ဘန်ကောက်မြို့ရောက် မြန်မာအလုပ်သမားမောင်နှံ ကလေးဆေးကုဖို့ အခက်ကြုံနေရ
ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ မြန်မာအလုပ်သမား ကိုစုရန်ပိုင်ဦးနဲ့ ဇနီး မပန်းအိဖြူတို့မှာ အသက်တစ်နှစ်ခွဲမပြည့်သေးတဲ့ သမီးလေး မအိသဇင်အောင်ရှိပါတယ်။ အဲဒီကလေးငယ်ဟာ မွေးရာပါအဆုတ်အားနည်းတဲ့ရောဂါကြောင့် မကြာခဏ ဆေးရုံတက်ကုသနေရတယ်လို့ သိရပါတယ်။
ဘန်ကောက်မြို့ Nonthaburi နွမ်ထဘူရီခရိုင် Phra Nang Klao ဖရာနန်ကလောင်းဆေးရုံကို ဒီရက်ပိုင်းထပ်မံတက်ရောက်ခဲ့ရတဲ့ မအိသဇင်အောင်ရဲ့မိခင် မပန်းအိဖြူက ဒီသမီးလေးအတွက် သူတို့အမြဲပူပန်သောကရောက်နေရပါတယ်လို့ RFA ကို ပြောပါတယ်။
“ကလေးက ချောင်းနည်းနည်းဆိုးနေတယ်။ အဆုတ်က အသံထွက်တယ်။ နီးစပ်ရာ ဆရာဝန်တွေ ဘာတွေသွားပြတယ်။ နောက်ဆုံးမရတော့ သူတို့က ဆေးရုံတက်ခိုင်းတယ်။ အဆုတ်တစ်ခြမ်းဆိုတော့ တအားမောတယ်။ ချွဲတအားကြပ်တယ်။ အဆုတ်တစ်ခြမ်းဆိုတော့ ခံနိုင်ရည် သိပ်မရှိဘူး။ သူ့ရောဂါက အဲဒီလိုမျိုး မကြာမကြာဖြစ်တဲ့အတွက် ရေရှည်ကုရမယ်တဲ့”
မအိသဇင်အောင်ရဲ့ဖခင် ကိုစုရန်ပိုင်ဦးကလည်း သူတို့ ဘဝကို ပြန်ပြောင်းပြောဆိုရင်း လက်ရှိအခြေအနေအရ သူတို့မှာ ရှိသမျှ ပေါင်နှံရောင်းချပြီး ကုသနေပေမယ့် ဆေးဖိုးနဲ့ ဆေးရုံတက်ခကို မပေးနိုင်တော့တဲ့အတွက် စေတနာရှင်တွေအနေနဲ့ ကူညီကြပါလို့ မေတ္တာရပ်ခံပါတယ်။
“ကျနော်တို့ နှစ်ယောက် MOU စနစ်နဲ့ ထိုင်းအစိုးရနဲ့ မြန်မာအစိုးရဲ့ စာချုပ်နဲ့ ထိုင်းကိုထွက်လာတယ်။ ကလေးကတော့ ဒီမှာပဲ မွေးတယ်။ ကလေးက တစ်နှစ်နဲ့ ငါးလရှိပြီ။ ကလေးက မွေးမွေးပြီးချင်း ဆေးရုံမှာတင် တစ်လနဲ့ တစ်ရက်ကြာတယ်။ ဒီကြားထဲမှာလည်း တစ်လကို လေးခါလောက် ဆေးရုံ ရက်ချိန်းလာရတယ်။ ကလေးမွေးမွေးပြီးချင်း တစ်နှစ်လောက်ကတော့ ကျနော်တို့က အလုပ်တရားဝင်ဆိုတော့ ကျန်းမာရေးထောက်ခံစာတွေ ဘာတွေရှိသေးတယ် ပိုက်ဆံကသိပ်မကုန်ဘူး။ နောက်ပိုင်း ကလေးတစ်နှစ်လောက်လည်းကျရော ကျနော်တို့မှာ ကျန်းမာရေးထောက်ခံစာတွေ မရှိတော့ ကလေးက ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ကုရတော့ ကျနော့်မိန်းမကလည်း အလုပ်မရှိ။ ကျနော့်တစ်ယောက်တည်း လုပ်စာနဲ့ မကုနိုင်တော့ ရွာက လယ်ကို ရောင်းပြီး ကုတယ်။ နောက်ပိုင်း ဘယ်လိုမှမတတ်နိုင်တော့ ကျနော်တို့လက်ထဲမှာရှိတဲ့ ဘဏ်ကတ်တွေကို အတိုးနဲ့ပေါင်တာပေါ့ ဒီထိုင်းနိုင်ငံမှာ။ စက်ရုံကပေးထားတာ။ ပိုက်ဆံထုတ်တဲ့ ဘဏ်ကဒ်။ အဲဒါကို ၆ သောင်းနဲ့ပေါင်ပြီး ကုတယ်။ နောက်ပိုင်း ကလေးက အဆုတ်က တစ်ခြမ်းထဲဆိုတော့ သူများကလေးလို မဟုတ်ဖူး။ ကျန်းမာရေးက ခဏခဏချူချာတော့။ အခုတစ်ခေါက် ဆေးရုံတက်ရတော့ ကျနော်တို့ လက်ထဲမှာ ပိုက်ဆံမရှိတော့ဘူး။ မတင်နိုင်တာနဲ့ ကလေးက ဆေးရုံရောက် နောက်ကျတော့ အဆုတ်ထဲ ပိုးဝင်သွားတာ။ ပိုးဝင်သွားတော့ ဆေးရုံရောက်ပြီးပြီးချင်း စဉ်းစားလိုက်တော့ ရှေ့လျှောက် ဘယ်လိုမှမတတ်နိုင်တော့တဲ့အတွက် အခုလို အကူအညီတောင်းရခြင်းဖြစ်ပါတယ်။”
ဆေးရုံတာဝန်ကျ သူနာပြုဆရာမတစ်ဦးက စကားပြန်ကတစ်ဆင့် ကိုစုရန်ပိုင်ဦးနဲ့ မပန်းအိဖြူ တို့ကို ရှင်းပြခဲ့ပါတယ်။
“ဆေးရုံတက်ခ အကြွေးငွေက အခုဘတ်ငွေ နှစ်သောင်းရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် ဆက်လက်ဆေးကုသခွင့် ရရှိဖို့အတွက် အဲဒီငွေကို ပေးဆောင်ဖို့လိုပါတယ်။ တကယ်လို့ မိဘတွေအနေနဲ့ အခက်အခဲ အရမ်းရှိနေရင်တော့လည်း အနည်းဆုံး တစ်ဝက်ခန့်ဖြစ်တဲ့ ဘတ်ငွေ တစ်သောင်းကို ပေးသွင်းစေချင်ပါတယ်” လို့ သူနာပြုဆရာမက ရှင်းလင်းပြောဆိုသွားခဲ့တာပါ။
ကလေးငယ်ရဲ့ အသက်ကို ကယ်တင်ဖို့ ဘန်ကောက်ဝန်းကျင်မှာရှိတဲ့ ဘဝတူမြန်မာအလုပ်သမားတွေက ဝိုင်းဝန်းကူညီနေကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် RFA က ဆေးရုံကို ရောက်ရှိသတင်းယူနေစဉ်မှာပဲ နှလုံးလှအာဟာရ သွေးစည်းညီအစ်ကိုမှောင်နှမများလို့ အမည်ပေးထာားတဲ့ လူမှုရေးအဖွဲ့တစ်ခုက ဘတ်ငွေ ခြောက်သောင်း လာရောက်လှူဒါန်းခဲ့ပါတယ်။ အဖွဲ့ကိုယ်စားပြောပြသူက ကိုကျော်ရဲထက် ပါ။
