ဖားကန့်မြေပြိုမှု သေဆုံးသူမရှိကြောင်း တာဝန်ရှိသူတွေ ဖုံးကွယ်ထား

2022.03.11
ဖားကန့်မြေပြိုမှု သေဆုံးသူမရှိကြောင်း တာဝန်ရှိသူတွေ ဖုံးကွယ်ထား ကချင်ပြည်နယ် ဖားကန့်တွင် ၂ဝ၂၂ ခုနှစ် မတ်လ ၁ ရက်နေ့က မြေစာပုံပြိုကျအပြီး တွေ့ရစဥ်
AFP Photo

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မက်လင်ဂျောင်ရွာမှာရှိတဲ့ မြန်မာအမျိုးသားကုမ္ပဏီနဲ့ ရှမ်းရိုးမ ကုမ္ပဏီတို့ရဲ့  ကျောက်တူးဖော်ရေး လုပ်ကွက်မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က မြေပြိုမှုကြောင့် ကုမ္ပဏီဝန်ထမ်းနဲ့ ကျောက်တူးသမား ၈၀ နီးပါး ပျောက်ဆုံးနေပြီး အဲဒီ အထဲက ရုပ်အလောင်း ၂၃ လောင်းကို တွေ့ရှိထားပြီလို့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စကို မတ်လ ၁၁ ရက် ဒီကနေ့ ၁၁ ရက်မြောက်တဲ့အထိ ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ စစ်ကောင်စီဘက်က ဖုံးကွယ်ထားတာကြောင့် ကျန်ပျောက်ဆုံးနေသူတွေပါ အသက် မရှင်နိုင်တော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီမြေပြိုမှုမှာ လူသေဆုံးမှု မရှိဘူးလို့ စစ်ကောင်စီက မတ်လ ၃ ရက်နေ့မှာ သတင်း ထုတ်ပြန်ခဲ့ပေမယ့် မတ်လ ၅ ရက်နေ့ မှာတော့ သေဆုံးတဲ့ ရုပ်အလောင်း ၂၃ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး  မက်လင်ဂျောင် သင်္ချိုင်းမှာပဲ သင်္ဂြိုဟ်ခဲ့တယ်လို့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ လူမှုကူညီရေး အဖွဲ့ဝင်တွေက ပြောပါတယ်။

ကုမ္ပဏီနဲ့ စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းက ဒီကိစ္စကို ဖုံးကွယ်ထားချင်တဲ့အတွက် အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကို အခင်းဖြစ်ရာကို ပေးမဝင်ဘဲ အခုချိန်ထိ ပိတ်ဆို့ထား တယ်လို့ ဖားကန့်အခြေစိုက် လူမှုကူညီရေးအဖွဲ့တစ်ခုက တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

 ကျောက်ရှာတဲ့ လူတွေလည်းရှိမယ်၊ ဘက်ဖိုးသမားတွေရှိမယ်၊ ကားသမားတွေရှိမယ်၊ ကြပ်မတ်တဲ့ စည်းကြပ်တွေရှိမယ်၊ ကျင်းစောင့် စည်းကြပ်တွေရှိမယ်၊ ကားပြတွေရှိမယ်၊ တော်တော်များတယ်လို့ပြောတယ်၊ အယောက် ၈၀ နီးပါးလောက်တော့ ပါမယ်ပေါ့။ ညကို သူတို့ဟာ သူတို့ ရှာကြတယ်၊ နေ့ခင်းကိုကျတော့ သူတို့ လူမှုကူညီရေးအသင်း ကားတွေ ဝင်လို့မရအောင် လမ်းတစ်ဝက်ကနေ ကားလမ်းကို ဖြတ်ချထားတယ်လေ။ ကားတွေလည်း တစ်စီးမှ သွားလို့မရဘူး၊ သွားတဲ့ကားတွေကလည်း အကုန်ပြန်လွှတ် တယ်။ မြေကတော့ ခဏခဏပြိုပါတယ်၊ အခုလိုမျိုး ကယ်ဆယ်ရေး လုပ်ဆောင်မယ့် အဖွဲ့တွေကို ပြန်ပြီးမှ ပြန်လွှတ်တဲ့ဟာမျိုးတွေ၊ သွားဝိုင်းဝန်း ကူညီဆောင်ရွက်ပေးပြန် တော့လည်း အလုပ်မခံ၊ အဲလိုမျိုးလေးတွေပေါ့၊ အခုလိုမျိုး ဖြစ်တာ ဒီတစ်ခါပဲ ကြုံဖူးသေးတယ် ပြောရမယ်ဆိုရင်တော့ သတင်းအမှောင်ချလိုက်တဲ့ပုံစံမျိုး ဖြစ်သွားတာပေါ့”

