အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေ နားခါးတဲ့ "အမေစု" အသုံးအနှုန်း

နိုဝင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို "အမေစု" လို့ ခေါ်ဝေါ်သုံးနှုန်းခဲ့တဲ့ သတင်းထောက်တစ်ယောက်ဟာ သတင်းစာရှင်းလင်းပွဲအပြီးမှာပဲ အဖမ်းခံလိုက်ရပါတယ်။

၂ဝ၁၂ ခုနှစ်က နေပြည်တော် ပြည်သူ့လွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုရန် တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်။ Photo: AFP

နိုဝင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို "အမေစု" လို့ ခေါ်ဝေါ်သုံးနှုန်းခဲ့တဲ့ သတင်းထောက်တစ်ယောက်ဟာ သတင်းစာရှင်းလင်းပွဲအပြီးမှာပဲ အဖမ်းခံလိုက်ရပါတယ်။

“မနေ့က လွတ်မြောက်တဲ့အထဲမှာ အမေစု ပါမလာတဲ့အခါကျတော့ ကျွန်တော် တော်တော်စိတ်မကောင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ကျန်သေးတဲ့ ညီငယ်တွေ သတင်းသမား ညီငယ်၊ ညီမငယ်တွေ ကျန်သေးတယ် ဆိုရင်လည်း အဲဒီ သတင်းသမား ညီငယ်၊ ညီမငယ်လေးတွေနဲ့ အမေစုတို့ ပြန်လည်လွတ်မြောက်ဖို့ကိုလည်း ကျွန်တော့်အနေနဲ့ နစကအစိုးရကို တောင်းဆိုလိုပါတယ်”

အဖမ်းခံရသူ ကိုဝင်းဦးဟာ စစ်ကောင်စီဝါဒဖြန့်သတင်းတွေကို ရေးသားဖော်ပြနေသူပါ။ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတွေမှာ မေးခွန်းကြိုပေးရလေ့ရှိပေမယ့် စစ်တပ်မကြိုက်တဲ့ "အမေစု" ဆိုတဲ့ စကားလုံးကို သုံးမိတာကြောင့် အဖမ်းခံရတာလို့ နေပြည်တော်အခြေစိုက် သတင်းထောက်တွေက RFA ကို ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကလည်း… ဒီဖြစ်ရပ်ကို ကြည့်ရင် စစ်ခေါင်းဆောင်တွေရဲ့ဒေါ်အောင်ဆန်းစုကြည်အပေါ် အငြှိုးအတေးတွေကို တွေ့မြင်နိုင်တယ်လို့ ပြောပါတယ်။

"အမေစု အမေစုဆိုပြီး အဲဒီလိုပြောတော့ သူတို့နားထဲမှာ ဘယ်လိုမှမခံမရပ်နိုင်ဘူး။ အဲဒီသတင်းစာရှင်းလင်းပွဲမှာပဲ ဇော်မင်းထွန်းက " သောက်" အသုံးသုံးပြီး ဆဲတောင်ဆဲတယ်။ ဘယ်လိုမှ ဒေါ်စုနဲ့ ပတ်သက်ရင် ဒေါ်စုကိုသော်လည်းကောင်း၊ သူ့ကိုချီးမွမ်းတဲ့သူတွေကို ဘယ်လိုမှ သည်းခံမှမဟုတ်ဘူးဆိုတာ အထင်အရှား ပြတာပဲ"

အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဩဇာကြီးမှု၊ စွန့်လွှတ်အနစ်နာခံမှုနဲ့ အသက်အရွယ်ကြောင့် သူ့ကိုထောက်ခံတဲ့ မြန်မာပြည်သူအများစုက " အမေစု" လို့ ခေါ်ဆိုကြတာ ဖြစ်ပါတယ်။

“ရွေးကောက်ပွဲနီးလာတော့ ဒေါ်စုရဲ့ပုံရိပ်ကို ဖျောက်ဖျက်ပစ်ဖို့ ဘက်ပေါင်းစုံကနေ ကြိုးစားနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ကြားကိုမကြားချင်တာ။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်တွေမှာလည်း "အမေစု" ဆိုပြီး သံပြိုင်ကြွေးကြော် ဆုတောင်းသံတွေကို အမြဲကြားရပါတယ်။

