ထိုင်းမှာ သုံးလကျော်အတွင်း မြန်မာအလုပ်သမား နှစ်သိန်းနီးပါး အဖမ်းခံရ

RFA Burmese
2024.09.30
ထိုင်းမှာ သုံးလကျော်အတွင်း မြန်မာအလုပ်သမား နှစ်သိန်းနီးပါး အဖမ်းခံရ ကော့သောင်းကိုပြန်ပို့မည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံ၊ ရနောင်းဆိပ်ကမ်းတွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့က တွေ့ရစဉ်။
Facebook/ ตรวจคนเข้าเมืองจังหวัดระนอง ตม.จว.ระนอง

ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်သမားဖမ်းဆီးရေး ရက် ၁၂၀ စီမံချက်ရဲ့ ၁၀၆ ရက်မြောက်ဖြစ်တဲ့ စက်တင်ဘာ ၁၉ ရက်အထိ ရွှေ့ပြောင်းအလုပ်သမား နှစ်သိန်းခွဲကျော် ဖမ်းဆီးခံရတဲ့အထဲမှာ မြန်မာနိုင်ငံသားက နှစ်သိန်းနီးပါး ပါဝင်နေတယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၁၉ ရက်အထိ နေရာပေါင်း ၁၈,၈၁၅ ခုကို စစ်ဆေးခဲ့ပြီး ရွှေ့ပြောင်း အလုပ်သမား ၂၅၆,၂၁၃ ဦးကို စစ်ဆေးခဲ့တယ်လို့ ထိုင်းနိုင်ငံ အလုပ်အကိုင်ဦးစီးဌာနက စက်တင်ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်တာပါ။

"မြန်မာနိုင်ငံဘက်ကို ပြန်ပို့တဲ့ လုပ်ငန်းစဉ်တွေကို ရပ်တန့်ထားဖို့အတွက် ထိုင်းလူ့အခွင့်အရေးအဖွဲ့တွေ၊ ရှေ့နေတွေနဲ့ ထိုင်းနိုင်ငံလွှတ်တော်တို့နဲ့ တွန်းတွန်းတိုက်တိုက် ဆော်ဩတိုက်တွန်းရမဲ့သဘောမှာ ရှိတယ်”

အဲဒီအထဲမှာ မြန်မာနိုင်ငံသား တစ်သိန်းကိုးသောင်းကျော် (၁၉၃,၄၃၀ ဦး)၊ ကမ္ဘောဒီးယားနိုင်ငံသား သုံးသောင်းကိုးထောင်ကျော် (၃၉,၇၃၆ ဦး)၊ လာအို တစ်သောင်းခွဲကျော် (၁၅,၂၈၁ ဦး)၊ ဗီယက်နမ်နိုင်ငံသား (၁၆၂ ဦး)၊ အခြားနိုင်ငံသား ခုနစ်ထောင်ကျော် (၇၆၀၄ ဦး) တို့ပါဝင်ပါတယ်။

ရက်တိုတိုအတွင်း အခုလောက် ဖမ်းဆီးခံရတာမျိုး မကြုံဖူးဘူးလို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ Myanmar Humanitarian Action Centre (MHAC) မဟာမိတ်အဖွဲ့ရဲ့ ဦးဆောင်သူ ကိုရဲမင်းက ပြောပါတယ်။

“ကိုရဲမင်းတို့ ထိုင်းနိုင်ငံမှာ နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်းနေထိုင်လာတဲ့ ကာလတစ်လျှောက်မှာတော့ ဒီလောက်ရက်တိုတိုလေးအတွင်းမှာ လူဦးရေ သိန်းနဲ့ချီ ဖမ်းဆီးတာမျိုးက မှတ်တမ်းဝင်သွားတာပေါ့ မကြုံဖူးပါဘူး။ လွန်ခဲ့တဲ့ ၂၀၂၁၊ ၂၀၂၂ တွေမှာလည်း နယ်စပ်ကနေ စောင့်ဖမ်းတာမျိုးတွေ ရှိတယ်။ တောက်လျှောက် နေ့စဉ်ဖမ်းမိတဲ့ လူဦးရေတောင် ဒီလောက်မများဘူး”

အခုလို ဖမ်းဆီးစစ်ဆေးမှုတွေထဲကမှ တရားမ၀င် ရွှေ့ပြောင်းလုပ်သား ၁၈၃၀ ဦးကို ဥပဒေအရ တရားစွဲခဲ့ပြီး စက်ရုံ ၇၁၈ ခုကိုလည်း အရေးယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ ထိုင်းလူမျိုးတွေရဲ့ အလုပ်အကိုင်ကို မထိခိုက်စေဖို့အတွက် ရွှေ့ပြောင်းအလုပ်သမားတွေကို စနစ်တကျ စီမံခန့်ခွဲဖို့က အရေးကြီးကြောင်းနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တရားဝင်လမ်းကြောင်းကနေ အလုပ် လုပ်ဖို့ ဝင်ရောက်လာနိုင်စေရေးအတွက် အခုလို စီမံချက်တွေ လုပ်ဆောင်လာရတာလို့လည်း ထိုင်းနိုင်ငံရဲ့ အလုပ်အကိုင်ဦးစီးဌာနက ပြောထားပါတယ်။

