တစ်လေးလုံး အောင်သပြေလူထုလှုပ်ရှားမှု နိုင်ငံတစ်ဝန်းပြုလုပ်
2023.11.11

ရန်ကုန်အပါအဝင် တိုင်းနဲ့ ပြည်နယ်တချို့နဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ (၁၁၁၁) တစ်လေးလုံး အောင်သပြေ လူထုလှုပ်ရှားမှုကို နိုဝင်ဘာလ ၁၁ ရက် ဒီနေ့ ပြည်သူတွေအပါအဝင် သပိတ် အင်အားစုတွေနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားနေသူတွေ စုပေါင်း ပြုလုပ်ခဲ့ကြပါတယ်။
ရန်ကုန်၊ စစ်ကိုင်း၊ တနင်္သာရီ၊ မကွေးတိုင်းနဲ့ ကချင်ပြည်နယ်မှာ မြေပြင်လူထုလှုပ်ရှားမှုလုပ်ခဲ့ကြပြီး ကျန်တဲ့ နေရာတွေမှာတော့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ဓာတ်ပုံတွေနဲ့တကွ ပါဝင်ခဲ့ကြတာပါ။
သပြေပန်းကို ခေါင်းမှာပန်တာ၊ ရင်ဘတ်မှာထိုးတာ၊ ကိုင်ဆောင်တာ၊ ဘုရားမှာတင်လှူတာ၊ စားပွဲမှာတင်တာ၊ အိမ်ရှေ့မှာချိတ်ဆွဲတာ၊ သပြေပန်းတွေကိုင်ဆောင်ပြီး လူထုသပိတ်ဆင်နွှဲတာ စသဖြင့် ပုံစံမျိုးစုံနဲ့ လုပ်ခဲ့တာပါ။
"မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ ဦးဆောင်တဲ့ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုတဲ့ အောင်သပြေလှုပ်ရှားမှုလို့ ပြောရမှာပေါ့ဗျာ"
အောင်သပြေလူထုလှုပ်ရှားမှုဟာ စစ်ကောင်စီတပ်သားတွေ စစ်တပ်ကိုစွန့်ခွာပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့နဲ့ မြောက်ပိုင်းသုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအပါအဝင် တိုက်ပွဲတွေရဲ့ အောင်မြင်မှုတွေကို ကြိုဆိုတဲ့အနေနဲ့ လုပ်တာလို့ ထားဝယ်ခရိုင်သပိတ်ကော်မတီ ဦးဆောင်သူ ကိုမင်းလွင်ဦးက RFA ကို ပြောပါတယ်။
“ပြည်သူလူထုရဲ့ ဆန့်ကျင်ဘက်မှာနေပြီးတော့ အသေခံ တိုက်ပွဲဝင်နေကြတဲ့ စစ်ကောင်စီဘက်တော်သားတွေ ပေါ့ဗျာ။ အဲဒီ ဘက်တော်သားတွေအနေနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ဆိုတဲ့ တိုက်တွန်းချက်တစ်ခုရယ်၊ ပြီးတော့ နောက်တစ်ခုက ဘာလဲဆိုတော့ အခု မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ ဦးဆောင်တဲ့ စစ်ဆင်ရေးကို ထောက်ခံ ကြိုဆိုတဲ့ အောင်သပြေလှုပ်ရှားမှုလို့ ပြောရမှာပေါ့ဗျာ။ အဲဒီအဓိကနှစ်ခုနဲ့ လှုပ်ရှားမှုဖြစ်တယ်ပေါ့ဗျာ”
စစ်ကိုင်းတိုင်းထဲက ဆားလင်းကြီး၊ မုံရွာ၊ ခင်ဦး၊ ဒီပဲယင်း၊ ရွှေဘိုနဲ့ ကနီ အပါအဝင် နေရာတချို့မှာလည်း တစ်လေးလုံး မြေပြင်လှုပ်ရှားမှုတွေ လုပ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစု ခေါင်းဆောင် ကိုပြည့်အောင်နိုင်က အညာဒေသလို စစ်ဒဏ်ခံ နေရတဲ့ဒေသမှာ ၁၀၂၇ စစ်ဆင်ရေးကြောင့် အညာလူထုက စိတ်ခွန်အားတွေရလာတယ်လို့ RFA ကို ပြောပါတယ်။
“၁၀၂၇ စစ်ဆင်ရေးက ကျွန်တော်တို့ အညာဒေသလိုမျိုး စစ်ဒဏ်ခံရတဲ့ ဒေသတွေမှာ အသက်ရှူချောင်သွားတယ်။ အခုလိုမျိုး စနစ်တကျလေ့ကျင်ပြင်ဆင်ထားတဲ့ တပ်တွေကနေပြီးတော့ ပြည်သူလူထုဘက်ကနေ ရပ်တည်ပြီး အာဏာရှင်စနစ်ကို တော်လှန်ပုန်ကန်လာတဲ့အတွက် အများကြီးကြိုဆိုတယ်။ အဓိကတော့ ကျွန်တော်တို့ အညာဒေသက လူတွေအတွက် အားအင်မတန်မှဖြစ်ရတယ်။ တက်ကြွမှုတွေလည်းဖြစ်ရတယ်”
