ရွေးကောက်ပွဲလုပ်မယ့် စစ်ကောင်စီကြိုးပမ်းချက် ပဋိပက္ခတွေကို ပိုကြာစေနိုင်

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး ၂၀၂၃ မှာ ရွေးကောက်ပွဲအသစ်လုပ်ဖို့ ကြိုးစား နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ မတရားမှုတွေကို အားပေးပြီး ပဋိပက္ခတွေကို ပိုကြာ စေမယ့်လုပ်ရပ်လို့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီက ပြောပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကတော့ စစ်ကောင်စီ ကျင်းပမယ့် ၂၀၂၃ ရွေးကောက်ပွဲဟာ လွတ်လပ် မျှတနိုင်တာကြောင့် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
စစ်ကောင်စီဟာ အာဏာကို မတရားရယူထားတာမို့ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်သစ်က တရားမဝင်သလို ဒီကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲအသစ်ကို လက်မခံနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီက ဇူလိုင်လ ၉ ရက်နေ့က ကြေညာချက်ထုတ်ပြီး ကန့်ကွက်လိုက် ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲကို မဲဆန္ဒနယ် ၁၁၁၇ ခုမှာ ကျင်းပခဲ့ရာ မဲဆန္ဒနယ်အားလုံးရဲ့ ၈၂ ရာခိုင်နှုန်းကျော်မှာ NLD ပါတီက အနိုင်ရပြီး လွှတ်တော်ကိုယ်စားလှယ် ၉၂၀ ကို ရွေးကောက်တင်မြှောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စစ်ခေါင်းဆောင်တစ်စုက ပြည်သူ့ဆန္ဒကို လျစ်လျူရှုအာဏာသိမ်းပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်လိုက်တာ ကြောင့် လက်ရှိတိုင်းပြည်အခြေအနေဟာ အဆိုးဆုံးကို ရောက်နေတယ်လို့လည်း NLD ကြေညာချက်မှာ ပြောထားပါတယ်။
၂၀၂၃ မှာ ရွေးကောက်ပွဲအသစ်လုပ်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ မတရားမှု တွေကို အားပေးပြီး ပဋိပက္ခတွေကို ပိုကြာစေမယ့်လုပ်ရပ်လို့ NLD ပါတီ ဗဟိုအလုပ် ကော်မတီအဖွဲ့ဝင် ဦးကျော်ထွေး က ပြောပါတယ်။
"ရွေးကောက်ပွဲတစ်ခုကို မျှော်လင့်တာက မြန်မာ့နိုင်ငံရေး အကျပ်အတည်းအတွက် ကောင်းမွန်တဲ့အဖြေ မဟုတ်ပါဘူး။ မတရားမှုတွေကို သက်ဆိုးရှည်အောင် အားပေး အားမြှောက်ပြုတာပဲ ဖြစ်ပြီးတော့ ပဋိပက္ခတွေ ရှည်ကြာစေမှာသာ ဖြစ်ပါတယ်ဗျ”
၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီကို ရှုံးနိမ့်ပြီး စုစုပေါင်း မဲဆန္ဒနယ် ၇၁ နေရာမှာသာ အနိုင်ရခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒလှမြင့်ကတော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပျက်ပြယ်သွားတာဟာ မဲမသမာမှုတွေကို ဖြေရှင်းပေးဖို့ ပျက်ကွက်ခဲ့တဲ့ NLD အစိုးရရဲ့ ရွေးကောက်ပွဲကော်မရှင်ကြောင့်လို့ ပြောပါတယ်။
၂၀၂၃ ရွေးကောက်ပွဲကို သန့်ရှင်းလွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်အောင် စစ်ကောင်စီက လုပ်ပေးလိမ့်မယ်လို့ သူ ယုံကြည်တယ်လို့ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။