ထိုင်းနိုင်ငံသားတွေသာ လုပ်ကိုင်လို့ရတဲ့ စျေးရောင်း၊ ခရီးသည်ပို့ဆောင်ရေး၊ ထိုင်းရိုးရာ အနှိပ်ခန်း၊ ဆံပင်ညှပ်ဆိုင်၊ စကားပြန်၊ ပွဲစားနဲ့ ငွေလွှဲလုပ်ငန်းတွေ အပါအဝင် လုပ်ငန်းပေါင်း ၂၇ ခုကို မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မလုပ်ဖို့ ထိုင်းအစိုးရရဲ့ ဥပဒေအရ ကန့်သတ်ထားပါတယ်။

အခု ရက် ၁၂၀ စီမံချက် ဖမ်းဆီးမှုမှာလည်း မြန်မာနိုင်ငံသားတွေအနေနဲ့ ကန့်သတ်ထားတဲ့အလုပ်တွေကို လုပ်တာ၊ အထောက်အထားမရှိတာ၊ စာရွက်စာတမ်းမစုံလင်တာတွေကြောင့် ဖမ်းဆီးခံရတာလို့ အလုပ်သမားအရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးနေသည်ကို စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။ (Photo: MOI)
ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးနေသည်ကို စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။ (Photo: MOI)

ထိုင်း - မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မှာ ယာဉ်ထိန်းရဲတွေက ဆိုင်ကယ်တွေနဲ့ လိုက်ပတ်ပြီး စစ်ဆေးနေတယ်လို့ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောပါတယ်။

“၁၂၀ မှာ ဘာသိသာလဲဆိုတော့ မဲဆောက်ဈေးထဲမှာ တချို့ မြန်မာလုပ်သားတွေ ဈေးဆိုင်ဖွင့်တယ်ဆိုရင် တောမောင်းတွေက ခဏခဏ စစ်တာရှိတယ်။ ယာဉ်ထိန်းရဲတွေဆိုရင် ဆိုင်ကယ်တွေနဲ့ လိုက်ပတ်တယ်။ ဆိုင်ကယ်စီးတဲ့လူတွေကို လိုက်ဖမ်းတာတွေ များတယ်။ ကျွန်တော့်အနေနဲ့ကတော့ အမြဲတမ်းအဖမ်းအဆီးကို ခေါင်းထဲ ထည့်ထားတယ်။ ၁၂၀ ပဲ ဖြစ်ဖြစ်၊ ရက်ပေါင်း ၆၀ ပဲ ဖြစ်ဖြစ် တစ်နှစ်ပတ်လုံး ဖမ်းတယ်လို့ပဲ ယူဆပြီးတော့ အမြဲတမ်း ကိုယ့်အလုပ်သမားတွေကို သတိပေးတာပေါ့နော်”

ရွှေ့ပြောင်းအလုပ်သမားတွေ လုပ်ရမဲ့ အလုပ်ကလွဲပြီး တခြားအလုပ်လုပ်ကိုင်ရင် တရားစွဲဆိုခံရပြီး ဒဏ်ငွေ ဘတ် ငါးထောင်ကနေ ငါးသောင်းအထိ ပေးဆောင်ရပြီး နေရပ် ပြန်ပို့ခံရမှာဖြစ်သလို အလုပ်လုပ်ခွင့်ပါမစ် နှစ်နှစ် အထိ ပိတ်ပင်ခံရနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒါ့အပြင် ရွှေ့ပြောင်းလုပ်သား ဥပဒေကို ဖောက်ဖျက်မယ်ဆိုရင် အလုပ်သမားတစ်ယောက်အတွက် ဘတ်ငွေ ငါးသောင်းကနေ နှစ်သိန်းအထိ အလုပ်ရှင်ကနေ ပေးဆောင်ရမှာဖြစ်ပြီး ဒါကို အကြိမ်ကြိမ်ကျူးလွန်ရင် အလုပ်ရှင်ရော၊ အလုပ်သမားပါ ဘတ်ငွေ နှစ်သိန်း (ဒါမှမဟုတ်) ထောင်ဒဏ် တစ်နှစ်ဖြစ်စေ၊ နှစ်ခုလုံးဖြစ်စေ ပြစ်ဒဏ်ကျခံရမှာဖြစ်ကြောင်းနဲ့ အဲဒီ အလုပ်သမားဟာ သုံးနှစ် အလုပ်လုပ်ခွင့် ပိတ်ပင်ခံရမှာပါ။


ဆက်နွှယ်သောသတင်းများ

ရနောင်းထောင်က ပြန်ပို့တဲ့ မြန်မာတစ်ရာကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရ

