ပဲခူးတိုင်းအရှေ့ဘက်တိုက်ပွဲတွေအတွင်း လူ ၂၆ ဦးသေဆုံးပြီး ရွာပေါင်းတစ်ရာကျော် ထွက်ပြေးရ
2023.12.21

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေတဲ့ ပဲခူးတိုင်းအရှေ့ပိုင်းမှာ RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့စာရင်းတွေအရ နိုဝင်ဘာလ ၁ ရက်ကနေ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ တစ်လခွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၂၆ ယောက် သေဆုံးပြီး ၇၁ ယောက် ဒဏ်ရာရခဲ့ပါတယ်။
မုန်းမြို့မှာ ခြောက်ယောက်၊ ရွှေကျင်မြို့နယ်မှာ လေးယောက်၊ ကျောက်ကြီးမြို့နယ်မှာ ခုနစ်ယောက်၊ တောင်ငူမြို့နယ်မှာ ငါးယောက်၊ ကျောက်တံခါးမြို့နယ်မှာ သုံးယောက်နဲ့ ဖြူးမြို့နယ်မှာ တစ်ယောက်ဖြစ်ပါတယ်။
အဲဒီလူတွေထဲမှာ နှစ်ယောက်က အဖမ်းခံရပြီးမှ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ် ခံရတာ ဖြစ်သလို၊ ရဟန်းတစ်ပါးနဲ့ ကလေးတစ်ယောက်အပါအဝင် ကျန်တဲ့သူတွေက စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတွေကြောင့် သေဆုံးရတာလို့ သိရပါတယ်။
ဖြူးမြို့နယ်အစပ် စစ်တောင်းမြစ်ဘေးက ကိုင်းတဲစု၊ ကညင်ဒိုင်းနဲ့ ငှက်ပျောတောရွာတွေကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ တောင်ငူအခြေစိုက် စစ်ကောင်စီရဲ့ လေတပ်စခန်းက ဂျက်တိုက် လေယာဉ်နဲ့ သွားပြီးပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
"မုန်းမြို့ထဲမှာရှိတဲ့လူတွေလည်း အကုန်လုံးထွက်ပြေးတာပဲလေ။ မုန်းမြို့ရော၊ ဒီနားမှာရှိတဲ့ရွာတွေအကုန်လုံး ထွက်ပြေးနေရတာပေါ့"
အဲဒီမှာ ကိုင်းတဲစုရွာက အသက် (၆၄) နှစ်အရွယ် ဒေါ်စန်းထွေး သေဆုံးခဲ့ပြီး၊ အသက် ရှစ်နှစ်အရွယ် မဂျူးဂျူးလှိုင် ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၁၃ ရက်မှာတော့ ဖြူးမြို့နယ် ညောင်ပင်သာရဲစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တွေက ဝင်တိုက်ခဲ့ပြီး၊ စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ ပြန်ပြီးတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၆ ရက်နေ့ ညမှာတော့ တံခွန်တိုင်ရွာက စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးကျလို့ တစ်ယောက်သေပြီး နှစ်ယောက်ဒဏ်ရာရတယ်လို့ မုန်းမြို့က အမည်မဖော်လိုတဲ့ ဒေသခံက RFA ကို ပြောပါတယ်။
"အဲဒီနေ့ညကကျတော့ ဆယ်နာရီမှာ ဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့ လှမ်းထု တာကျတော့ တံခွန်တိုင် ဘေးနားက ဘုန်းကြီးကျောင်းဘေးနားမှာ စစ်ဘေးရှောင်တဲ့ ရေတွင်းကုန်းကြီးက တစ်ယောက် ဆုံးတယ်။ နှစ်ယောက် ထိခိုက်ဒဏ်ရာရတယ်ပေါ့။ တစ်နေ့ကဆိုရင် နေ့ခင်း ၁၂ နာရီဆိုရင် ရေလဲမှာ လေယာဉ်နဲ့လာပြီး ဗုံးကြဲတာတော့၊ ဘုရားကျောင်းရယ် ဆုတောင်းကား အကုန်လုံးပျက်စီးတယ်"
အဲဒီနေ့က မုန်းမြို့နယ် ရေလဲရွာကို စစ်ကောင်စီက ရဟတ်ယာဉ်ပေါ်ကနေ ပစ်တဲ့အခါ လူတွေ မထိခိုက်ပေမယ့် ဘာသာရေးအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