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အခင်းဖြစ်တဲ့နေရာမှာ ကုမ္ပဏီဝန်ထမ်းနဲ့ ကျောက်တူး သမားတွေ အပါအဝင် လူ ၈၀ နီးပါး အလုပ်လုပ်နေတာမို့ စုစုပေါင်း သေဆုံးသူ ၈၀ နီးပါးအထိ ရှိနိုင်တယ်လို့ သူက ခန့်မှန်းပါတယ်။ မြန်မာအမျိုးသားကုမ္ပဏီနဲ့ ရှမ်းရိုးမ ကုမ္ပဏီ ဘက်ကတော့ အခုချိန်ထိ သေဆုံး ပျောက်ဆုံးစာရင်းကို အတိအကျ ထုတ်ပြန်ခြင်း မရှိပါဘူး။

ကုမ္ပဏီကနေ တူးဖော်ရရှိပြီး မိသားစုထံ ပြန်ပို့လာတဲ့ ရုပ်အလောင်း ၂၃ လောင်းကိုလည်း ဖားကန့်ဆေးရုံ ရင်ခွဲရုံကိုပို့ဆောင်ပြီး စနစ်တကျ မှတ်တမ်းတင်ရမှာဖြစ်ပေမယ့် ချက်ချင်းပဲ မက်လင်ဂျောင် သင်္ချိုင်းမှာ သင်္ဂြိုဟ်ခဲ့ရတယ်လို့ အဲဒီ လူမှုကူညီရေးအဖွဲ့ဝင်က ပြောသွား ပါတယ်။

အခင်းဖြစ်တဲ့နေ့က ကျောက်တူးသမားအဖြစ် အလုပ်လုပ်နေပြီး သေဆုံးခဲ့သူ လူငယ်လေး တစ်ဦးရဲ့ အဒေါ်ကတော့ သေဆုံးသူတွေနဲ့ ပတ်သက်ပြီး ကုမ္ပဏီဘက်က မိသားစုတွေထံ တရားဝင် အကြောင်းကြားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

မိဘတွေ၊ ဆွေမျိုးသားချင်းတွေကသာ ကိုယ့်မိသားစုဝင်တွေ အလုပ်လုပ်တဲ့နေရာမှာ မြေပြိုတယ်လို့ သတင်းကြားတာကြောင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ စုံစမ်းမေးမြန်းရတာလို့ မြေပြိုကျရာမှာ သေဆုံးသွားတဲ့ ကျောက်တူးသမားတစ်ဦးရဲ့ အဒေါ်ဖြစ်သူက RFA ကို ပြောပါတယ်။

ကလေးသေသွားတာကို အခုချိန်ထိ ကြည့်ခွင့်ရမှာ မဟုတ်ဘူး။ ကလေးပါသွားပြီ ဆိုတာကို ကျွန်မတို့ ကိုယ့်နည်းကိုယ့်လမ်းနဲ့ သွားပြီးတော့ အားမလျှော့တမ်း ကိုယ့်ဟာနဲ့ ကိုယ် စုံစမ်းပြီး သွားရောက်ခြင်း ဖြစ်တယ်။ သူတို့ကတော့ မတူးချင်တော့ဘူးလေ၊ မရှိ တော့ဘူးလို့ ပြောမှာပေါ့။  တကယ်တမ်းဆိုရင် သေသွားတဲ့မိဘတွေကလည်း သိကြ သေးမှာ မဟုတ်ဘူး၊ သုံးပုံတစ်ပုံလောက် သိချင်မှ သိမှာပေါ့ အဲလိုမျိုးသူတို့ အကြောင်း ကြားခြင်း မရှိဘူး၊ ဥပမာ- ဟိုကုမ္ပဏီမြေစာပုံပြိုတယ်လို့ ပတ်ဝန်းကျင်ကပြောလို့သာ ဒီကုမ္ပဏီမှာ ကျွန်မတို့ကလေး အလုပ်လုပ်တယ်၊ အဲလိုမျိုး သူ့ဟာနဲ့သူ၊ သူ့နည်းလမ်း နဲ့သူ စုံစမ်းပြီးသွားတဲ့သူတော့ သိခွင့်တော့ ရှိမှာပေါ့။ သူတို့အကြောင်းကြားဖို့ စောင့် နေရင်တော့ ကျွန်မတို့လည်း အခုထိ သိမှာ မဟုတ်ဘူး။ သူတို့ အကြောင်းမကြားမှတော့ ဘယ်လိုသိမှာလဲ၊ ကိုယ့်မိသားစု သေတယ်ဆိုတာက ကျွန်မထင်တာက သူတို့က အကြောင်းကြားခြင်းမရှိဘူး၊ သေဆုံးသွားတဲ့ ကလေးတွေရဲ့ မိဘတွေလည်း မသိရ လောက်သေးဘူးလို့ ကျွန်မကတော့ အဲဒီလိုမျိုး သံသယရှိတယ်”