ပြည်သူတွေကြားမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် လေးစားကြည်ညိုမှု ကြီးမားခဲ့ပေမယ့် စစ်တပ်ထဲမှာတော့ စစ်ခေါင်းဆောင်အဆက်ဆက်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို “နိုင်ငံခြားသားနဲ့ လက်ထပ်ခဲ့သူ၊ အမျိုးဂုဏ် မစောင့်သူ၊ အစ္စလာမ်နဲ့ ဘာသာခြားတွေကို ဦးစားပေးသူ” အဖြစ် အမျိုးမျိုးစွပ်စွဲအပုပ်ချပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်လေးစားမှု ကင်းမဲ့အောင် လေ့ကျင့်သင်ကြားပေးခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံသား မိုက်ကယ်အဲရစ်နဲ့ လက်ထပ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို “အမျိုးသားသစ္စာဖောက်” အဖြစ် ပုံဖော်ပြီး ပုဂ္ဂိုလ်ရေးအရ ဝါဒဖြန့် တိုက်ခိုက်ခဲ့ပါတယ်။

“စုကြည် ကုလားမယား၊ သာသနာဖျက်၊ အမျိုးသားသစ္စာဖောက်၊ အနောက်မယ်တော်ကြီး၊ တိုင်းပြည်သစ္စာဖောက်စုကြည်” စတဲ့ အသုံးအနှုန်းတွေကို စစ်တပ်အရာရှိတွေ ကိုယ်တိုင်က သုံးနှုန်းခဲ့ကြသလို၊ နိုင်ငံပိုင်သတင်းစာတွေကနေ ဖော်ပြတဲ့အထိ အပုပ်ချခဲ့တာပါ။

၁၉၉၁ ခုနှစ်က နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ကျင်းပသည့် နိုဘယ်ဆုပေးပွဲအခမ်းအနားကို တက်ရောက်လာကြသော ဒေါ်အောင်ဆန်းစုကြည်၏ခင်ပွန်း မစ္စတာ မိုက်ကယ်အဲရစ်နှင့် သားနှစ်ဦး။ (Photo: Reuters)

ဝါရင့်နိုင်ငံရေးသမား ဦးသန်းစိုးနိုင်ကတော့ လက်ရှိဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပိုပြီး အငြှိုးထားလာတယ်လို့ ပြောပါတယ်။

"ရွေးကောက်ပွဲနီးလာတော့ ဒေါ်စုရဲ့ပုံရိပ်ကို ဖျောက်ဖျက်ပစ်ဖို့ ဘက်ပေါင်းစုံကနေ ကြိုးစားနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ကြားကိုမကြားချင်တာ။ စစ်ခေါင်းဆောင်အဆက်ဆက်အုပ်စိုးမှုမှာ မင်းအောင်လှိုင်ခေတ်က အဆိုးဆိုးပဲ။ ဘယ်စစ်အာဏာရှင်ကမှ ဒီနေ့လောက်ထိ ဒေါ်စုကို ရက်ရက်စက်စက် အမှုဆင်ထောင်ချတာ မရှိဘူး။ အခုကတော့ အမှု ၁၉ မှု ထောင် ၂၆ နှစ်ချပြီးပြီ။ ဒီနေ့လို ရက်ရက်စက်စက် ပက်ပက်စက်စက် အကျဉ်းသားတွေနဲ့ တန်းတူထားတယ်၊ ဆိုးရွားလွန်းတဲ့ နေပြည်တော်ထောင်ထဲမှာ ထားတယ်ဆိုတာကတော့ အလွန်မိုက်ရိုင်းလွန်းတယ်"

CDM စစ်သား ဗိုလ်ကြီးလင်းထက်အောင်ကလည်း စစ်တပ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချ ဝါဒဖြန့်တာတွေကို စစ်တပ်ရဲ့ “ပြည်သူ့ စိတ်ဓာတ်နဲ့ စစ်ဆင်ရေး ညွှန်ကြားရေးဌာန” ကနေ စနစ်တကျ လုပ်နေတယ်လို့ ပြောပါတယ်။

"အမေစု ၂ဝ၁၂ လွှတ်တော်ထဲဝင်လာချိန်မှာ ပိုဆိုးတယ်။ အဲဒီကစလို့ သူ့ပုံရိပ်ကိုချနေတာ တွေ့ခဲ့ရတယ်။ သူအဝတ်အစားဝတ်တာကအစ တခြားအရာတွေဆို တပ်ထဲမှာ အများကြီးမကောင်းတာတွေ ပြောကြတယ်။ ဟောပြောပွဲတွေမှာ၊ နေ့စဉ်တန်းစီတဲ့နေရာမှာ ပြောတယ်။ အမေစုဆိုတဲ့ စကားလုံးကို သူတို့လုံးဝမကြိုက်ဘူး။ စစ်ခေါင်းဆောင်ဆိုတဲ့နေရာမှာ အောက်က တပ်မှူးတွေကိုယ်တိုင်က ကြောက်ကြတယ်လို့ ပြောရမယ်။ ကုလားမ ဆိုတာ တော်တော်ပြောတယ်။ သူသည် အစ္စလမ္မစ်ဝါဒကို ယုံကြည်တယ်ဆိုပြီး အဲဒီလိုဝါဒဖြန့်တယ်"