အဲဒီဒေသတွေမှာ စစ်ကောင်စီက တစ်လခွဲအတွင်း လက်နက်ကြီးနဲ့ပစ်တာ အကြိမ် ၂၄၀ ရှိပြီး၊ လေကြောင်းက နေ ၇၂ ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် လူနေအိမ် ၄၉ လုံး ထိခိုက်ပျက်စီးခဲ့သလို စာသင်ကျောင်း နှစ်ကျောင်း၊ မူကြိုကျောင်း တစ်ကျောင်း၊ ဘုရားကျောင်းတစ်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းလည်း ပျက်စီးခဲ့ပါတယ်။ အဲဒီအပြင် ကျောက်ကြီးမြို့နယ်က ရွာ ရှစ်ရွာ၊ ရွှေကျင်မြို့နယ်က ရွာ ၁၃ ရွာနဲ့ မုန်းမြို့နယ်က ရွာ ၉၅ ရွာ၊ စုစုပေါင်း ၁၁၆ ရွာက ဒေသခံပြည်သူ သောင်းနဲ့ချီပြီး ထွက်ပြေးရပါတယ်။
လက်ရှိမှာ စစ်တောင်းမြစ်ကမ်းနားက လေး၊ ငါးရွာလောက်ကလွဲရင် မုန်းမြို့နယ် တစ်နယ်လုံးနီးပါးက လူတွေ ရှောင်တိမ်းနေရတယ်လို့ အမည်မဖော်လိုတဲ့ မုန်းဒေသခံက RFA ကို ပြောပါတယ်။
"ဒီမုန်းမြို့နယ် တစ်မြို့နယ်လုံးမှာ စစ်တောင်းမြစ်ကမ်းနားလေးမှာကျန်တဲ့ တစ်ရွာ၊ နှစ်ရွာ၊ သုံး လေး ရွာ၊ လေး ငါးရွာလောက်ပဲ ကျန်တာပေါ့။ ကျန်တဲ့ ဒီဘက်အခြမ်း အကုန်လုံးက ဟိုးအရင်ကပြေးခဲ့တဲ့ ပုံစံအတိုင်းပါပဲ။ အခုက ပြေးနေတုန်းပါပဲ။ ပြန်နေလို့ မရသေးတဲ့ အနေအထားမှာရှိတယ်။ အခုလက်ရှိ မုန်း ၅၉၀၊ ၅၉၉ တပ်ရင်းမှာ သူတို့ ဝင်စီးတဲ့အခါကျတော့ အဲဒီ မုန်းထဲက လူတွေလည်း အကုန်လုံး ထွက်ပြေးတာ ပဲလေ။ မုန်းမြို့ထဲမှာရှိတဲ့လူတွေလည်း အကုန်လုံးထွက်ပြေးတာပဲလေ။ မုန်းမြို့ရော၊ ဒီနားမှာရှိတဲ့ရွာတွေအကုန်လုံး ထွက်ပြေးနေရတာပေါ့"
ဒီဇင်ဘာလ ၂ ရက်နေ့ကစခဲ့တဲ့ မုန်းမြို့တိုက်ပွဲတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၀ သေဆုံးပြီး အယောက် ငါးဆယ် ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီဇင်ဘာလ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ဒီအရေအတွက်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင် သေးပါဘူး။
အဲဒီစစ်ဆင်ရေးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတပ်တွေက တစ်ပတ်အတွင်း စစ်ကောင်စီတပ်စခန်းတွေ ဖြစ်တဲ့ ခမရ (၅၉၀) တပ်ရင်းဌာနချုပ်၊ မုန်းမြို့မရဲစခန်းနဲ့ ကော့ပြင်တပ်စခန်းနေရာတွေကို တိုက်ခိုက်သိမ်းယူခဲ့ပြီး ခမရ (၅၉၉) တပ်ရင်းဌာနချုပ်နဲ့ မုန်းသာစည်တံတားကင်းနေရာ တွေကို တိုက်ခိုက်နိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ စစ်တောင်မြစ်ဝှမ်း မုန်းဒေသရဲ့ အချက်အချာနေရာတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး စစ်ကောင်စီဘက်ကလည်း ရဟတ်ယာဉ်တွေနဲ့ စံချိန်တင် တိုက်ခိုက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တောင်ပိုင်းတိုင်း စစ်ဒေသခွဲမှူး ဦးတင်ဦးက ပြောပါတယ်။
"လက်ရှိအခြေအနေကို သုံးသပ်ပြီးတော့ ပြောရမယ်ဆိုလို့ ရှိရင်တော့ပေါ့နော် ကျွန်တော်တို့ ဒီမုန်း ဒေသ စစ်တောင်းမြစ်ဝှမ်းဒေသကို အချက်အချာကျတဲ့ နေရာတွေကိုတော့ ကျွန်တော်တို့ ထိန်းချုပ်ထားနိုင်ပါတယ်။ ဒီ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကတော့ ကျွန်တော်တို့ မုန်းဒေသတိုက်ပွဲ အဲဒီမှာတော့ စံချိန်တင်တိုက်ခိုက်ပါတယ်။ နေ့နေ့ညညပေါ့နော် သူတို့ စံချိန်တင်တိုက်ခိုက်ခဲ့ပါတယ်"