လုံခြုံရေးအခြေအနေကြောင့် သေဆုံးသူလူငယ်ရဲ့ အမည်နဲ့ နေရပ်အတိအကျကို အဒေါ်ဖြစ်သူက ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ သူ့တူလေးအပါအဝင် ပြန်တူးဖော်ရရှိတဲ့ သေဆုံးသူ ၂၃ ယောက်လုံးဟာ အသက် ၃၀ အောက်လူငယ်တွေ ဖြစ်တယ်လို့သာ အဒေါ်ဖြစ်သူက ပြောပါတယ်။

တူဖြစ်သူရဲ့ ရုပ်အလောင်းကို သွားယူတဲ့အချိန် မြင်တွေ့ရတဲ့ ကျောက်တွင်းအနေ အထားဟာ အလွန်အန္တရာယ်ရှိတဲ့ အနေအထားဆိုတာကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရတယ် လို့လည်း အဒေါ်ဖြစ်သူက ပြောပါတယ်။

မြေစာက တအားမြင့်လွန်းတယ်၊ ကျွန်မတို့က နောက်ပိုင်းမှ တွေ့တာပါ၊ အဲဒါ မြေစာပုံမြင့်တာတွေ၊ မမြင့်တာတွေ မြေစာပြိုပြီးနောက်ပိုင်းမှ ကျွန်မတို့က သွားရောက် ပြီးတွေ့တာပဲရှိတာပေါ့နော်၊ အဲဒီ မြေစာက တော်တော်တော့မြင့်တယ်၊ မပြိုခင် သိတယ် ဆိုရင် ကျွန်မတို့လည်း ရှာခိုင်းမှာ မဟုတ်ဘူး။ ဒီကုမ္ပဏီထဲ ဝင်ခိုင်းမှာ မဟုတ်ဘူး တူလေးကိုပေါ့နော်။ မြေစာကတော့ အပေါ်ကနေ အရမ်းမြင့်လွန်းတဲ့အခါကျတော့ မြေစာဖိအားနဲ့ အဲဒီလိုပြိုတာလို့ ကျွန်မတို့ ထင်တယ်။ အဲဒီကမ်းပါးရဲ့ အောက်ဆုံး မှာတော့ ကျောက်ကြောခုံပေါ့၊ အဲဒီကုမ္ပဏီတွေက အဲဒီကမ်းပါးရဲ့အောက်မှာ ကျောက် တူးတာပေါ့၊ ကျောက်က အရမ်းကြီးထွက်တယ်လို့လည်း သတင်းကြားတယ်။ အဲခါကျ သူတို့က လူတွေရဲ့အန္တရာယ်ကို ကြိုပြီးတော့ မတွက်တာလား သို့မဟုတ် လောဘစိတ်ပဲ အရမ်းဖြစ်တာလား ကျွန်မလည်း မသိဘူး။ အားရပါးရပြိုနိုင်တယ်နော်ဆိုတာမျိုး အန္တရာယ် မကျရောက်အောင် ကြိုတင် ကာကွယ်မှုတွေများ မလုပ်ထားလို့လား၊ ကျွန်မတို့လည်း မသိဘူး”

၁၀ တန်းအောင်ပြီးတဲ့ သူ့တူလေးဟာ ကုမ္ပဏီမှာ အလုပ်လုပ်နေတာ သုံးလလောက် သာရှိသေးပြီး  တစ်လ ကျပ်သုံးသိန်းရတယ်လို့ သူက ဆိုပါတယ်။

