦးမြို့နယ်မှာ နေအိမ် နှစ်ရာခန့် မီးရှို့ဖျက်ဆီးခံရ

RFA Burmese
2024.02.03
ခင်ဦးမြို့နယ်မှာ နေအိမ် နှစ်ရာခန့် မီးရှို့ဖျက်ဆီးခံရ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာတစ်ရွာတွင် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့က တွေ့ရစဉ်။
ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွေအတွင်း စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပါတယ်။

ကလုံရွာနဲ့ သာဝတ္ထိရွာတွေကို ဖေဖော်ဝါရီလ ၁ ရက်မှာ ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒေသခံသုံးဦးကို သတ်ဖြတ်ခဲ့တဲ့အပြင် နေအိမ် ၁၈၆ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သာဝတ္ထိရွာက နေအိမ် ၁၆၈ လုံးနဲ့ ကလုံရွာက နေအိမ် ၁၈ လုံး အပြင် အဲဒီနေအိမ်တွေမှာ သိုလှောင်ထားတဲ့ စပါးတွေပါ မီးလောင်ပျက်စီးခဲ့တာပါ။

သေဆုံးသူတွေဟာ သရက်ကုန်းရွာက အသက်၅၀ကျော် အရွယ် ဦးသိန်းထွန်း၊ ကလုံရွာက ဦးရဲအောင်နဲ့ ကင်းပြစ်ရွာက ဦးသန်းလွင်ကြီးတို့ဖြစ်ပြီး သူတို့သုံးဦးရဲ့ရုပ်အလောင်းတွေ ကို ကလုံရွာမှာတွေ့ရှိခဲ့တာပါ။

စစ်ကောင်စီစစ်ကြောင်းက ဖေဖော်ဝါရီလ ၁ ရက် မနက်ပိုင်းမှာ ကလုံရွာကို စီးနင်းခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ သာဝတ္ထိရွာကို စီးနင်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

မီးလောင်ပျက်စီးသွားလို့ ဘာတစ်ခုမှ ရစရာမရှိတော့ဘူးလို့ နေအိမ်မီးရှို့ခံရတဲ့ သာဝတ္ထိရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဘာမှကို ရစရာမရှိတော့ပါဘူးရှင့်။ စောစောတုန်းကတော့ ကျွန်မတို့စုဆောင်းထားတာ အိမ်လေးက နှစ်ထပ်တိုက်လေးပါရှင့်။ ဘာမှကို မရလိုက်တော့ပါဘူးရှင့်။ အကုန်လုံးကို ရှို့သွားတာပါ။ ကျွန်မတို့ ၁၂ လမ်းက တစ်အိမ်မှာ မကျန်ပါဘူး။ အိမ်ခြေ ၂၆ လုံး ရှိပါတယ်။ ဘာမှကို မရလိုက်ပါဘူး။ ကျွန်မ ကျန်းမာရေးလည်း မကောင်းပါဘူး။ အကုန်လုံးခံစားရတယ်။ ကိုယ်တစ်ယောက်တည်းနဲ့ လဲရရင် ပစ်လိုက်နိုင်ရင် လုပ်ပစ်ချင်ပါတယ်။ ကျွန်မတို့ အကုန်လုံး ဆင်းရဲနေပါတယ်။ နေစရာလည်းမရှိ၊ စားစရာလည်း မရှိတော့ပါဘူး"

စစ်ကြောင်းဝင်ရောက်လာချိန်မှာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ အသက်လုထွက်ပြေးခဲ့ရပြီး သူ့ရဲ့နေအိမ်အပြင် စပါးကျီထဲမှာ သိမ်းဆည်းထားတဲ့ စပါးတင်း ငါးရာကျော်လည်း မီးလောင်ပျက်စီးသွားတယ်လို့ ပြောပါတယ်။

သာဝတ္ထိရွာမှာ အိမ် ငါးရာကျော်ရှိပြီး လူဦးရေ နှစ်ထောင်ဝန်းကျင် နေထိုင်ပါတယ်။

အလားတူ မီးရှို့ခံရတဲ့ ကလုံရွာက ဒေသခံအမျိုးသမီးတစ်ဦးကလည်း မီးလောင်ပျက်စီးတဲ့အထိ စပါးတင်းထောင်နဲ့ချီပြီး ဆုံးရှုံးခဲ့တယ်လို့ ပြောပါတယ်။

"အိမ်ရော၊ စပါးတိုက်တွေရော စပါးတွေ အများပါတယ်။ သာဝတ္ထိက အိမ်ခြေ ၁၆၈ အိမ်ပေါ့။ အဲဒါလည်း စပါးတိုက်တွေပါတယ်။ တချို့ဆိုရင် စပါးနှစ်ထောင်ကျော် သုံးထောင် အဲဒီလိုမျိုးတွေ ပါတယ်။ သာဝတ္တိက အရင်က စစ်ကြောင်းဝင်တုန်းက ဘာမှမလုပ်သွားတော့ သူတို့ကလည်း စပါးတွေမရောင်းဘဲ လှောင်ထားတာနေမှာ။ အဲဒါတော်တော်များများ ပါသွားတယ်။ တော်တော်များမှာ။ မရေတွက်နိုင်ဘူး။ ပေါင်းလိုက်ရင် သောင်းဂဏန်းလောက်ရှိတယ်။ အဲဒီစစ်ကြောင်းက မိန်းမတွေဆို အပေါ်ပိုင်းအင်္ကျီတွေကအစ ချွတ်ပြီး အတွင်းခံကြားထဲက နားကပ်ပါရင် နားကပ်၊ ဆွဲကြိုးပါရင် ဆွဲကြိုး၊ ပိုက်ဆံပါရင် ပိုက်ဆံ အဲဒီလိုပါယူသွားတာ"

