ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်မှာ စစ်တပ်ထုတ်ကုန်တွေဖြစ်တဲ့ မြန်မာဘီယာ၊ ဒဂုံ ဘီယာ၊ အေဘီစီဘီယာ စတဲ့ ထုတ်ကုန်အမျိုးမျိုးကို ရောင်းဝယ်တာ၊ သယ်ယူပို့ဆောင် တာတွေ မလုပ်ဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ဇန်နဝါရီလ ၁၀ ရက်ကစပြီး တရားဝင် အမိန့်ထုတ်ပြီးထားပါတယ်။
ရှမ်းပြည်နယ်မှာ အခြေစိုက်လှုပ်ရှားနေတဲ့ တအာန်း အမျိုးသားလွတ်မြောက်ရေး တပ်မ တော် TNLA ကလည်း သူတို့ရဲ့ အမာခံနယ်မြေတွေဖြစ်တဲ့ နမ့်ဆန်နဲ့ ကွတ်ခိုင်မြို့နယ်မှာ စစ်တပ်ထုတ်ကုန် ၁၂ မျိုးကို ရောင်းဝယ်တာတွေမလုပ်ဖို့ လွန်ခဲ့တဲ့ ငါးလလောက်ကစလို့ တားမြစ်ထားပြီး ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ စျေးဆိုင်တွေကို လက်တွေ့ ကွင်းဆင်းစစ်ဆေး တာတွေ လုပ်နေပါတယ်။
မြစ်ကြီးနားခရိုင်မှာ စစ်တပ်ထုတ်ကုန်တွေကိုပိတ်ပင်ဖို့ အမိန့်ထုတ်ထားတာဟာ လက်တွေ့ မှာလည်း တစ်စုံတစ်ရာထိရောက်မှုရှိနိုင်တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက RFA ကို မှတ်ချက်ပေးပါတယ်။
" အခုချိန်မှာကတော့ စစ်တပ်ကို အတိုက်အခံလုပ်နေတဲ့ အချိန်ကာလဆိုတော့ တစ်ဖက် တစ်လမ်းကနေတော့ အကျိုးသက်ရောက်မှု ရှိမယ်လို့ သုံးသပ်ပါတယ်။ ဘယ်လောက် အထိ သက်ရောက်မှုရှိလဲ ဆိုတာကတော့ အသေးစိတ်ကတော့ မသိသေးဘူး။ ဆိုတော့ မူအားဖြင့်ကတော့ စစ်ကောင်စီကို ဆန့်ကျင်တဲ့သဘောနဲ့ ထုတ်တဲ့ ဟာကတော့ ထိရောက် မှုကတော့ မူအားဖြင့် ရှိမယ်လို့ ကျနော်ထင်ပါတယ်။ ကျနော် အဲဒီလိုပဲ ယုံကြည်ပါတယ်"
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က အမည်မဖော်လိုတဲ့ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကလည်း ကေအိုင်အိုရဲ့ ထုတ်ပြန်ချက်ကြောင့် လက်ရှိပစ္စည်း လက်ကျန်ကုန်သွားရင် စစ်တပ်ထုတ် ကုန်တွေကို လုံးဝဆက်မရောင်းတော့ဘူးလို့ RFA ကို ပြောပါတယ်။
" စာထုတ်ပြီးနောက်ပိုင်းမှာတော့ ပစ္စည်းလက်ကျန် ရှိတယ်ပေါ့နော်။ ပစ္စည်းလက်ကျန်ကို ရောင်းပြီးတော့မှ အခု နောက်ပိုင်းတော့ မရောင်းတော့ဘူးပေါ့။ ပစ္စည်းကုန်ရင် ထပ်မမှာ တော့ဘူးပေါ့။ ဆုံးရှုံးနစ်နာမှုဆိုရင်လည်း ကြီးကြီးမားမားတော့ မရှိပါဘူး။ နည်းနည်း ပါးပါး အရောင်းအဝယ်ပဲ လုပ်တာဆိုတော့။ စစ်တပ်ထုတ်ကုန်တွေကို ပြည်သူတွေက ဆန့်ကျင်နေတယ်ဆိုရင်တော့ ကျနော်တို့ ရောင်းရင်လည်း ဝယ်ထားရင်လည်း ရှုံးမှာပဲပေါ့။ ဆက် မရောင်းဘူးပေါ့"
တအာန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ကတော့ သူတို့လှုပ်ရှားရာ နယ်မြေတွေဖြစ်တဲ့ နမ့်ဆန်နဲ့ ကွတ်ခိုင်မြို့နယ်ထဲမှာ အနည်းဆုံး စစ်တပ်ထုတ်ကုန်ပစ္စည်း ၁၂ မျိုးကို မရောင်းချဖို့ ကြေညာချက်ထုတ်ပြီး ပိတ်ပင်ထားတာပါ။