"ကျနော်တို့ ၂၀၂၃ ရွေးကောက်ပွဲသည် တပ်မတော် လက်ရှိ အစိုးရအနေနဲ့ကလည်း ဘယ်ဘက်မှ သူတို့ဘက် လိုက်စရာအကြောင်း မရှိဘူး။ ပြည်သူ့ ဆန္ဒအတိုင်းပဲ။ အဓိက ကတော့ သန့်ရှင်းလွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ပဲ။ ပထမ တုန်းကတော့ ဒီလို မဖြစ်ခဲ့တဲ့ အနေအထားတွေ ရှိခဲ့လို့ ဒီအခင်းအကျင်းတွေ ဖြစ်ပေါ် လာတာ၊ ဆိုတဲ့အခါကျတော့ ဖြစ်အောင်လုပ်ရမယ့် တာဝန်လည်း ရှိပြီးဖြစ်တဲ့အတွက် ကြောင့် ဖြစ်အောင်လုပ်လိမ့်မယ်လို့ ကျနော်တို့က ယုံကြည်တယ်"
ဒါပေမဲ့ လက်ရှိမှာ မြန်မာနိုင်ငံတစ်ဝန်းဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ပဋိပက္ခ တွေကြောင့် ရွေးကောက်ပွဲလုပ်ဖို့ ခက်ခဲတာတွေတော့ ရှိကောင်းရှိလာနိုင်တယ်လို့ သူက ဆိုပါတယ်။
ရခိုင်အမျိုးသားပါတီရဲ့ နိုင်ငံရေးမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော် ကလည်း သူတို့ပါတီတည်မြဲရေးအတွက် ၂၀၂၃ ရွေးကောက်ပွဲမှာ အနည်းဆုံး သုံးနေရာ လောက်တော့ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ RFA ကို ပြောပါတယ်။
"လွတ်လပ်ပြီးတော့ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်မယ်ဆိုရင် ဥပဒေက ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းထားချက်နဲ့အညီ ကိုယ့်ပါတီရဲ့ နိုင်ငံရေးအရ ပြည်သူလူထုအကျိုး ကို ဖော်ဆောင်ဖို့အတွက်ကတော့ ပါတီရှင်သန်ရေးအတွက် အနည်းဆုံး သုံးနေရာ ကတော့ ပါဝင်ယှဉ်ပြိုင်ရဖို့ တာဝန်ရှိပါတယ်ခင်ဗျ"

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခံရတာနဲ့ ပတ်သက်လို့ မှတ်ချက်မပေးလိုပေမယ့် ရခိုင်ပြည်နယ်မှာတော့ ANP ပါတီ အနိုင်ရခဲ့တဲ့ မဲတွေဟာ ထိုက်တန် စစ်မှန်တဲ့မဲတွေ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ANP ပါတီဟာ အမျိုးသားလွှတ်တော်မှာ လေးနေရာ၊ ပြည်သူ့လွှတ်တော်မှာ လေးနေရာ၊ ပြည်နယ်လွှတ်တော်မှာ ကိုးနေရာ စုစုပေါင်း ၁၇ နေရာ အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ NLD၊ USDP နဲ့ SNLD ပါတီပြီးရင် စတုတ္ထ မဲအများဆုံး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ တတိယမဲအများဆုံး အနိုင်ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင် ကတော့ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေ ဟာ နောက်တစ်လမှာ ဘာဖြစ်မလဲ ဆိုတာတောင် ခန့်မှန်းရခက်တာမို့ ၂၀၂၃ မှာလုပ်မယ့် ရွေးကောက်ပွဲအတွက် ဘာတစ်ခုမှ မစဥ်းစားထားဘူးလို့ ပြောပါတယ်။
"ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ပေါ့နော် ၂၀၂၂ ပေါ့။ ဒီတစ်နှစ်ကုန်တဲ့အထိ ကျနော်တို့ ဘာမှ မစဉ်းစားဘူးလို့ သတ်မှတ်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲက ၂၀၂၃ သြဂုတ်ဆိုတော့လေ။ တစ်နှစ်ကျော်လောက် ကျန်သေးတယ်ပေါ့။ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေက နောက်တစ်လ၊ နှစ်လတောင်မှ ဘာဆက်ဖြစ်မလဲဆိုတာ ဘာမှ မသိနိုင်ဘူး။ နောက်တစ်နှစ်အတွက်ကို ကြိုမစဉ်းစားသင့်ဘူးဆိုတဲ့ အယူအဆ ပေါ့ဗျာ။ အဲဒါကြောင့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ စဉ်းစားဆုံးဖြတ် ထားတာ မရှိပါဘူး"