ကလုံရွာမှာ နေအိမ် သုံးရာနီးပါးရှိပြီး လူဦးရေ တစ်ထောင်နီးပါး နေထိုင်ပါတယ်။

"အဲဒီစစ်ကြောင်းက မိန်းမတွေဆို အပေါ်ပိုင်းအင်္ကျီတွေကအစ ချွတ်ပြီး အတွင်းခံကြားထဲက နားကပ်ပါရင် နားကပ်၊ ဆွဲကြိုးပါရင် ဆွဲကြိုး၊ ပိုက်ဆံပါရင် ပိုက်ဆံ အဲဒီလိုပါယူသွားတာ"

လက်ရှိမှာ ကလုံရွာနဲ့ သာဝတ္ထိရွာက အရပ်သားတွေအားလုံး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေဟာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာရလို့ ချတ်ပြုတ်စားသောက်ဖို့ အိုးခွက်ပန်းကန်တောင် မရှိတော့ဘူးလို့ ခင်ဦးမြို့နယ်က စစ်ဘေးဒုက္ခသည်အရေး ကူညီနေတဲ့ ကိုဟိန်းက ပြောပါတယ်။

"အခုဟာက စစ်ကြောင်းလာတယ်ဆိုတော့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ရှိတဲ့ဟာလေး တစ်နိုင်တစ်ပိုင် သယ်ပြီး ထွက်ပြေးကြရတာ။ အခုက ပြေးပြီးပြန်လာတော့ နေစရာလည်း မရှိတော့ဘူး။ အိပ်စရာလည်း မရှိတော့ဘူး။ စားဖို့သောက်ဖို့ ဆိုတာထက် ချက်ဖို့ပြုတ်ဖို့အတွက် အိုးခွက်ပန်းကန်ကအစ မရှိတော့ဘူး။ နေဖို့ရာ သစ်ပင်အရိပ်တောင် မရှိတော့ဘူး။ သစ်ပင်တွေပါ မီးထဲပါသွားတာ။ ဒီဘက်ကကြောက်နေကြတုန်းပဲ။ ပြာပုံလှဲတာတောင် ကောင်းကောင်း မလှဲရဲကြဘူး"

စစ်ဘေးဒုက္ခသည်တွေအတွက် အရေးပေါ် အသုံးအဆောင်တွေနဲ့ စားနပ်ရိက္ခာတချို့ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းတိုင်းပြောခွင့်ရသူ ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာမရှိပါဘူး။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၄ ခုနှစ်‌၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၄ ခုနှစ်‌၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က တာဝန်ရှိသူ တစ်ဦးကတော့ ဒီစစ်ကြောင်းဟာ သူတို့ကြုံဖူးသမျှထဲမှာ ဒေသခံတွေအပေါ် အရက်စက်ဆုံးဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

"စစ်ကြောင်းထိုးတာ ကြုံဖူးသမျှထဲမှာတော့ ဒီကောင်က အဆိုးဆုံးပေါ့ဗျာ။ စစ်ကြောင်းထိုးပြီး ပြည်သူတွေရဲ့ ပစ္စည်းဥစ္စာကို အတင်းအဓမ္မ သိမ်းယူတယ်။ ခိုးဆိုးလုနှိုက်ပုံစံ လုပ်ပြီး ညခင်းကို တိတ်တဆိတ် ဝင်ရောက်တယ်။ သတ်ဖြတ်တယ်။ သူတို့ရဲ့လှုပ်ရှားမှုကို ကိုယ်ကလည်း စောင့်ကြည့်နေရသလို ကိုယ်တွေရဲ့ လှုပ်ရှားမှုကိုလည်း သူတို့က စောင့်ကြည့်နေတာပေါ့။ နှစ်ဖက် တင်းမာနေတာပေါ့ဗျာ"

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးပြင်းထန်ခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာတွေ သိသိသာသာလျော့နည်းခဲ့ပေမယ့် ရှမ်းမြောက်မှာအပစ်ရပ်လိုက်တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလဆန်းကစလို့ စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုးတာတွေ ခပ်စိတ်စိတ်ပြန်လုပ်လာတယ်လို့ PDF တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ဖျက်ဆီးမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar အဖွဲ့ရဲ့စာရင်းတွေအရ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ နိုင်ငံတစ်ဝန်းက နေအိမ် ရှစ်သောင်းနီးပါး (၇၈, ၇၃၇) မီးလောင်ပျက်စီးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။