"ကယ်ဆယ်ရေးလုပ်ဆောင်မယ့်အဖွဲ့တွေကို ပြန်လွှတ်တဲ့ဟာမျိုးတွေ၊ သွားဝိုင်းဝန်းကူညီဆောင်ရွက်ပေးပြန်တော့လည်း အလုပ်မခံ"

အခင်းဖြစ်ဖြစ်ချင်းမှာ ဝိုင်းဝန်းကူညီဖို့အတွက် အနီးအနားက ကုမ္ပဏီတွေနဲ့ ဖားကန့် မြို့ပေါ်က လူမှုကူညီရေးအသင်းတွေ အတော်များများ ရောက်လာခဲ့ပေမယ့် ကုမ္ပဏီ တာဝန်ရှိသူတွေက လက်မခံခဲ့ဘူးလို့လည်း သူက ဆိုပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဖားကန့်မှာရှိတဲ့ မြန်မာအမျိုးသားကုမ္ပဏီနဲ့ ရှမ်းရိုးမကုမ္ပဏီ တာဝန်ရှိသူတွေကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖားကန့်မှာ လက်ရှိ ကျောက်တူးနေတဲ့ ကုမ္ပဏီတွေဟာ တရားမဝင် တူးဖော်နေကြတာကြောင့် အခုလို လူသေဆုံးမှုကို သတင်းအမှောင်ချပြီး ဖုံးကွယ်ထားတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီကနေ့ညနေပိုင်းအထိ အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ဖားကန့်ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတစ်ဦးကတော့ လူသေဆုံးမှုကို အခုလို ဖုံးကွယ်ထားတာဟာ ကုမ္ပဏီတွေက လျော်ကြေး မပေးချင်တာရယ်၊ စစ်ကောင်စီဘက်က အာရုံစိုက်ပြီး ကုမ္ပဏီကို အရေးယူလာနိုင်တာရယ်ကြောင့် ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။

လျော်ကြေး မပေးချင်တာပေါ့နော်၊ ဆိုတော့ ဒီလက်ရှိ သေဆုံးနေတဲ့ အလုပ်သမား တွေကို အလောင်းက ပြန်ဖော်တယ်၊ ဟိုဘက်ကို (မက်လင်ဂျောင် သင်္ချိုင်းမှာ) ပြန် မြှုပ်တယ်။ လူမှုကယ်ဆယ်ရေးတွေ ဘာတွေ ရှင်းရှင်း ပြောရရင်တော့ နာမည် ကျော်စောမှုတွေ မဖြစ်ချင်ဘူး။ အဲပုံစံလေးတွေပေါ့နော်၊ ရှုထောင့်အမျိုးမျိုးနဲ့ ကျွန်တော်တို့ တွေးလို့ရတယ်။ ကြားကာလမှာဆိုတော့ ဘယ်သူမှလည်း အရေးယူပိုင်ခွင့်လည်း မရှိဘူးဆိုတဲ့ အတိုင်းအတာဖြစ်နေတယ်လေ။ နိုင်ငံရေး ကမောက်ကမ ဖြစ်နေတဲ့အချိန်မှာ အဲဒီဟာလည်း သူတို့အတွက် အခွင့်အရေး တစ်ခုတော့ ဖြစ်နေတာပေါ့။ အဓိကကတော့ ဥပဒေရှုထောင့်အားနည်းတဲ့ အတွက်ကြောင့်လို့ပဲ မြင်ပါတယ် “

အခု မြေစာပုံပြိုကျတဲ့ ဖားကန့်မြို့နယ် မက်လင်ဂျောင်ဒေသ ကျောက်လုပ်ငန်းတချို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကလည်း ထိန်းချုပ်ထားတာမို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဲဒီ ကိစ္စ သူ သတင်းမကြားဘူးလို့ ပြန်လည်ဖြေကြားထားပါတယ်။

ဖားကန့်ဒေသက ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ရေမဆေးကျောက်ရှာသူများကို ၂၀၂၀ ခုနှစ် ဇူလိုင် ၁၄ ရက်နေ့က တွေ့ရစဉ် (Photo: RFA)
ဖားကန့်ဒေသက ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ရေမဆေးကျောက်ရှာသူများကို ၂၀၂၀ ခုနှစ် ဇူလိုင် ၁၄ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

