နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေ တစ်ရှိန်ထိုးမြင့်တက်လာ
2023.02.03

တစ်နိုင်ငံလုံးမှာ ၂၀၂၃ ခုနှစ်၊ တစ်နှစ်လုံး အပစ်အခတ်ရပ်စဲတယ်လို့ ဒီဇင်ဘာလ ၃၁ ရက်မှာ စစ်ကောင်စီတပ်က ကြေညာခဲ့ပေမယ့် အဲဒီနောက်ပိုင်း သူတို့ရဲ့ တိုက်ခိုက်မှုတွေ တစ်ရှိန်ထိုးမြင့်တက်လာပါတယ်။
အဲလို ကြေညာပြီးချိန်ကစလို့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေကြောင့် အနည်းဆုံးဒေသခံခြောက်ဦးဟာ နေ့တိုင်း သေဆုံး၊ ထိခိုက်ဒဏ်ရာ ရနေပါတယ်။
စစ်ကောင်စီတပ်ဟာ တော်လှန်ရေးလုပ်သူတွေကို နှိမ်နင်းရာမှာ အရပ်သားပစ်မှတ် တွေကိုပါ ရောထွေးတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဇန်နဝါရီလ ၂၃ ရက်နေ့က ချင်းပြည်နယ်၊ မင်းတပ်မြို့ ပလိပ်ထွီရွာ ဘုန်းကြီးကျောင်း မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းများ စီမံခန့်ခွဲမှုကော်မတီရုံးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကော်မတီဝင် ကိုးဦး ဒဏ်ရာရခဲ့ပါတယ်။
“အဓိကအချက်က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းချင်တဲ့စိတ် လုံးဝကင်းမဲ့ပြီး ပြဿနာအားလုံးကို စစ်ရေးအရဖြေရှင်းမယ်ဆိုတာ ဒါက သူတို့ရဲ့ လုံး၀မှားယွင်းတဲ့အချက်ပဲ"
ဒါက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုဖြစ်တယ်လို့ မင်းတပ်မြို့နယ် စစ်ဘေးဒုက္ခသည် စခန်းများ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ကိုယောကီးက RFA ကို ပြောပါတယ်။
“ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာတဲ့အပေါ်မှာ ကျနော်တို့ယူဆတာက စစ်ဘေးရှောင် တွေကို ကူညီထောက်ပံ့တဲ့ သူတွေ မရှိတော့ဘူးဆိုရင် စစ်ဘေးရှောင်တွေဟာ မြို့ကို ပြန်သွားကြမယ်။ မြို့ကိုပြန်သွားမယ် ဆိုရင် လာမယ့် ရွေးကောက်ပွဲမှာပဲဖြစ်ဖြစ် မြို့အင်္ဂါရပ်နဲ့ပြည့်စုံပြီး ယန္တရားတွေပြန်ပြီးလည်ပတ်ဖို့ အထောက်အကူဖြစ်စေမယ်လို့ ယူဆလို့ ကျနော်တို့ကို တိုက်ခိုက်တာလို့ မြင်တယ်”
ဒါဟာ ဒေသခံတွေအပေါ် စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှု တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး အလားတူတိုက်ခိုက်မှုတွေ တစ်နိုင်ငံလုံး ဘယ်နေရာမှာမဆို ဖြစ်လာနိုင်တယ်လို့ ကိုယောကီးက ဆိုပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းအရ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှု တွေကြောင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဒေသခံ ၃၈ ဦး သေဆုံးပြီး ၁၄၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာလည်း ဒေသခံ ၂၄ ဦးသေဆုံးပြီး ၆၇ ဦး ဒဏ်ရာရခဲ့တာကြောင့် ကိန်းဂဏန်းအရ ဒေသခံတွေ သေဆုံး၊ ထိခိုက်မှုဟာ ဇန်နဝါရီလမှာ ၉၅ ရာခိုင်နှုန်းအထိ မြင့်တက်လာတာပါ။
ဒီစာရင်းထဲမှာ လက်နက်ငယ်နဲ့ ပစ်ခတ်ခံရတာနဲ့ ဖမ်းဆီးနှိပ်စက်လို့ ထိခိုက်သေဆုံးတဲ့ ဒေသခံတွေ၊ စစ်ကောင်စီ တပ်သားတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ PDF တပ်ဖွဲ့ဝင်တွေ မပါဝင်ပါဘူး။
