၂၀၂၂ အတွင်း အစုလိုက်သတ်ဖြတ်ခံရခြင်း အနည်းဆုံး ၆၇ မှုရှိခဲ့ (အပိုင်း - ၁)
2022.12.27

၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလကနေ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလအထိ ၁၃ လအတွင်း တိုင်းနဲ့ ပြည်နယ် ၉ ခုမှာ လူတွေကို အစုလိုက် အပြုံလိုက်သေဆုံးစေတဲ့ ဖြစ်ရပ် အနည်းဆုံး ၆၇ ခု ရှိခဲ့ပြီး အဲဒီထဲမှာ ကလေး၊ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေအပါအဝင် စုစုပေါင်း လူ ၆၄၆ ယောက် သေဆုံးခဲ့ပါတယ်။
ဒီ ၁၃ လအတွင်း RFA က ရရှိခဲ့တဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကချင်၊ ကယား၊ ချင်း၊ ရခိုင်၊ ကရင်နဲ့ ရှမ်းပြည်နယ်တို့က အဖြစ်အပျက်တွေကို အခြေခံပြီး စုစည်းထားတာဖြစ်ပါတယ်။
ဒီသတ်ဖြတ်ခံရမှုတွေကို ကြည့်ရင် စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးရတာ၊ ဖမ်းဆီးပြီးနောက် ပစ်သတ်ခံရတာ၊ အရှင်လတ်လတ် မီးရှို့ခံရတာ၊ လည်ပင်းလှီးခံရတာ၊ ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်တာအပြင် ညှဉ်းပန်းနှိပ်စက်ခံရပြီးနောက် အလောင်းစွန့်ပစ်ခံရတာတွေ ဖြစ်ပါတယ်။
သေဆုံးသူ အများဆုံးက အရပ်သားပြည်သူတွေဖြစ်ပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဝန်ထမ်းတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့လည်း ပါဝင်ပါတယ်။
—
အရင်ဆုံး အခုဒီဇင်ဘာလကနေ စက်တင်ဘာလအထိ လေးလအတွင်း အသတ်ခံရမှု ၂၂ခုကို ကြည့်ရအောင်ပါ။ ဒီဖြစ်ရပ်တွေမှာ လူပေါင်း ၂၃၀ ယောက် သေဆုံးခဲ့ပါတယ်။
၂ဝ၂၂ ဒီဇင်ဘာကနေ စက်တင်ဘာအထိ သတ်ဖြတ်ခံရမှုများ
၂ဝ၂၂ ဒီဇင်ဘာလ - ၂၈ယောက် သေဆုံးမှု
ဒီဇင်ဘာလအတွင်း လူလေးယောက်မထက် အသတ်ခံခဲ့ရတဲ့ ဖြစ်ရပ်အနည်းဆုံး ငါးခု ရှိခဲ့ပါတယ်။ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းမှာပါ။
(၁) စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ပိန်းအင်းရွာဘုန်းကြီးကျောင်းအနီးမှာ သေနတ်ဒဏ်ရာတွေနဲ့ မြေမြှုပ်ခံထားရတဲ့ အရပ်သားလေးယောက်ရဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေ ဒီဇင်ဘာ ၂ဝ ရက်နေ့က တွေ့ရှိခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေ ရွာထဲဝင်လာပြီးနောက် သူတို့လေးယောက်အသတ်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
(၂) မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာသစ်ရွာ
ဒီဇင်ဘာ ၁၄ ရက်နေ့ကတော့ မန္တလေးတိုင်း မြင်းခြံမြို့နယ် ရွာသစ်ရွာမှာ အမျိုးသား ခြောက်ယောက် အသတ်ခံခဲ့ရတာပါ။ သူတို့ခြောက်ယောက်ဟာ နိုဝင်ဘာ ၂၉ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ တပ်မ ၈၈ တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခေါ်ဆောင်သွားခံရသူတွေပါ။ သူတို့ရုပ်အလောင်းတွေကို တွေ့ရှိခဲ့သူတွေရဲ့ ပြောဆိုချက်တွေအရ လက်ပြန်ကြိုးတုပ်ခံရပြီး လည်ပင်းအလှီးခံရထားတာလို့ သိရပါတယ်။
(၃) စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ပေပင်ချောင်ရွာ
အဲဒီဒီဇင်ဘာ ၁၄ ရက်နေ့မှာပဲ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ပေပင်ချောင်ရွာထဲကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းချိန်မှာ ထွက်ပြေးချိန်မရလိုက်ဘဲ ပိတ်မိနေခဲ့တဲ့ ဒေသခံရွာသား လေးယောက်ကို သေနတ်နဲ့ပစ်သတ်ခဲ့ပြီး မိုင်းထောင်ဖို့ ပြင်နေတဲ့ PDF အဖွဲ့ဝင် နှစ်ဦးလည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။
(၄) စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဝါးရုံးကုံးရွာ
ကောလင်းမြို့နယ်အတွင်းမှာပဲ ဝါးရုံးကုံးရွာအနီး လမ်းမပေါ်မှာတော့ ဒီဇင်ဘာ ၁ဝရက်နေ့က ဦးခေါင်းကို သေနတ်နဲ့ပစ်သတ်ခံထားရတဲ့ ရုပ်အလောင်း ခြောက်ခုကို ဒေသခံရွာသားတွေ တွေ့ရှိခဲ့ပါတယ်။ သေဆုံးသူတွေဟာ ကောလင်းမြို့ခံ လူငယ်ခြောက်ဦးဖြစ်ပြီး ဒီဇင်ဘာ ၉ရက်နေ့က စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပါတယ်။
(၅) မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မင်းရွာ
ဒီဇင်ဘာလ ၆ရက်နေ့ညကတော့ မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် မင်းရွာမှာ NLD ပါတီဝင် လေးဦးအပါအဝင် ဒေသခံ ခြောက်ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။ သူတို့ခြောက်ဦးကို လက်ပြန်ကြိုးတုပ်လျက်နဲ့ မျက်နှာအဝတ်စည်းခံထားရပြီး သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာတွေ့ရတယ်လို့ ရုပ်အလောင်းတွေ့ရှိခဲ့သူတွေက ပြောပါတယ်။
