ကမ္ဘာကျော်ဘီယာကုမ္ပဏီကြီးတွေ ပြန်ထွက်ခွာဖို့ တောင်းဆိုနေ

RFA Burmese
2023.05.02
ကမ္ဘာကျော်ဘီယာကုမ္ပဏီကြီးတွေ ပြန်ထွက်ခွာဖို့ တောင်းဆိုနေ Heineken နှင့် Tiger ဘီယာသေတ္တာများကို စင်ကာပူနိုင်ငံရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။
ROSLAN RAHMAN / AFP

မြန်မာနိုင်ငံမှာ အရက်၊ ဘီယာနဲ့ အဖျော်ယမကာမျိုးစုံ ရောင်းချနေတဲ့ နယ်သာလန် အခြေစိုက် Heineken၊ ဒိန်းမတ်အခြေစိုက် Carlsberg နဲ့ ထိုင်းအခြေစိုက် Thai Beverage (Thai BEV) လို ကုမ္ပဏီကြီးတွေဟာ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းရာနဲ့ချီပြီး စစ်ကောင်စီကို အခွန်ပေးနေတာကြောင့် မြန်မာနိုင်ငံကနေ အမြန်ဆုံး ပြန်ထွက်ခွာဖို့ ရန်ကုန်မြို့ခံတွေ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ Justice For Myanmar အဖွဲ့က တိုက်တွန်း တောင်းဆိုကြပါတယ်။

အဲဒီကုမ္ပဏီကြီးတွေက စစ်ကောင်စီကို တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၅၅ သန်း အခွန်ပေးဆောင်နေတယ်လို့ Justice For Myanmar အဖွဲ့က ဧပြီလ ၂၀ ရက်နေ့က အစီအရင်ခံစာ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ ကုမ္ပဏီတိုင်း တာဝန်ယူမှု၊ တာဝန်ခံမှု ကြီးကြီး မားမား ပြန်ပေးရမှာမို့ မြန်မာနိုင်ငံကနေ အမြန်ဆုံး ပြန်ထွက်ခွာသင့်တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ သုတေသနနဲ့ နိုင်ငံရေးအကြံပေး ကိုမိုးထက်နေက ပြောပါတယ်။

"ရင်းနှီးမြှုပ်နှံမှုကြီးတဲ့ကုမ္ပဏီတွေကတော့ ငွေအလုံးအရင်းနဲ့ ပေးဆောင်ရတာ ဖြစ်တဲ့အတွက် ပိုပြီးတော့ တာဝန်ကြီးတယ်၊ ပိုတာဝန်ခံရမယ်လို့ ကျွန်တော် နားလည်တယ်ပေါ့လေ။ သူတို့ကတော့ ထွက်သွားတာပဲ ကောင်းပါတယ်။ ကျွန်တော်တို့ဆီမှာ လာပြီးရင်းနှီးမြှုပ်နှံနေတယ်ဆိုတဲ့ ကုမ္ပဏီအများစုက ကျွန်တော်တို့ဆီကနေပြီးတော့ ဂုတ်သွေးစုပ် အမြတ်ထုတ်နေတဲ့ အခုလိုမျိုး ဖျော်ဖြေရေးမှာသုံးတဲ့ ကုမ္ပဏီလိုမျိုးပဲ ရှိတာပါ။ ဒီကုမ္ပဏီတွေအနေနဲ့ အာဏာသိမ်းစစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေ ဖယ်ပြီးတော့ အမြန်ဆုံးထွက်ခွာသွားဖို့ပဲ ပြောချင်ပါတယ်"

စစ်ကောင်စီဟာ ရရှိသမျှအခွန်ငွေကို ပြည်သူကို နှိပ်စက်ညှဉ်းပန်းတဲ့ စစ်ရေးဘတ်ဂျက် မှာသာ အများဆုံးအသုံးပြုနေတဲ့အတွက် ဒီလိုဝင်ငွေရလမ်းတွေကို ဖြတ်တောက် သင့်တယ်လို့ သူက ပြောပါတယ်။