ကွတ်ခိုင်မြို့နယ်မှာဆိုရင် စစ်တပ်ထုတ်ကုန်တွေဖြစ်တဲ့ ဘီယာ၊ အရက်၊ နို့ဆီ၊ ကော်ဖီ စတဲ့ စားသုံးကုန်တွေကို မရောင်းချဖို့ သုံးကြိမ်တိုင်တိုင် သတိပေးခဲ့ပြီး အခုလ ၈ ရက်နေ့မှာ တော့ နောက်ဆုံးအကြိမ်အဖြစ် လာရောက်သတိပေးသွားတယ်လို့ ကွတ်ခိုင်မြို့နယ် မန်ပန်ကျေးရွာမှာဈေးရောင်းနေတဲ့ မလွေးထွေး က ပြောပါတယ်။
" စစ်တပ်ထုတ်ကုန်တွေ မရောင်းပေးဖို့ လက်ကျန်ဖြတ်ပေးဖို့ပေါ့နော်။ ဒုတိယတစ်ခါက် လည်း အဲလိုလာပြော ပေးတယ်။ အခုနောက်ဆုံးတစ်ခေါက်လည်း လာပြောပေးတယ်။ ညီမတို့လည်း ထပ်မဝယ်ထားဘူးပေါ့။ လက် ကျန်တော့ နည်းနည်း ပါးပါးကျန်သေးတယ်။ ဒီတစ်ခါတော့ နောက်ဆုံး သတိပေးတာပေါ့။ သိမ်းပေးဖို့နဲ့ နောက်ထပ်မတင်ပေးဖို့ပေါ့။ အချိုရည် ဆိုရင် Speed အချိုရည်၊ ဆေးလိပ်ဆိုရင် ပရီမီယာဂိုး၊ Ruby ပေါ့။ သူတို့က အဲလိုထုတ်ပြန်စာ ထုတ်ထားတာပေါ့နော်။ အဲမှာကြည့်ပြီးတော့ စစ်တပ်ထုတ်ကုန်ဆို နည်းနည်းပါးပါး မတင်ပေးဖို့ပေါ့။ အဲဒီလိုမျိုးတော့ ပြောသွားတယ်။ ဒါကတော့ ကိုယ်တစ်ယောက်ထဲ မဟုတ်ဘူးလေနော်။ ဆိုင်တိုင်းပဲ အဲဒီလို လိုက်ပြောတယ် ဆိုတော့ လိုက်နာရမှာပေါ့။ ရွာထဲမှာလည်း နေတာဆိုတော့လေ"
TNLA က သုံးကြိမ်တိုင်တိုင် သတိပေးပြီးသားဆိုင်တွေမှာ ဆက်ရောင်းနေဆဲဖြစ်တဲ့ စစ်တပ်ထုတ်ကုန် ဘီယာ၊ ကော်ဖီ၊ နို့ဆီတွေကို တစ်ဝက်တိတိ ဖျက်ဆီးခဲ့ပြီး၊ ကျန်တာ တွေကို အမြန်ကုန်အောင်ရောင်းချဖို့နဲ့ နောက်ထပ်ဆက်မတင်ဖို့ သတိပေးပြီး ဝန်ခံကတိ လက်မှတ်ထိုးခိုင်းခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်လို မြို့ကြီးတွေမှာတော့ အခုလို စစ်တပ်ထုတ်ကုန် သပိတ်မှောက်တဲ့ စည်းရုံးလှုံ့ဆော်မှုတွေဟာ စစ်အာဏာမသိမ်းခင်ကတည်းကရှိခဲ့ပြီး၊ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ဆန့်ကျင်မှု ပိုမြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒီလိုသပိတ်မှောက်တာကြောင့် စစ်တပ်ဝင်ငွေ ထိခိုက်လာပြီး အနည်းဆုံးတော့ ပြည်သူကို ဖိနှိပ်သတ်ဖြတ်တာတွေ လျော့နည်းသွားနိုင်တယ်လို့ နေပြည်တော်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
" အာဏာသိမ်းတဲ့အဖွဲရဲ့ နောက်ခံငွေကြေးတွေက မြန်မာဘီယာလို ဒီပစ္စည်းတွေကနေ ရတာဆိုတော့ ဒီပစ္စည်း တွေကို သပိတ်မှောက်မယ်။ Boycott လုပ်မယ်ဆိုရင် သူတို့ အထောက်အပံ့မရရင် သူတို့ လက်နက်အင်အား တွေလည်း လျော့မှာပဲ။ လက်နက် အင်အားလျော့ရင် လူသေတာတွေ လျော့မယ်။ မြန်မြန်ဆန်ဆန် လူသေတာ တွေ လျော့ နိုင်မယ့်ကိစ္စ။ ဒီပစ္စည်းတွေကို မဝယ်ခြင်းအားဖြင့် မဝယ်တော့ ဘာဖြစ်တုန်း။ ကိုယ် မြန်မာ ဘီယာ ကြိုက်တယ်ဆိုရင် မြန်မာဘီယာ မသောက်ရုံ ရှိတာပေါ့။ တခြား ဘီယာ သောက်လို့ ရတာပဲ"