SNLD ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်မှာ နှစ်နေရာ၊ ပြည်သူ့ လွှတ်တော်မှာ ၁၂ နေရာ၊ ရှမ်းပြည်နယ်လွှတ်တော်မှာ ၂၄ နေရာ၊ ကချင်ပြည်နယ် လွှတ်တော်မှာ တစ်နေရာ စုစုပေါင်း ၃၉ နေရာနဲ့ တတိယ မဲအများဆုံး အနိုင်ရရှိခဲ့တာပါ။
"လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေက နောက်တစ်လ၊ နှစ်လတောင်မှ ဘာဆက်ဖြစ်မလဲဆိုတာ ဘာမှမသိနိုင်ဘူး"
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ စစ်ကောင်စီက ၂၀၂၃ မှာ ရွေးကောက်ပွဲ အသစ် လုပ် မလုပ် ဆိုတာဟာ တိုင်းပြည်ကို သူဘယ်လောက်ထိန်းနိုင်သလဲဆိုတဲ့ အချက်ပေါ် မူတည်တယ်လို့ မှတ်ချက်ပေးပါတယ်။
"တစ်နိုင်ငံလုံး သို့မဟုတ် ဒေသတချို့မှာ ငြိမ်ဝပ်ပိပြားမှု မရှိဘဲနဲ့ ရွေးကောက်ပွဲ မပြောနဲ့ မဲဆွယ် စည်းရုံးရေးတောင်မှ မလုပ်ရဲလောက်အောင် အခြေအနေတွေက ဆိုးနေတယ် ဆိုရင် ဒီရွေးကောက်ပွဲကို လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါမှ မဟုတ်ရင်လည်း အဲဒီမလုပ်နိုင်တဲ့ ကိစ္စတွေကို ချန်လှပ်ပြီးတော့ တခြားအပိုင်းတွေကို သူလုပ်သွားလိမ့်မယ်လို့ ထင်တယ်။ ဆိုတော့ သူ လုပ်မယ်၊ မလုပ်ဘူးဆိုတာက အခြေအနေကို ထိန်းနိုင်၊ မထိန်းနိုင်ဆိုတာနဲ့ အများကြီး သက်ဆိုင်နေတာပေါ့"
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်ဟာ အလွန်ဆုံး နှစ်နှစ်ပဲ အာဏာယူပြီး ရွေးကောက်ပွဲလုပ်ဖို့ ပြဋ္ဌာန်းထားတာကြောင့် သတ်မှတ်ချိန်အတွင်း စစ်ကောင်စီဘက်က ရွေးကောက်ပွဲ လုပ်နိုင်၊ မလုပ်နိုင်ဆိုတာကို စောင့်ကြည့်ရမယ်လို့လည်း ဦးရဲထွန်းက ပြောသွားပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်အသစ်ကတော့ နိုင်ငံရေးပါတီတွေရဲ့ ငွေကြေး၊ အဆောက်အအုံ ပိုင်ဆိုင်မှုနဲ့ ပါတီဝင် အင်အားတွေကို စိစစ်နေပြီး ၂၀၂၁ ခုနှစ် ဩဂုတ်လ ကနေ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ အထိ SNLD အပါအဝင် နိုင်ငံရေးပါတီပေါင်း ၈၅ ပါတီကို စစ်ဆေးခဲ့ပြီးပါပြီ။
NLD အပါအဝင် ဆက်လက်စစ်ဆေးဖို့ နိုင်ငံရေးပါတီ ခုနစ်ခုသာ ကျန်တော့ကြောင်းလည်း ရွေးကောက်ပွဲ ကော်မရှင်သစ်ရဲ့ ပြောခွင့်ရသူက နေပြည်တော်မှာလုပ်တဲ့ ဇူလိုင်လ ၁ ရက် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောထားပါတယ်။
စစ်တပ်က ဦးဆောင်ကျင်းပမယ့် ၂၀၂၃ ရွေးကောက်ပွဲကို တရားမဝင်ဘူးဆိုပြီး ကြေညာ ထားတဲ့ နိုင်ငံရေးပါတီ နှစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကလွဲရင် ကျန်တဲ့ နိုင်ငံရေးပါတီတွေဟာ သူတို့ပါတီတွေ ဆက်လက် ရပ်တည်နိုင်ရေးအတွက် ၂၀၂၃ မှာ ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားတာမျိုးတွေလုပ်လာ နိုင်တယ်လို့လည်း နိုင်ငံရေးအကဲခတ်တချို့က သုံးသပ်ပြောဆိုပါတယ်။