“ကျနော်တို့ ၁၅ ရက်နေ့ ညနေ ၇ နာရီခွဲမှာ စပြီးအလှူခံလိုက်ပါတယ်။ ၁၈ ရက်နေ့အထိ ဘတ် ၆ သောင်းတိတိရရှိပါတယ်။ ကလေးအတွက် ဆေးဖိုးဝါးခကို လာရောက် လှူဒါန်းပေးခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း လှူဒါန်းတာ ဆောင်ရွက်ပေးသွားမှာပါ။ ထိထိရောက်ရောက်နဲ့ ကလေးရဲ့ရောဂါကို ထောက်ပံ့နိုင်သလောက် ကြိုးစားပြီး လုပ်ဆောင်ပေးသွားမှာပါ။ အခုကတော့ ဘတ် ၆ သောင်း လှူဒါန်းခြင်းဖြစ်ပါတယ်။ ကျနော်တို့အဖွဲ့ရဲ့ကိုယ်စား ကျနော်တို့က သွေးစည်းညီအစ်ကိုမောင်နှမများ ကျနော် ကျော်ရဲထက်မှ လာရောက်လှူဒါန်းခြင်းဖြစ်ပါတယ်။”
အခုလိုလာရောက်လှူဒါန်းတဲ့အတွက် လတ်တလော အခက်အခဲတော့ ပြေလည်သွားပါပြီ။ ဒါပေမယ့် ဒီကလေးကို ဆက်လက်ကုသဖို့ အချိန်ရော ငွေပါ အများအပြား လိုအပ်နေဦးမှာဖြစ်တယ်လို့ ပါဝင်ကူညီပေးနေသူ တစ်ဦးဖြစ်တဲ့ ကိုဖြိုးပိုင်က ပြောပါတယ်။
“ဆရာဝန်ပြောတာကတော့ ဒီကလေးက ရေရှည်ကုရမယ်။ မွေးရာပါ အဆုတ်က တစ်ခြမ်းပဲ ပါလာတဲ့အတွက် တစ်ဦးတစ်ဖွဲ့တည်းနဲ့တော့ အဆင်မပြေဘူး။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အားလုံးက ဒီကလေးကို ဝိုင်းဝန်းပြီးတော့ ကူညီပေးကြမယ်ဆိုရင် ဒီကလေးရဲ့ ရေရှည်ဆေးကုသစရိတ်က အဆင်ပြေသွားမယ်လို့ထင်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ ကျနော်က ကလေးကို ဝိုင်းဝန်းပြီး ကူညီပေးနေတာဖြစ်ပါတယ်”
လက်ရှိမှာ မအိသဇင်အောင် အနည်းငယ်သက်သာလာတဲ့အတွက် ဆေးရုံက အိမ်ပြန်လွှတ်လိုက်ပြီး လာမယ့် အောက်တိုဘာလ ၁ဝ ရက်နေ့မှာ ပြန်လာပြသဖို့ ညွှန်ကြားထားတယ်လို့ မိခင်ဖြစ်သူ မပန်းအိဖြူက ပြောပါတယ်။
မပန်းအိဖြူရဲ့ ဖုန်းနံပါတ်က ထိုင်းနိုင်ငံဖုန်း ဝ၈၂၇၈၅၉၇၅၄ နဲ့ ကိုစုရန်ပိုင်ဦးရဲ့ ဖုန်းနံပါတ်က ဝ၆၂၉၂၉၈၅၁၅ ဖြစ်ပါတယ်။
ဘန်ကောက်မြို့ရောက် မြန်မာအလုပ်သမားတွေကတော့ ကလေးရဲ့အသက်ကို ကယ်ဖို့အတွက် ဘဝတူ အလုပ်သမားဇနီးမောင်နှံကို သူတို့ တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီကြမယ်လို့ RFA ကို ပြောပါတယ်။