Justice For Myanmar အဖွဲ့ရဲ့ အစီရင်ခံစာအရ Heineken ကုမ္ပဏီက Heineken ဘီယာ၊ ABC ဘီယာ၊ Tiger ဘီယာ၊ Regal Seven ဘီယာ၊ Bawdar ဘီယာတို့ကို ထုတ်လုပ်နေပြီး Carlsberg ကုမ္ပဏီက Yoma၊ Carlsberg၊ Tuborg၊ Black Eagle Stout ဘီယာနဲ့ Thai Bev က Grand Royal ဝီစကီ၊ Mac Arthur ဝီစကီတို့ကို မြန်မာနိုင်ငံမှာ အမြောက်အမြား ထုတ်လုပ်ရောင်းချနေတာပါ။

အဲဒီကုမ္ပဏီသုံးခုရဲ့ မြန်မာနိုင်ငံဌာနခွဲတွေကနေ ၂၀၂၁ ခုနှစ် အောက်တိုဘာကနေ ဒီဇင်ဘာလအထိ သုံးလအတွင်းမှာ စစ်ကောင်စီကို အထူးကုန်စည်ခွန် (SGT) အဖြစ် အမေရိကန်ဒေါ်လာ ၂၇ သန်း ၆ သိန်းနဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေ သန်းပေါင်းများစွာ ပေးဆောင်ခဲ့တယ်လို့ Justice For Myanmar က ဖော်ပြပါတယ်။ အဲဒီ သုံးလတာ အတွင်းမှာပဲ အမေရိကန်ဒေါ်လာ ခုနစ်သန်းနဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေ သန်းပေါင်းများစွာ ကိုလည်း ဝင်ငွေခွန်အဖြစ် စစ်ကောင်စီကို ပေးသွင်းခဲ့တယ်လို့ ဆိုပါတယ်။

Heineken, Carlsberg, Thai BEV ကုမ္ပဏီတို့ဟာ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၁၅၅ သန်း စစ်ကောင်စီကို ပေးချေနေပြီး စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေအတွက် ငွေကြေးထောက်ပံ့နေတယ်လို့ Justice For Myanmar က ဆိုပါတယ်။

ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာကုမ္ပဏီတွေကို RFA က အီးမေလ်ကတစ်ဆင့် စာရေးမေးမြန်းတဲ့အခါ Heniken နဲ့ Thai BEV တို့က တုံ့ပြန်ခြင်း မရှိပါဘူး။ ဒိန်းမတ်အခြေစိုက် Carlsberg ကုမ္ပဏီကတော့ သူတို့ရဲ့ လုပ်ငန်းခွဲတိုင်းဟာ နိုင်ငံတိုင်းမှာရှိတဲ့ ဥပဒေတွေကို လိုက်နာဖို့ လိုအပ်တာကြောင့် ဘယ်နိုင်ငံမှာမဆို အခွန်ပေးဆောင်ရမှာဖြစ်တယ်လို့ RFA ကို အကြောင်းပြန်ပါတယ်။

သူတို့အနေနဲ့ မြန်မာပြည်မှာ လုပ်ငန်းလည်ပတ်တဲ့ ၂၀၁၂ ကနေ လက်ရှိအချိန်အထိ အရေးယူပိတ်ဆို့ခံထားရတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေနဲ့ စီးပွားအရေးအရ ဆက်နွယ်မှု မရှိသလို မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးဆိုင်ရာ ဆန်းစစ်မှုတွေကို ၂၀၂၂ ခုနှစ်မှာ လုပ်ဆောင်ခဲ့တယ်လို့ Carlsberg ကုမ္ပဏီက တုံ့ပြန်ပါတယ်။

ရန်ကုန်မြို့က အမျိုးသမီးငယ်တစ်ဦးကတော့ စစ်ကောင်စီကို ထောက်ပံ့နေတဲ့ ဘယ်ဘီယာ အမှတ်တံဆိပ်ကို မဆို လိုအပ်ရင် သပိတ်မှောက် ဆန့်ကျင်ရမယ်လို့ ပြောပါတယ်။

"ကျွန်မဆိုရင် အာဏာမသိမ်းခင်တုန်းက မြန်မာဘီယာပဲ သောက်ခဲ့တာပေါ့နော်၊ ဒါပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ မြန်မာဘီယာကို လုံးဝ Boycott လုပ်ရမယ်ဆိုတော့ တခြား Brand တွေကို ပြောင်းသောက်ခဲ့တာပေါ့နော်။ အခု ဒီဈေးကွက်မှာ အသောက် များကြတဲ့ Heineken တို့၊ ဘာတို့က Boycott list ထဲကို ပါလာပြီဆိုရင်တော့ ကျွန်မတို့မှာ တခြားရွေးချယ်ခွင့်တွေထဲကနေ ရွေးရမှာပေါ့နော်။ သူတို့ဆောင်တဲ့ အခွန်တွေနဲ့ ပြည်သူတွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေလုပ်နေတာဆိုတော့ ဒါကို ပြတ်ပြတ်သားသား Boycott လုပ်ရမယ်လို့ မြင်ပါတယ်"

အရက်ဘီယာ နှစ်သက်သူတွေအနေနဲ့ တခြား ရွေးချယ်စရာအမှတ်တံဆိပ်တွေကိုသာ ရွေးချယ်သင့်တယ်လို့လည်း သူက ဆိုပါတယ်။

"သူတို့ဆောင်တဲ့ အခွန်တွေနဲ့ ပြည်သူတွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေလုပ်နေတာဆိုတော့ ဒါကို ပြတ်ပြတ်သားသား Boycott လုပ်ရမယ်လို့ မြင်ပါတယ်"

အာဏာသိမ်းပြီးနောက်မှာ စစ်တပ်ထုတ်ကုန်တွေနဲ့ စစ်ကောင်စီနဲ့ ဆက်စပ်သူတွေ ပိုင်ဆိုင်တဲ့ Andaman Gold ဘီယာ၊ မြန်မာဘီယာ၊ မန္တလေးဘီယာ၊ Dagon အမှတ်တံဆိပ် အရက်ဘီယာတွေ၊ Ruby နဲ့ Premium Gold ဆေးလိပ်တွေကို သပိတ်မှောက်ကြဖို့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက တိုက်တွန်းထားပါတယ်။

Sugar MEC တံဆိပ်ပါ သကြား၊ သန့်စင် လက်သန့်ဆေးရည်၊ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး၊ Mytel နဲ့ MEC Tel မိုဘိုင်းအော်ပရေတာတွေ၊ ရွှေနန်းတော် ရတနာဆိုင်၊ ငွေပင်လယ် အမှတ်တံဆိပ်၊ Star Mart နဲ့ ၅၄၇ မီနီမတ်၊ Dentomec သွားတိုက်ဆေး စတာတွေ ကိုလည်း သပိတ်မှောက်ဖို့ နှိုးဆော်ထားပါတယ်။

ဒီလိုနှိုးဆော်မှုတွေကြောင့် အရင်က ရောင်းကောင်းခဲ့တဲ့ မြန်မာဘီယာဟာ အခုလက်ရှိမှာ ဝယ်သူမရှိသလောက် ဖြစ်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ စစ်ကိုင်းတိုင်းက အရက်ဘီယာဆိုင် ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

"အရင်တုန်းကတော့ မြန်မာဘီယာ ရတုန်းက အများကြီး ရောင်းရတာပေါ့ဗျာ။ အခုတော့ မရောင်းရတော့ဘူးပေါ့။ မြန်မာဘီယာတွေ ဘာတွေ တစ်ဝက်ကျော်ပေါ့။ အရင်တုန်းကတော့ မြန်မာဘီယာသောက်တဲ့သူ များတယ်လေ။ အခု မြန်မာဘီယာ သောက်တဲ့သူမရှိတောင် မရှိသလောက်ပါပဲဗျာ။ ဒီမှာတော့ လာမေးတဲ့သူလည်း မရှိတော့ဘူး။ မြန်မာဘီယာက ဒီဘက်တွေလည်း မလာတော့ဘူးဆိုတော့လေ။ Heineken လည်း ကျွန်တော် မရောင်းဖြစ်ဘူးဗျ။ Chang တို့ Tiger တို့ အဲဒါတွေ အဓိကထားရောင်းတယ်ပေါ့ ABC တို့"