ထိုင်းနိုင်ငံထဲ တိမ်းရှောင်လာတဲ့ မြန်မာတွေကို ကူညီပေးဖို့ NUCC တိုက်တွန်း

နိုင်ငံလေးခုက အထောက်အထားမဲ့ အလုပ်သမားတွေနဲ့ ကလေးတွေကို တရားဝင်နေခွင့်ပြုဖို့ ထိုင်းအစိုးရဆုံးဖြတ်


ပြန်ပို့ခံရတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ စစ်သားစုဆောင်းခံရနိုင်ခြေ ရှိနေတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။

“မိခင်နိုင်ငံကို ပြန်ပို့မဲ့ မြန်မာတွေအတွက်ကတော့ အင်မတန်စိုးရိမ်စရာကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်မှုထမ်း ဥပဒေက သက်ဝင်လှုပ်ရှားနေဆဲ ဖြစ်ပြီးတော့ စကစကလည်း စစ်သားစုဆောင်းရေး ကိစ္စတွေ အသည်းအသန်အပြင်းအထန် လုပ်နေတဲ့ကာလမှာ ဒီကိစ္စက အထူးတလည် စိုးရိမ်မကင်း ဖြစ်စရာရှိသလို အခုကာလမှာ မြန်မာနိုင်ငံဘက်ကို ပြန်ပို့တဲ့ လုပ်ငန်းစဉ်တွေကို ရပ်တန့်ထားဖို့အတွက် ထိုင်းလူ့အခွင့်အရေးအဖွဲ့တွေ၊ ရှေ့နေတွေနဲ့ ထိုင်းနိုင်ငံလွှတ်တော်တို့နဲ့ တွန်းတွန်းတိုက်တိုက် ဆော်ဩတိုက်တွန်းရမဲ့ သဘောမှာ ရှိတယ်”

မြန်မာနိုင်ငံမှာ မလုံခြုံမှုတွေနဲ့ စီးပွားကျဆင်းလာမှုတွေကြောင့် ထိုင်းနိုင်ငံထဲကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေအပေါ် တင်းကျပ်နေမှုတွေကို ဖြေလျှော့ပေးရေးအတွက် အလုပ်သမားအရေးလှုပ်ရှားနေသူတွေက ထိုင်းအစိုးရကို တောင်းဆိုဖို့ ရှိတယ်လို့ ကိုရဲမင်းက ပြောပါတယ်။

အဲဒီလို ပြန်ပို့လိုက်တာက အသက်အန္တရာယ် စိုးရိမ်စရာရှိနေတယ်ဆိုတာကို ထိုင်းအာဏာပိုင်တွေ သိဖို့အတွက် ကြိုးစားနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

“စစ်တပ်လက်ထဲကို ပြန်မထည့်ဖို့ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိက အကြမ်းဖက် စစ်အုပ်စုက လူအင်အားလည်း အရမ်းလိုနေတော့ ဒီဘက်ကနေ ပြန်ပို့လိုက်တဲ့ လူတွေအကုန်လုံးက မတရား အဓမ္မစုဆောင်းခံရတဲ့ဘက် ကို ရောက်တာဖြစ်တာပေါ့။ ပြီးရင်ရှေ့တန်းစစ်မျက်နှာပြင်ကို စေလွှတ်ပြီး အသက်ဆုံးရှုံးကြရတာပေါ့။ ဒီလို အခြေအနေတွေကို ဒီဘက်မှာ ထိုင်းအာဏာပိုင်တွေ သိရှိအောင် ကျွန်တော်တို့ ချိတ်ဆက်ထားတဲ့ လမ်းကြောင်းတွေကနေ အမြဲတမ်းရှင်းပြ၊ ပြောပြပြီးတော့ ဒီလိုမျိုးတွေ တတ်နိုင်သမျှ မလုပ်ဖို့ ပြောပြဆောင်ရွက်နေတာတွေ ရှိပါတယ်”

အထောက်အထားမဲ့ မြန်မာပြည်သူတွေကို ထိုင်းနိုင်ငံထဲမှာ ယာယီ နေထိုင်ခွင့်ပေးရေး အစီအစဉ်တွေကို ရေးဆွဲ အတည်ပြုပေးစေလိုတယ်လို့လည်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက စက်တင်ဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုထားပါတယ်။

ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမားတွေကို လတိုင်း ပြန်ပို့ပေးနေတာ ရှိပြီး ပြီးခဲ့တဲ့ ဩဂုတ်လ အတွင်း တစ်ထောင်ခန့်ကို ပြန်လက်ခံခဲ့တယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အခုနှစ် ဇူလိုင်နဲ့ ဩဂုတ်လတွေအတွင်း ထိုင်းနိုင်ငံ၊ ရနောင်းအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျပြီး ပြန်လွတ်လာတဲ့ မြန်မာအလုပ်သမား ၇၁ ဦးကို ထိုင်းအာဏာပိုင်တွေက လွှဲပြောင်းချိန် ကော့သောင်းဆိပ်ကမ်းမှာ စစ်ကောင်စီ တပ်က စစ်မှုထမ်းဖို့ ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။