စစ်တပ်ထုတ်ကုန်တွေထဲမှာ MyTel ဆက်သွယ်ရေးလုပ်ငန်း၊ မြဝတီဘဏ်၊ အောင်မြင့် မိုရ်မင်း အာမခံလုပ်ငန်း၊ မြန်မာဘီယာ၊ ဒဂုံဘီယာ၊ အာမီရမ်၊ Red Ruby စီးကရက်၊ ရွှေဖီဦး Lemon Tea လုပ်ငန်းတွေက လူသိများသလို အရင်က လူထုထဲ သုံးစွဲမှုလည်း အများအပြားရှိခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ Mytel ဖုန်းဆင်းကဒ်ကနေ ဘီယာနဲ့ ကော်ဖီ၊ လက်ဘက်ရည်ထုပ်တွေကအစ သုံးစွဲတာမျိုးမလုပ်ဘဲ သပိတ်မှောက်ကြဖို့ ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူတွေက လှုံ့ဆော်နေကြတာပါ။
"အာဏာသိမ်းတဲ့အဖွဲရဲ့နောက်ခံငွေကြေးတွေကမြန်မာဘီယာလိုဒီပစ္စည်းတွေကနေရတာဆိုတော့ဒီပစ္စည်းတွေကိုသပိတ်မှောက်မယ်"
စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ စစ်တပ်ရဲ့ ထုတ်ကုန်တွေကို သပိတ်မှောက်ပေမဲ့လည်း ကိုယ်ပိုင်ဈေးကွက်ရှိပြီးသားဖြစ်လို့ ရောင်းလို့ ရတဲ့နေရာမှာ ဆက်ရောင်းသွားမယ်လို့ တုံ့ပြန်ပါတယ်။
" ဒါမျိုးလုပ်ဆောင်နေတာ လှုံ့ဆော်နေတာကတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း ကတည်းက လုပ်ဆောင်နေတာ ပါပဲ။ အခုမှ လုပ်ဆောင်နေတာလည်း မဟုတ်ပါဘူး။ လုပ်ပြနေတာကလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းက တည်းက လုပ်ဆောင် နေတာပဲ။ အဲဒီထုတ်ကုန်ပစ္စည်းတွေ ဘယ်သူတွေ စားတာလဲ ဆိုတော့ ပြည်သူလူထုပဲ စားတာ ဖြစ်ပါတယ်။ ပြည်သူလူထုပဲ သုံးစွဲတာ ဖြစ်တယ်။ အဲဒီတော့ တကယ် နစ်နာမှာ က ဘယ်သူနစ်နာမလဲ။ အဲဒီလို ဖျက်ဆီးခံရတဲ့ နေရာတွေ မပို့ဘူးပေါ့ဗျာ။ မပို့ရင် မစားရရုံပဲ ရှိတာပေါ့။ ဒါပဲ ရှိပါတယ်"
စစ်တပ်ထုတ်ကုန်တွေကရတဲ့ အကျိုးအမြတ်တွေကို တပ်မတော်သားတွေ၊ အငြိမ်းစား တွေအတွက် ရှယ်ယာအတိုင်း ပြန်လည်ခွဲဝေပေးတာဖြစ်ပြီး၊ ဒီထက်ပိုလာတဲ့ အမြတ် ငွေကိုတော့ စက်ရုံတွေ ပြန်လည်တည်ထောင်တာ လုပ်ခလစာပေးတာတွေအတွက် အသုံးပြုနေတာလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားပါတယ်။
Justice For Myanmar အဖွဲ့ကတော့ စစ်တပ်လုပ်ငန်းတွေကရရှိတဲ့ အမြတ်ငွေတွေကို စစ်ရေးလှုပ်ရှားမှုတွေနဲ့ စစ်တပ်အကြီးအကဲတွေကို သစ္စာစောင့်သိတဲ့ အောက်ခြေ စစ်သည်အရာရှိအဆင့်ဆင့်ကို ဆုကြေးပေးတဲ့နေရာတွေမှာ အသုံးပြုနေတယ်လို့ ထောက်ပြဝေဖန်ထားပါတယ်။

အခုလိုအချိန်မျိုးမှာ ပြည်သူတွေဟာ အာဏာသိမ်းစစ်တပ်ကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်နေပြီး ထုတ်ကုန် သပိတ်မှောက်တဲ့နည်းလမ်းဟာ အကြမ်းမဖက်၊ အင်အား မသုံးဘဲ ဆန့်ကျင်တာဖြစ်တယ်လို့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်း က သုံးသပ်ပါတယ်။