ဆားလင်းကြီးမြို့ထဲက ဈေးတစ်ခုမှာလည်း ချင်းတွင်းမြစ်သပိတ်ကော်မတီနဲ့ ပြည်သူတွေပူးပေါင်းပြီး ၁၀၂၇ လှိုင်းတွေကို အောင်သပြေနဲ့ကြို၊ စစ်တပ်ကိုစွန့်ခွာကြ ပြည်သူ့ရင်ခွင်ခိုလှုံကြ၊ ညီနောင်မဟာမိတ်များနဲ့ PDF များ တိုက်ပွဲတိုင်း အောင်မြင်ပါစေ၊ မပြီးသေးဘူး ငါတို့အလှည့် ကျန်သေးတယ် စတဲ့ စာတန်းပါ ဗန်နာတွေကိုင်ပြီး လှုပ်ရှားမှု လုပ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို လူထုရဲ့ ထောက်ခံလှုပ်ရှားမှုတွေဟာ မြေပြင်မှာတိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေအတွက် အားတစ်ခု ဖြစ်စေတယ်လို့ ဆားလင်းကြီးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့နောက်မှာ ပြည်သူတွေမရှိရင် ကျွန်တော်တို့က အော်တိုသူပုန်ပဲ။ ကျွန်တော်တို့နောက်မှာ ပြည်သူ တွေရှိတယ်။ ကျွန်တော်တို့ကို ထောက်ခံနေတဲ့သူတွေရှိတယ်။ ကျွန်တော်တို့လုပ်ရပ်က မှန်ကန်ပါတယ်လို့ ဝိုင်းပြီးတော့ အားပေးနေကြတဲ့သူတွေရှိတယ်။ ကျွန်တော်တို့အတွက် အများကြီး အားဖြစ်ရပါတယ်”
ရန်ကုန်မြို့က စမ်းချောင်း၊ ရန်ကင်းမြို့နယ်အပါအဝင် ရပ်ကွက်ဈေးနဲ့ နေရာတချို့မှာလည်း စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ပြီး သပြေပန်းမရောင်းဖို့ တားမြစ်တာရှိခဲ့ပေမယ့် တစ်လေးလုံးလှုပ်ရှားမှုကို ရန်ကုန် သပိတ်အင်အားစုတွေ စုပေါင်းလုပ်ခဲ့ကြပါတယ်။
ဒါ့အပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့အပါအဝင် ဈေးတချို့မှာလည်း စစ်ကောင်စီတပ်က သပြေပန်းလုံးဝမရောင်းဖို့ နိုဝင်ဘာလ ၁၀ ရက်မနေ့ကတည်းက တားမြစ်ထားတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပန်းသည်တွေဘာတွေဆိုရင် ခါတိုင်း ဘာရောင်းရောင်း ရောင်းလို့ရတယ်လေ။ အခုကျတော့ အဲလိုမျိုး သပြေပန်းကို ဒီနေ့မှ ကန့်သတ်ထားတဲ့ ပုံစံမျိုးဖြစ်တာပေါ့။ သူတို့အရပ်ဝတ်နဲ့ သုံးယောက်လောက် ရှိမယ်။ သပြေပန်းတွေ ဘာတွေ မရောင်းရဘူး။ အရင်နေ့ မနေ့ကတည်းက ကြိုပြောတယ်ပြောတယ်။ ဒီနေ့ တရားဝင် ဖမ်းလား၊ ဆီးလားဆိုတဲ့ သတင်းတွေတော့ မကြားရသေးဘူးဗျ။ ကန့်သတ်ထားတယ်ပဲ ကြားရပါတယ်”
နွားထိုးကြီးမြို့မှာလည်း ဒီနေ့မနက်ပိုင်း စစ်ကောင်စီရဲ့ ရဲတပ်သားတွေက သပြေပန်းမရောင်းကြဖို့နဲ့ သွားလာနေတဲ့ ကားတွေပေါ်က သပြေပန်းတွေကို အတင်းဖြုတ်ခိုင်းတာမျိုးတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ရဲ့ လုပ်ငန်းကော်မတီအဖွဲ့ဝင် ကိုချစ်ဝင်းမောင်က စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက တစ်လေးလုံး အောင်သပြေလှုပ်ရှားမှုကို အောင်မြင်အောင် လုပ်ခဲ့ကြပြီး အောင်ပွဲရတဲ့အထိ ရှေ့ဆက်သွားမယ်လို့ RFA ကို ပြောပါတယ်။
“စစ်အုပ်စုကတော့ဗျာ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားတွေကို ဆန့်ကျင်ပြီးတော့၊ ပြည်သူလူထုရဲ့ ဆန္ဒ သဘောထားတွေ ဥပေက္ခာပြုပြီးတော့ သူတို့ အနိုင်ရရေး၊ ဗိုလ်ကျရေး၊ ကြီးစိုးနိုင်ရေးအတွက်ပဲ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ သို့သော် ကျွန်တော်တို့က အမြဲတမ်းလည်းပဲ ဒီစစ်အုပ်စုရဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကို သတိဉာဏ်ပညာ ကြီးမားစွာနဲ့ ဖောက်ထွက်ပြီးတော့ ဆက်လက်ချီတက်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည် ပါတယ်။ ဒါတွေလည်း တစ်ခါတည်း သတင်းစကားပါးလိုပါတယ်”
တစ်လေးလုံး အောင်သပြေလူထုလှုပ်ရှားမှုမှာ ပါဝင်လို့ဆိုပြီး ဖမ်းဆီးခံရတာမျိုးတော့ ဒီနေ့ညနေပိုင်းအထိ မကြားမိသေးဘူးလို့ ဒေသခံတွေနဲ့ မြေပြင် သပိတ်ကော်မတီဝင်တွေက ပြောပါတယ်။
ဒီနေ့မှာပဲ ပြည်သူတွေရဲ့ တစ်လေးလုံးလှုပ်ရှားမှုတွေနဲ့အတူ စစ်ကောင်စီတပ် ထောက်ခံသူတွေကလည်း ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေကို ကန့်ကွက်ကြောင်း နေပြည်တော်မှာ ဆန္ဒပြခဲ့ကြပါတယ်။