လက်နက်ကိုင် ခုခံမှုအားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ကရင်နီပြည်နယ်တို့မှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်တပ်နဲ့ စစ်တပ်ကိုထောက်ခံတဲ့ ကုမ္ပဏီတွေ ထုတ်လုပ်တဲ့ အရက်၊ ဘီယာနဲ့ တခြား ကုန်ပစ္စည်းတွေကို မဝယ်ယူဖို့ စစ်ဆေးဖမ်းဆီးတာ၊ ဖျက်ဆီးတာတွေကို မကြာခဏ လုပ်ဆောင်နေပါတယ်။

ဒီလိုတားဆီးမှုတွေကြောင့် မကွေးတိုင်းမှာ စစ်တပ်ထုတ်ကုန် ဘီယာ၊ အရက်နဲ့ တခြား ကုန်ပစ္စည်းတွေကို သယ်ယူရောင်းချမှု၊ ဝယ်ယူသုံးစွဲမှု မရှိသလောက်နီးပါး ဖြစ်သွားတယ်လို့ မကွေးတိုင်း အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၇၀၃ က ရဲဘော် ကြက်ကြီးက RFA ကို ပြောပါတယ်။

"တော်လှန်ရေး အစပိုင်းမှာတော့ ကျွန်တော်တို့ တောက်လျှောက် ဖမ်းမိတယ်ပေါ့၊ Boycott ပစ္စည်းတွေ၊ မြန်မာဘီယာပေါ့နော်။ Ruby ဆေးလိပ်တို့၊ Premium Gold စီးကရက်တို့ အဓိက အဲဒါတွေ ဖမ်းမိတယ်ပေါ့။ ဒဂုံဘီယာတို့၊ သတိပေးတယ်ပေါ့နော်။ ဝန်ခံကတိ ထိုးခိုင်းတယ်။ နောက် ဒါမျိုး မလုပ်ဖို့၊ မသယ်ဖို့ပေါ့နော်။ ဖမ်းမိတဲ့ပစ္စည်းတွေ ကိုတော့ သယ်လာတဲ့ ပြည်သူရှေ့မှာပဲ ကျွန်တော်တို့ တစ်ခါတည်း မီးရှို့ဖျက်ဆီး လိုက်တာပါဗျ။ လက်ရှိ အခြေအနေကတော့ စစ်တပ်ထုတ်ကုန်ဆိုလို့ရှိရင် ကျွန်တော်တို့ ဒီဘက်တွေမှာ လုံးဝ မရှိတော့ဘူးဗျ။ ဂိတ်တွေမှာဆိုလည်း သိမ်းဆည်းရမိမှု မရှိတော့ဘူးဗျ"

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရန်ကုန်မြို့မှာ စစ်တပ်ထုတ်ကုန်မသုံးဖို့ သပိတ်မှောက် ဆန္ဒပြကြစဉ်။ (Photo: Citizen Journalist)
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရန်ကုန်မြို့မှာ စစ်တပ်ထုတ်ကုန်မသုံးဖို့ သပိတ်မှောက် ဆန္ဒပြကြစဉ်။ (Photo: Citizen Journalist)