စစ်ကောင်စီတပ်ဟာ အပစ်အခတ်ရပ်စဲရေး ကြေညာထားတယ်လို့ ကမ္ဘာကိုလိမ်ညာပြီး သတ်ဖြတ်တာတွေ တိုးမြှင့်လုပ်လာတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ထောက်ပြ ပါတယ်။
“Public announcement လို့ခေါ်တာပေါ့။ နိုင်ငံတကာကို သူပေးချင်တဲ့ သတင်းအချက် အလက်ပေါ့ ဒါမှမဟုတ် နိုင်ငံတကာက သူ့ကိုမြင်စေချင်တဲ့ပုံပေါ့။ သူဘာလုပ်နေတယ် ဆိုတာကို မြင်စေချင်တဲ့ပုံပေါ့ အဲဒါကို သူအမြဲတမ်း အစီအစဉ်တကျ လုပ်လေ့ရှိတယ်။ လူတွေထင်နေသလို မြင်နေသလို ပြောနေသလိုမျိုး မဟုတ်ပါဘူးဆိုတဲ့ အကြောင်းပြ ချက် တစ်ခုရဖို့အတွက် သူက လုပ်တာ။ ကိုယ်ကျူးလွန်မယ့် ရာဇဝတ်မှုကို ပီပီပြင်ပြင် သေချာစဉ်းစား ဆင်ခြင်ပြီးလုပ်တဲ့ သူတော်တော်များများက အဲဒီ Alibi (ဆင်ခြေ) ကို တည်ဆောက်ဖို့ ကြိုးစားလေ့ရှိတယ်”
၂၀၂၂ ခုနှစ်၊ သြဂုတ်နောက်ပိုင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက် ကြီးပစ်ခတ်မှုနဲ့ မြေမြှုပ်မိုင်းကြောင့် သေဆုံး၊ ထိခိုက်တာကို RFA က စောင့်ကြည့်လေ့လာ ခဲ့ရာမှာ သြဂုတ်လ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ ခြောက်လအတွင်း အနည်းဆုံးဒေသခံ ၂၁၈ ဦးသေဆုံးပြီး ၅၉၂ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒေသခံတွေရိုက်ထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ အဲဒီတိုက်ခိုက်မှုတွေမှာ စစ်ကောင်စီ ဟာ ရုရှားနိုင်ငံထုတ် MI-17၊ MI-35 စစ်ရဟတ်ယာဉ်၊ Yak–130 ဂျက်တိုက်လေယာဉ်နဲ့ တရုတ်နိုင်ငံထုတ် FTC-2000G အမျိုးအစား ဂျက်တိုက်လေယာဉ်တွေ အသုံးပြုခဲ့တာပါ။
အထူးသဖြင့် ကချင်၊ ကယားနဲ့ ကရင်ပြည်နယ်ထဲက တိုင်းရင်းသားအဖွဲ့တွေ ထိန်းချုပ် ထားတဲ့ နေရာတွေကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တွေ ပိုပြီးအသုံးပြု တိုက်ခိုက်ခဲ့သလို ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) ထုတ် လက်နက်ခဲယမ်းတွေ ကိုလည်း ဖောဖောသီသီအသုံးပြုခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီတပ်ဟာ ပြဿနာအားလုံးကို စစ်ရေးအနိုင်ရမှုနဲ့ ဖြေရှင်းနိုင်မယ်လို့ မှားယွင်း ယုံကြည်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။
“အဓိကအချက်က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းချင်တဲ့စိတ် လုံးဝကင်းမဲ့ပြီး ပြဿနာ အားလုံးကို စစ်ရေးအရဖြေရှင်းမယ်ဆိုတာ ဒါက သူတို့ရဲ့ လုံး၀မှားယွင်းတဲ့အချက်ပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် စစ်ရေးအရ အနိုင်ရမှပဲ ပြဿနာ အားလုံးကို ပြေငြိမ်းနိုင်မယ်ဆိုတဲ့ သူ့ရဲ့ယူဆချက်ကို သူဆက်လက် အကောင် အထည်ဖော်တာ။ ဒါပေမဲ့ သူ ရလာတဲ့ရလဒ်က ဒီနေ့ဒီအချိန်မှာ အဲဒီလို လုံး၀မထွက်နေ ဘူးဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ပေါ်လွင်နေတာ ရှင်းနေတယ်ဗျာ။ သူက