တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်း ရောင်းဝယ်ဖောက်ကားမှုကို တားမြစ်နိုင်ဖို့ မျှော်လင့်

တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားတာတွေကို ရန်ကုန်တိုင်းဒေသ ကြီးကနေ အစပြုပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ တားမြစ်နိုင်ဖို့မျှော်လင့်တယ်လို့ ကမ္ဘာ့တောရိုင်း တိရစ္တာန် ရန်ပုံငွေအဖွဲ့ WWF က ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ တရားမဝင် ဆင်စွယ်တွေ မီးရှို့မလို့ ပုံထားတာကို တွေ့ရစဉ် Photo: Phahti(BANCA)

တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားတာတွေကို  ရန်ကုန်တိုင်းဒေသကြီးကနေ အစပြုပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ တားမြစ်နိုင်ဖို့မျှော်လင့်တယ်လို့ ကမ္ဘာ့တောရိုင်းတိရစ္တာန် ရန်ပုံငွေအဖွဲ့ WWF က ပြောပါတယ်။

RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~

တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်း ရောင်းဝယ်ဖောက်ကားမှုကို တားမြစ်နိုင်ဖို့ မျှော်လင့်

(ဇာဏီထွဏ်း)

■ မြန်မာနိုင်ငံဟာ တောရိုင်းတိရစ္ဆာန်တွေ  အသတ်ခံရနေရတဲအပြင် တခြားနိုင်ငံတွေကို သယ်ယူပို့ဆောင်တဲ့ ကြားခံနယ်မြေတစ်ခုလည်းဖြစ်နေတာပါ။

အဲ့ဒီလိုအခြေအနေမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းတွေ ရောင်းဝယ်တာကို လက်မခံဘဲ တရားဥပဒေအရ အရေးယူသွားမယ်လို့ တိုင်းအစိုရအဖွဲ့က ထုတ်ပြန်လိုက်တဲ့အပေါ်  ကမ္ဘာ့တောရိုင်း တိရစ္ဆာန်ရန်ပုံငွေအဖွဲ့ WWF က ကြိုဆိုလိုက်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ တောရိုင်းတိရစ္ဆာန်ကာကွယ်ဖို့ တိုင်းဒေသကြီးတစ်ခုက ပထမဆုံးထုတ်ပြန် တာဖြစ်တယ်လို့လည်း Country Director မစ္စတာ ခရစ္စတီ ဝီလျှံက ပြောပါတယ်။

အရှေ့တောင်အာရှဒေသအတွင်း တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းတွေ တရားမဝင်ကုန်သွယ်မှု ကင်းစင်တဲ့ ပထမဆုံးမြို့တော်ဖြစ်ဖို့ ရည်ရွယ်ပြီး ရန်ကုန်တိုင်းအစိုးရက တရားဝင်တားမြစ်တဲ့အကြောင်း စက်တင်ဘာမှာ ထုတ်ပြန်ခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် သစ်တောဦးစီးဌာနက တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ဒေါ်ခင်သီတာထွန်းက တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းတွေကို ရောင်းဝယ်တာတွေ့ရင် တည်ဆဲဥပဒေနဲ့ အရေးယူသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

"တောရိုင်းတိရစ္ဆာန်တွေနဲ့ သူတို့ကိုသုံးပြီး ပြုလုပ်ထားတဲ့ပစ္စည်းတွေ ဒါတွေကို တရားမဝင် ခွင့်ပြုချက်မရှိဘဲနဲ့ ဒါတွေကို သယ်ဆောင်မယ် ပစ္စည်းတွေလုပ်မယ်၊လက်ဝယ်ထားမယ်၊  ရောင်းချမယ်၊ ဒါတွေကို ကျမတို့တွေ တည်ဆဲဥပဒေနဲ့ စုံစမ်းစစ်ဆေ၊ တွေ့ရှိတဲ့အခါမှာ အရေးယူသွားမှာ ဖြစ်ပါတယ်။"

မြန်မာနိုင်ငံက တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် ၂၀၁၈ ခုနှစ်မှာ ပြန်ပြီး ပြင်ဆင်ပြဌာန်းလိုက်တဲ့ ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ရေးဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အဲဒီဥပဒေမှာဆိုရင် တောရိုင်းတိရစ္ဆာန်တွေကို အမဲလိုက်တာ၊ ရောင်းချတာ ဒါမှမဟုတ် အသားတွေ၊ အစိတ်အပိုင်းတွေကို လက်ဝယ်ထားရှိတာ၊ လွှဲပြောင်း၊ သယ်ဆောင်တာတွေ တွေ့ရှိရင်  ထောင်ဒဏ် အနည်းဆုံး ၃ နှစ်ကနေ ၁၀ နှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပါရှိပါတယ်။