အဲဒီစစ်ခေါင်းဆောင်တွေရဲ့ ဝါဒဖြန့်ချက်တွေကို စစ်သား ၉ဝ ရာခိုင်နှုန်းလောက်က ယုံကြည်နေကြတယ်လို့လည်း သူက ပြောပါတယ်။

၂ဝ၁၂ ခုနှစ် ရွေးကောက်ပွဲစည်းရုံးရေးကာလအတွင်း ပုသိမ်မြို့တွင် NLD ပါတီထောက်ခံသူများ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေသည့် မြင်ကွင်း။ (Photo: Reuters)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းတဲ့နေ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်အချုပ်ထောင်ထဲမှာ ထိန်းသိမ်းခံထားရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းထားပြီး စစ်ခေါင်းဆောင်က နိုင်ငံရေးကစားလိမ့်မယ်လို့ ရှေ့နေဦးကြီးမြင့်က သုံးသပ်ပါတယ်။

“ဒေါ်စုကိုထောင်ချပြီး နေပြည်တော်ကအိမ်ကို အကျယ်ချုပ်ပြန်ထားလိမ့်မယ်။ ရန်ကုန်မှာမထားဘူးနော်။ နောက်တစ်ခုကတော့ သူတို့ရွေးကောက်ပွဲဖြစ်အောင်လုပ်ပြီး ဖြစ်တဲ့နည်းအားလုံးသုံးလုပ်လိမ့်မယ်။ သူသမ္မတဖြစ်ရေး လိုအပ်ရင်ကစားလိမ့်မယ်။ လွှတ်ပေးတဲ့အထိ ကစားတာ မဟုတ်ဘူး။ NUG တို့ PDF တွေ လျှော့လာအောင် ထောင်ထဲကနေ ပြောခိုင်းစေချင်တယ်။ ဒေါ်စုက ဘယ်ပြောပါ့မလဲ”

နေအိမ်အကျယ်ချုပ်ကျခံနေရသည့်ကာလအတွင်း ၂ဝဝ၇ ခုနှစ်က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ တံခါးဝတွင် တွေ့မြင်ရသည့် ဒေါ်အောင်ဆန်းစုကြည်။ (Photo: AFP /THE IRRAWADDY)

ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာကတော့ မြန်မာ့အရေးဖြေရှင်းရေး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးစားနေပါတယ်။ စစ်ခေါင်းဆောင်ကတော့ ဒါကိုလက်မခံပါဘူး။ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်က မပါမဖြစ်ပဲလို့ ဝါရင့်နိုင်ငံရေးသမား ဦးသန်းစိုးနိုင်က ပြောပါတယ်။

"မြန်မာ့နိုင်ငံရေးခရီးမှာ ဒေါ်စုလောက် ပြည်သူလူထု ထောက်ခံမှုရတဲ့သူမရှိဘူး။ ဗိုလ်ချုပ်အောင်ဆန်းသည်ပင် ပြည်သူလူထုရဲ့ ချစ်ခင်မြတ်နိုးမှုကို ဒေါ်စုလောက် မရဘူးလို့ပြောရင်တော့ မလွန်ဘူးထင်တယ်။ ဒါကြောင့် ဘယ်အခြေအနေပဲရောက်ရောက် မြန်မာ့နိုင်ငံရေးသမိုင်းမှာ ပြည်သူသန်းချီလက်ခံတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို ဘယ်အင်အားစုကမှ ဖယ်ရှားလို့ မရနိုင်ဘူး"

စစ်ကောင်စီဘက်က ဘယ်လိုပဲ စွပ်စွဲ၊ ပြစ်တင်၊ အပုပ်ချတာတွေ လုပ်နေပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို သန်းပေါင်းများစွာသော ပြည်သူတွေက " အမေစု" လို့ သဘောထားနေကြဆဲပဲလို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ အမေစုလို့ သုံးနှုန်းခေါ်ဝေါ်ခဲ့တဲ့ သတင်းထောက်ကိုတော့ စစ်ကောင်စီဘက်က ဘယ်လိုပြစ်ဒဏ်တွေနဲ့ အရေးယူထားလဲဆိုတာ မသိရသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org