ဆက်လုပ်နေလေလေ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေလေလေဆိုတာ ရှင်းရှင်း လင်းလင်း မြင်နေရတာပဲဖြစ်တယ်”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် ထုတ်ပြန်ချက် မှာလည်း စစ်ကောင်စီ တပ်ဟာ အာဏာသိမ်းနှစ်နှစ်အတွင်း နိုင်ငံတစ်ဝန်း လေကြောင်း တိုက်ခိုက်မှု (၆၅၄) ကြိမ်ပြုလုပ်ခဲ့တာကြောင့် ဒေသခံ ၂၈၈ ဦး သေဆုံးပြီး ၃၇၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းမှုကို မရဏ ကုန်စည်လို့ ခေါင်းစဉ်တပ်ခဲ့ပါတယ်။
Asia Sun Group ရဲ့ Aviation ၊ Asia Sun Trading၊ Asia Sun Energy နဲ့ Cargo Link Petroleum Logistics တို့ဟာ လေတပ်စခန်းတွေအတွက် လေယာဉ်ဆီဖြန့်ဖြူးရေး တာဝန်ယူနေတယ်လို့လည်း AI အဖွဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

ဗြိတိန်အစိုးရကတော့ Asia Sun Group နဲ့ Cargo Link တို့ကို စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်အရေးယူလိုက်တယ်လို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကုလအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ရဲ့ ဇန်နဝါရီ ၁၆ ရက် အစီရင်ခံစာမှာလည်း နိုင်ငံ ၁၃ ခုက ကုမ္ပဏီပေါင်း ၄၅ ခု ကျော်ရဲ့ နည်းပညာအပါအဝင် ကုန်ကြမ်းပစ္စည်း ပံ့ပိုးမှုနဲ့ မြန်မာစစ်တပ် လက်နက်ခဲယမ်း တွေ ထုတ်လုပ်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒီလိုကုမ္ပဏီတွေကို သက်ဆိုင်ရာအစိုးရတွေက ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ လိုတယ်လို့ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ထောက်ပြပါတယ်။
“လူသတ်တဲ့ပစ္စည်းတွေ ထုတ်နေတဲ့ အရပ်သားပြည်သူလူထုကို သတ်ဖို့အတွက် လက်နက်ထုတ်နေတဲ့စက်ရုံတွေ၊ ကပစနဲ့ပူးပေါင်းတဲ့ ကုမ္ပဏီတွေအကုန်လုံး ပူးပေါင်းဆောင်ရွက်မှုရပ်ပြီး နောက်ထပ်လည်း ပူးပေါင်းဆောင်ရွက်မှု မလုပ်နိုင် အောင်လို့ နိုင်ငံတကာအစိုးရတွေနဲ့ ကုလသမဂ္ဂအဖွဲ့ကြီးကနေပြီးတော့ အရေးယူ ဆောင်ရွက်သင့်တယ် ဆိုတာပြောချင်ပါတယ်”
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကလည်း လေကြောင်းကနေ ဗုံးကြဲတာ၊ နေအိမ်အဆောက်အအုံ တွေကို မီးရှို့ဖျက်ဆီးတာတွေအတွက် စိုးရိမ်တယ်လို့ ဇန်နဝါရီလ ၃၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီမိုကရေစီစံသတ်မှတ်ချက်တွေနဲ့ ပြည်သူတွေရဲ့လိုအင်ဆန္ဒတွေကို လေးစားလိုက်နာ အောင် အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို တွန်းအားပေးကြဖို့လည်း တောင်းဆိုခဲ့ပါတယ်။
ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်နဲ့ နောက်ထပ် နိုင်ငံ၂၀ ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ကလည်း စစ်ကောင်စီထံ လက်နက်နဲ့ အသုံးအဆောင်ပစ္စည်းတွေ ရောင်းချတာ၊ လွှဲပြောင်းတာတွေရပ်တန့်ဖို့ စစ်အာဏာ သိမ်းမှု နှစ်နှစ် ပြည့်တဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ နိုင်ငံတကာကို တိုက်တွန်းခဲ့ပါတယ်။