Justice For Myanmar အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကတော့ စစ်ရာဇဝတ်မှု ကျုးလွန်နေသူတွေကို အခွန်ငွေပေးနေတာဟာ အဲဒီရာဇဝတ်မှုတွေမှာ တိုက်ရိုက် ပါဝင်သလို ဖြစ်နေတာကြောင့် နိုင်ငံခြား ကုမ္ပဏီကြီးတွေအနေနဲ့ စစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေကို ပူးပေါင်းပါဝင်မှာလား၊ အခွန်ငွေပေးနေတာကို ရပ်တန့်မလားဆိုတာ ရွေးချယ်ရလိမ့်မယ်လို့ RFA ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ စီးပွားရေးထောက်တိုင်တွေကို ဖြိုချတာကလည်း စစ်တပ်ကို အင်အားချည့်နဲ့စေတဲ့ နည်းလမ်းဖြစ်တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်) ရဲ့ စည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီ တာဝန်ခံ ကိုမင်းလွင်ဦးက ပြောပါတယ်။

"အမေရိကန်အငြိမ်းစား စစ်ပါမောက္ခတစ်ယောက် ပြောသလိုပေါ့ဗျာ။ ကျွန်တော်တို့က စစ်ရေးအရ တစ်ခုတည်းနဲ့ စစ်ကောင်စီကို ရင်ဆိုင်အံတုဖို့ တော်တော်လေး ခက်ခဲတဲ့ အနေအထားဗျာ။ စစ်တပ်ရဲ့ စီးပွားရေးထောက်တိုင်တွေကို ဖြိုချနိုင်လောက်တဲ့အထိ စွမ်းဆောင်နိုင်မယ်ဆိုရင် စစ်တပ်က အလိုလို အင်အားချည့်နဲ့သွားမယ့်ဟာမျိုး ဖြစ်လာနိုင်တယ်ပေါ့ဗျာ။ ပြောချင်တာက ဒီစစ်တပ်ရဲ့ စီးပွားရေးအခြေခံအရင်းအမြစ် ထောက်တိုင်တွေကို ဖြိုချတဲ့ တိုက်ပွဲနည်းနာကလည်းပဲ တော်လှန်ရေးအတွက် တော်တော်လေး ထိရောက်မှုရှိတဲ့ နည်းနာလို့ပဲ ကျွန်တော်တို့ ယူဆတယ်ဗျ"

တစ်ဘက်မှာလည်း နိုင်ငံတကာကုမ္ပဏီကြီးတွေ မြန်မာပြည်က ပြန်ထွက်ခွာသွားတဲ့အခါ အလုပ်အကိုင်ရှားပါးမှုနဲ့ စစ်အုပ်စုနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေသာ ကြီးစိုးတာ၊ စားသုံးသူတွေအတွက် ရွေးချယ်စရာ နည်းပါးတာနဲ့ ကုန်ပစ္စည်း ဈေးနှုန်းမြင့်တက် တာတွေကို ရင်ဆိုင်ရနိုင်တယ်လို့ ကိုမင်းလွင်ဦးက ထောက်ပြပါတယ်။

မြန်မာပြည်သူတွေက သပိတ်မှောက်ထားတဲ့ စစ်တပ်ရဲ့ အဖျော်ယမကာ ထုတ်ကုန်တွေ ထဲမှာ မြန်မာဘီယာဟာ အကျိုးသက်ရောက်မှု သိသိသာသာ ခံစားခဲ့ရပြီး အာဏာ မသိမ်းခင်က ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁ သန်း ရရှိခဲ့ရာကနေ အာဏာသိမ်းပြီး တစ်နှစ်အတွင်းမှာ ငါးသန်းကျော်ပဲ ရရှိတဲ့အထိ ရောင်းအား ထက်ဝက် ကျဆင်း သွားခဲ့တယ်လို့ အဲဒီကုမ္ပဏီရဲ့ စာရင်းတွေက ဖော်ပြပါတယ်။

မြန်မာဘီယာနဲ့ လက်တွဲလုပ်ကိုင်နေတဲ့ ဂျပန် ကီရင်ကုမ္ပဏီဟာလည်း စစ်တပ် အာဏာသိမ်းပြီး တစ်နှစ်အကြာ ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံက သူ့ရဲ့ အစုရှယ်ယာတွေကို ရောင်းချပြီး ပြန်ထွက်သွားခဲ့ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။