NLD အစိုးရလက်ထက်မှာ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တွေကို ထပ်မံ သက်တမ်း တိုးပေးခြင်း မရှိတော့တဲ့အတွက် လုပ်ကွက်အားလုံးရဲ့ ၉၀ ရာခိုင်နှုန်း ခန့်ဟာ  ၂၀၂၀ နှောင်းပိုင်းမှာ တရားမဝင်လုပ်ကွက်တွေဖြစ်နေပြီလို့ NLD ပါတီက ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းက ပြောပါတယ်။

အခုမြေပြိုတဲ့နေရာဟာ တန်ဖိုးကြီးကျောက်တွေ ထွက်လေ့ရှိတာမို့ အခု စစ်ကောင်စီ လက်ထက်မှာ စည်းကမ်းမဲ့ တူးရာကနေ မြေပြိုပြီး လူသေဆုံးမှုတွေ ဖြစ်လာတာလို့လည်း ဦးအောင်ဟိန်းမင်းက ပြောပါတယ်။

 “YTT ကုန်းက ပြောရမယ်ဆိုရင်တော့ အဲဒီနားလေးတစ်ခွင်မှာတော့ ကျောက်ကောင်း ကောင်းထွက်တဲ့နေရာဖြစ်တယ်။ ကျောက်ကြော ကောင်းတာပေါ့နော်။ သူက တန်ချိန် အကြီးကြီးတွေ၊ အလုံးကြီးတွေ ထွက်တဲ့ နေရာမျိုးပေါ့။ ဟိုးအရင်တုန်းက ဒီဒုတိယ အကြီးဆုံး ပြောရမလား၊ ဖားကန့်မှာ ထွက်သမျှထဲမှာ အဲဒီကျောက်ကလည်း YTT ကုန်းကနေ ထွက်ခဲ့တာပေါ့နော်။ မက်လင်ဂျောင်ဘက်ပေါ့၊ အဲကထွက်တဲ့ကျောက်က အရည်အသွေးလည်း ကောင်းတဲ့အတွက် ကျောက်အထွက်လည်း ကောင်းတဲ့အခါ ကျတော့ အဲဒီမှာ ဝိုင်းလုကြတဲ့သူတွေ များတယ်။  ပြီးတော့ အဲဒီမှာက တရားမဝင် တူးတာတွေ ပိုများတယ်။ အဲဒီအခါမှာ စည်းကမ်းတကျ မလုပ်နိုင်တဲ့အပိုင်းတွေ ရှိတာပေါ့ဗျ။ စည်းနဲ့ကမ်းနဲ့ လုပ်ရမယ့် အနေအထားမျိုးတွေ မလုပ်နိုင်ဘူး။ ပြီးတော့ ဒီ့အရင်တုန်းကဆိုရင် မြေစာပုံတွေ ကျောက်တူးဖော်မှုတွေကို ကြီးကြပ်ဖို့ဆိုတဲ့ အဖွဲ့တွေ ဖွဲ့ထားတာရှိတယ်၊ အခုက အဲဒီအပိုင်းတွေကိုလည်း မလုပ်နိုင်တာတွေရှိတာပေါ့၊ ပြီးတော့ ရသလောက် အချိန်အတောအတွင်းမှာ အလုအယက် တူးကြတဲ့ အချိန်ကျတော့ စနစ်တကျ မလုပ်နိုင်တာပေါ့နော်၊ ဆိုတော့ ဒီမြေပြိုကျဖို့ ရာခိုင်နှုန်းက ပိုများလာ တာပေါ့”

 NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်ကတည်းက ပိတ်ထားတဲ့ ဖားကန့်ဒေသ ကျောက်တူး ဖော်ခွင့်ကို ၂၀၂၁ ခုနှစ်ကျမှ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေ အဖွဲ့ကို အခွန်ပေးပြီး ပြန်လည်တူးဖော်လာတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

စည်းကမ်းမဲ့ တူးဖော်မှုတွေကြောင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ဖားကန့်ဒေသမှာ မြေပြိုမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်တူးသမား ၈၀ လောက် ပျောက်ဆုံး ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် မေလ ၂၃ ရက်နေ့ကလည်း ဖားကန့်မြို့ ဝှေခါမှော်အရပ်မှာ မြေပြိုမှုဖြစ်ခဲ့ပြီး ကျောက်တူးသမား လူရာနဲ့ချီပြီး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။