အဲဒီလို အရေးယူမယ်ဆိုတဲ့အကြောင်းကို ၂၀၁၇ ခုနှစ် ကတည်းက ရန်ကုန်မြို့ထဲမှာရှိတဲ့ နိုင်ငံခြားသားတွေ အရောက်များတဲ့ ဗိုလ်ချုပ်ဈေးထဲက ဆိုင်ခန်းတွေ၊ ရွှေတိဂုံဘုရားစောင်းတန်းက လက်ဆောင်ပစ္စည်း အရောင်း ဆိုင်တွေမှာ တိရိစ္ဆာန်ထွက် လက်ဆောင်ပစ္စည်းတွေ မရောင်းဖို့၊  စားသောက်ဆိုင်တွေမှာ တောရိုင်းတိရစ္ဆာန် အသားတွေ မရောင်းဖို့ကို အသိပေးထားတယ်လို့လည်း ပြောပါတယ်။

သားရိုင်းတိရစ္ဆာန်ဈေးကွက်အနေနဲ့ကတော့ မြန်မာနိုင်ငံ တနိုင်ငံလုံးအတိုင်းတာနဲ့ ရှိနေပြီး ဒါတွေဟာ တရားမဝင်ဘူးဆိုတဲ့အကြောင်းကို အသိပေးနေရတာဖြစ်တယ်လို့ WWF အဖွဲ့က ဒေါ်မေမိုးဝါက ပြောပါတယ်။

"ဈေးကွက်ကတော့ မြန်မာနိုင်ငံအနှံ့ပါပဲ။ အမှတ်တရပစ္စည်း ရောင်းတဲ့ဆိုင်မှာဆို အမှတ်တရပစ္စည်းပေါ့နော်။ Restaurant ဆို အသားရောင်းတယ်ပေ့ါနော်။ ပေါ်ပေါ်တင်တင် အရည်ခွံရောင်းတာကိုလည်းတွေ့ရတယ်။ အမှန်တကယ်တော့ မြန်မာပြည်မှာက open market လိုဖြစ်နေတယ်။ ပေါ်ပေါ်တင်တင်ရောင်းနေလို့ ဒါတွေကို ပြည်သူတွေဆီရောက်သွားအောင် ဒါက တရားမဝင်ကုန်သွယ်မှုဆိုတာ သိအောင် ပြောပြနေတာပါ"

မြန်မာအစိမ်းရောင်ကွန်ယက်က ဒေါ်ဒေဝီသန့်စင်က အဲဒီလို ဥပဒေတွေနဲ့ စပြီးတင်းကြပ်တာကို ကြိုဆိုပေမဲ့ အဲဒီဥပဒေ ရေရှည်စိုးမိုးအောင် ကြိုးစားစေချင်တယ်လို့လည်း ပြောပါတယ်။

"ဒေါ်လေးတို့ဘက် Welcome ပေါ့။ ဒါပေမဲ့ ဥပဒေထုတ်တဲ့သူတွေက ဒါကို အာဏာသက်ဝင်အောင်၊ ထိရောက်အောင် လုပ်ဖို့လိုတယ်လေ။ ဘာလို့လဲဆိုတော့ ဒေါ်လေးတို့ တိုင်းပြည်လောက် ထုတ်ထားတဲ့ဥပဒေ ပြည့်စုံတာမရှိဘူး။ ထိထိရောက်ရောက် ရေရှည်အာဏာသက်ဝင်အောင် ရေရှည်လုပ်စေချင်တယ်။"

ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါး၊ လက်နက်မှောင်ခိုနဲ့ လူမှောင်ခိုကူးတာတွေပြီးရင် တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်တာဟာ ကြီးမားတဲ့ မှောင်ခိုဈေးကွက်တစ်ခုအနေနဲ့ ပါဝင်တယ်လို့လည်း WWF က ပြောပါတယ်။

မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံဆုံတဲ့ ရွှေတြိဂံဟာဆိုရင်တော့ ကမ္ဘာ့တောရိုင်းတိရစ္တာန်ထွက်ပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားမှု အကြီးဆုံးနေရာဖြစ်တယ်လို့လည်း သိရပါတယ်။

တရုတ်နိုင်ငံနဲ့ မြန်မာနယ်စပ်ဖြစ်တဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလာမြို့မှာဆိုရင် တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်ကူးမှု အဓိကစုဝေးတဲ့နေရာကြီးဖြစ်ပြီး ဆင်စွယ်နဲ့လုပ်ထားတဲ့ အသုံးအဆောင်တွေဟာ ၃ နှစ်အတွင်းမှာ ၆၃ ရာခိုင်နုန်းအထိ တိုးလာတဲ့အကြောင်း၊ မြန်မာနိုင်ငံက ဆင်စွယ်ပစ္စည်းတွေရဲ့ ၃ ပုံ ၁ ပုံလောက်အထိ အဲဒီမှာရှိနေတာလို့လည်း နိုင်ငံတကာ အဖွဲ့တစ်ခုဖြစ်တဲ့ Save the Elephants အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲဒီလို အခြေအနေတွေမှာ တောရိုင်းတိရစ္ဆာန်တွေ ကာကွယ်စောင့်ရှောက်ရေးအတွက် ရန်ကုန်တိုင်းအစိုးရက အခုလို အမိန့်ထုတ်ပြန် ဆောင်ရွက်တာကို ကြိုဆိုပြီး တနိုင်ငံလုံး အတိုင်းတာအတာထိ ကာကွယ်သွားနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ပြောကြပါတယ်ရှင်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org