" ကျနော်တို့ အတိုက်အခံလုပ်တဲ့အခါမှာ နည်းပရိယာယ်ပေါင်းစုံ ချကြရတာပေါ့ဗျာ။ လမ်းပေါ်ထွက် ဆန္ဒပြတာမျိုးလည်း ရှိ တယ်။ တခြား နည်းနာပေါင်းစုံပေါ့။ ခုနက စားသုံးသူသပိတ် ရှိတယ်။ နောက်တစ်ခါ တောင်အာဖရိက နိုင်ငံမှာဆိုရင် အစိုးရ ဆီက ပိုကောင်းတဲ့ ဝန်ဆောင်မှုကို တောင်းတယ်။ ဥပမာ မီးပေးရေး၊ လျှပ်စစ်မီးရရေး၊ ရေသန့်ရရေး စသဖြင့်ပေါ့ဗျာ။ အဲလို တွေပေါင်းစုံတွေ ပေါင်းစပ်ပြီးတော့မှပဲ တစ်ချိန်မှာ စေ့စပ်ဆွေးနွေးရတဲ့ အဖြစ်ကို ရောက်ကြတာကိုး။ ကျနော် မြင်တာ ကတော့ ပြဿနာတော့ မရှိပါဘူး။ နည်းလမ်းပေါင်းစုံ သုံးကြရတယ်လို့ ထင်ပါတယ်"
ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေမှာတော့ စစ်တပ်ထုတ်ကုန်တွေကို အင်အားသုံးဖျက်ဆီးတာမျိုးတွေ တွေ့လာရတာကြောင့် အဲဒီလိုမဖြစ်အောင်တော့ သတိထားသင့်တယ်လို့လည်း ဦးအောင်သူငြိမ်းက တိုက်တွန်းသွားပါတယ်။
ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း အာဏာသိမ်းစစ်တပ်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ လှုံ့ဆော်စည်းရုံး နေပါတယ်။
Burma Campaign (UK) အဖွဲ့က စစ်တပ်ထုတ်ကုန်အမှတ်တံဆိပ် ၁၄၉ မျိုးထဲမှာပါဝင်တဲ့ ဆောက်လုပ်ရေး၊ မီဒီယာ၊ ဖျော်ဖြေရေး၊ စိုက်ပျိုးရေး စတဲ့ထုတ်ကုန်တွေကို သပိတ် မှောက်ကြဖို့ နှိုးဆော်ထားတဲ့အပြင် စစ်တပ်နဲ့ ဆက်စပ်နေတဲ့ နိုင်ငံတကာကုမ္ပဏီ ၈၀ ကျော်ကိုလည်း အမည်ပျက်စာရင်း Dirty List အဖြစ် ပြီးခဲ့တဲ့နှစ်ကတည်းက ကြေညာ ခဲ့ပါတယ်။
အမေရိကန်နဲ့ ဗြိတိန်အစိုးရတွေကလည်း မြန်မာစစ်တပ်ရဲ့ အဓိကဝင်ငွေရလမ်း စီးပွားရေးလုပ်ငန်းကြီး နှစ်ခုဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့ကို စစ်အာဏာသိမ်းပြီးနောက်မှာ အမည်ပျက်စာရင်းထည့်သွင်းခဲ့ပါတယ်။
ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ကတော့ MEC နဲ့ MHL အပါအဝင် စစ်တပ်နဲ့ ဆက်စပ်နေတဲ့လုပ်ငန်းတွေနဲ့ စီးပွားရေး ပူးတွဲမလုပ်ကြ်ဖို့ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းကြီးတွေ၊ ကုမ္ပဏီကြီးတွေကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်ကတည်းက ထုတ်ပြန် တားမြစ်ထားတာပါ။
ဒီလှုံ့ဆော်မှုတွေကြောင့်ပဲ လူမှုကွန်ရက် ကုမ္ပဏီကြီးဖြစ်တဲ့ Facebook ကလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ စီးပွားရေး လုပ်ငန်းတွေရဲ့ လူမှုကွန်ရက် စာမျက်နှာတွေကို Face book ကနေ ဖြုတ်ချဖယ်ရှား ခဲ့ပါတယ်။