ဒီတိုက်ပွဲတွေကြောင့်လည်း ရှောင်တိမ်းနေတဲ့ စစ်ဘေးဒုက္ခသည် ခြောက်ထောင်ကျော်ရှိနေ တယ်လို့ ဦးတင်ဦးက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦး ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ မုန်းတိုက်ပွဲပြီးတာ ကြာပြီဖြစ်ပြီး ဘယ်နေရာတွေကို သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတွေ ထုတ်နေတာဟာ ပြည်သူကို အကြောက်တရားနဲ့ ခြိမ်းခြောက်နေတာလို့ နိုင်ငံပိုင်သတင်းမီဒီယာတွေကတစ်ဆင့် ပြောဆိုထားပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးတစ်ယောက်အပါအဝင် တပ်ဖွဲ့ဝင် နှစ်ဆယ်လောက် လက်နက်ချခဲ့တယ်လို့ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်ခဲ့ပါတယ်။
ရွှေကျင်မြို့နယ်မှာလည်း နိုဝင်ဘာလ ဒုတိယပတ်မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ယောက် သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံက ပြောပါတယ်။
"ညီမတို့ ရွှေကျင်မှာ အင်္ဂနီ သံဆိပ်ဘက်ပေါ့နော်။ အင်္ဂနီ သံဆိပ်ဘက်မှာက အဲဒီမှာ စစ်ဖြစ်နေရင်းနဲ့ ရဟတ်ယာဉ်တွေနဲ့ပစ်တာ အမျိုးသမီးတစ်ယောက်တော့ သေတယ်။ ရွှေကျင်တိုက်နယ် ကွင်းဆိပ်က ဝက်ထိတောင်ကတော့ တပ်ကို သိမ်းတော့ သိမ်းလိုက်ပြီလေ။ အဲဒါနဲ့ အဲဒီ အင်္ဂနီမှာ ပစ်ခတ်ခံရပြီး သေသွားတာ"
အဲဒီမှာ ကာကွယ်ရေးအဖွဲ့တွေက စစ်ကောင်စီရဲ့ ဝက်ထိတောင်စခန်းကို သိမ်းယူတဲ့ အချိန်မှာ အဲဒီအနီး ပတ်ဝန်းကျင်တွေကို ရဟတ်ယာဉ်နဲ့ပစ်တာလို့ ဆိုပါတယ်။
မုန်းမြို့ စစ်ဆင်ရေးဟာ ပဲခူးတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်လာမယ့် အစဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်ငူဒေသခံက ပြောပါတယ်။
"စစ်ရေးအရတော့ ပဲခူးတိုင်းကတော့ အရေးပါတဲ့တိုင်းတစ်တိုင်းပေါ့နော်။ စစ်ရေးဗျူဟာ အရတော့ အကြမ်းဖျင်း သိရတာပေါ့။ မြေပြင်အနေအထားအရရော၊ ပထဝီအနေအထား အရရောပေါ့။ အဲတော့ စစ်ရေးအရှိန်မြှင့်ဖို့ကလည်း ပဲခူးတိုင်းထဲမှာ မြှင့်မယ့်အခြေအနေ တွေ ရှိတယ်ဆိုတော့လေ။ အဲဒီရဲ့ ဒါအစလို့ပဲ စပြီးတော့ မြှင့်လာတဲ့ သဘောလို့တော့ ပြောရမှာပေါ့နော်။ ဒီကနေပြီးတော့မှ အဲဒီအခြေအနေပေါ်ကနေတစ်ဆင့် ကျွန်တော် ယူဆရရင် ဆက်လှည့်လာမယ်လို့တော့ မြင်တာပဲလေ"
ပဲခူးတိုင်းဟာ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး ဖြတ်တဲ့ဒေသဖြစ်သလို စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်နဲ့ လည်း ထိစပ်နေပါတယ်။ မုန်းမြို့စစ်ဆင်ရေး ကတစ်ဆင့် ပဲခူးတိုင်းရဲ့ အခြားမြို့နယ်တွေကို ပျံ့နှံ့မသွားအောင် စစ်ကောင်စီက ပြင်းပြင်းထန်ထန် တိုက်ခိုက်ကာကွယ်နေသလို၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်း အဖွဲ့တွေကလည်း နယ်မြေစိုးမိုးမှုရအောင် ကြိုးစားနေတာကြောင့် တိုက်ပွဲတွေ ပိုဖြစ်လာမယ်လို့ ဒေသခံတွေက ပြောပါတယ်။