ဒီဇင်ဘာလအတွင်း သေဆုံးမှုတွေထဲက ထုတ်နုတ်တင်ပြခဲ့တာပါ။ ဆက်ပြီးတော့ နိုဝင်ဘာလအတွင်း လူပေါင်း ၆၂ ယောက် သေဆုံးခဲ့တဲ့ အဖြစ်အပျက်တွေကို ကြည့်ရအောင်ပါ။
၂ဝ၂၂ နိုဝင်ဘာလ - ၆၂ ယောက် သေဆုံးမှု
(၁) စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှရွာ လေကြောင်းတိုက်ခိုက်ခံရမှု
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မုံလှရွာထဲကို နိုဝင်ဘာ ၂၃ ရက်နေ့က အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်စီးနင်းခဲ့ရာမှာ မြေပြင်ကအပြင် ဝေဟင်ကပါ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အသက် ခုနစ်နှစ်အရွယ် ကလေးငယ် တစ်ဦး၊ အသက် ၅၀ အရွယ် အမျိုးသမီးကြီးတစ်ဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးအပြင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ခြောက်ဦး စုစုပေါင်း လူ ကိုးဦး သေဆုံးခဲ့ပါတယ်။
(၂) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဂြစ်ချောင်းရွာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဂြစ်ချောင်းရွာက ကလေးအမည်ပေးကင်ပွန်းတပ်ပွဲထဲကို နိုဝင်ဘာ ၁၆ ရက်နေ့က စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံ ၁၁ ဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။

ဒါဟာ ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ ရခိုင်ပြည်နယ်အတွင်း တစ်ကျော့ပြန်တိုက်ပွဲတွေကြား လူအစုလိုက် သေဆုံးရတဲ့ဖြစ်ရပ်တွေထဲမှာ ရွာသား ၁၁ ယောက်နေရာမှာတင် သေဆုံးခဲ့တာကလည်း စစ်ကောင်စီရဲ့ ထင်ရှားတဲ့တိုက်ခိုက်မှုတစ်ခုပါ။ အဲဒီနေ့ကပဲ ကျောက်တော်မြို့နယ် ချောင်းတူရွာထဲ စစ်ကောင်စီတပ် ပစ်တဲ့ လက်နက်ကြီးကျလို့ အရပ်သားလေးယောက် သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီလက်နက်ကြီးဟာ ရက္ခိုင့်တပ်တော် (AA) က ပစ်ခတ်တာလို့ စွပ်စွဲထားပေမယ့် AA ကတော့ အဲဒီလက်နက်ကြီးဟာ စစ်ကောင်စီရဲ့ မောင်တောမြို့နယ် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ ၇ က ပစ်ခတ်တာလို့ ပြန်လည်စွပ်စွဲထားပါတယ်။
(၃) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းကြီးရွာ
နိုဝင်ဘာ ၁၃ ရက်နေ့မှာတော့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ထန်းကြီးရွာကို စစ်ကောင်စီ တပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့ပြီးနောက် မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်းလေးခုကို ဒေသခံတွေ တွေ့ရှိခဲ့ရပါတယ်။
(၄) ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးရွာ
နိုဝင်ဘာ ၁၁ ရက်နေ့ကတော့ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ပြီး ရွာမှာ ကျန်ခဲ့သူတွေကို ပစ်သတ်ခဲ့ပါတယ်။ အဲဒီညက ဒေသခံအမျိုးသား ခုနစ်ဦးနဲ့ အမျိုးသား နှစ်ဦး စုစုပေါင်း ကိုးဦး သေဆုံးခဲ့ပြီး သူတို့ရဲ့ မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်းတွေကို နောက်တစ်နေ့မနက်မှာ ဒေသခံတွေ တွေ့ရှိခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုပြီးတဲ့နောက် နှစ်ရက်အကြာမှာ ရက္ခိုင့်တပ်တော် (AA) က ရခိုင်ပြည်နယ်မှာ အရပ်သားတွေကို ပစ်မှတ်ထားသတ်ဖြတ်နေပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို စစ်ရေးအရ အပြင်းထန်ဆုံး လက်စားချေတုံ့ပြန်မယ်လို့ ကြေညာခဲ့ပါတယ်။
(၅) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပလုံတွီရွာ
ချင်းပြည်နယ် မင်းတပ်မြို့နယ် ပလုံတွီရွာထဲကို နိုဝင်ဘာ ၇ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီး ဒေသခံ ၄ဝလောက် ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီထဲက အများစုပြန်လွတ်ခဲ့ပေမယ့် ခြောက်ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ရွာထဲမှာ စစ်ကောင်စီတပ်က နှစ်ရက်ကြာ တပ်စွဲခဲ့ပြီး သူတို့ပြန်ထွက်သွားချိန်မှာတော့ ဒေသခံတွေက မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတွေကို အစုလိုက် တွေ့ခဲ့ရပါတယ်။ ဒါဟာ ပျောက်ဆုံးနေတဲ့ ခြောက်ယောက်ရဲ့ ရုပ်အလောင်းတွေဖြစ်တယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။
(၆) စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထန်းလေးပင်ရွာက ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက်သတ်ဖြတ်ခံရမှု
နိုဝင်ဘာ ၆ ရက်နေ့ကတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တို့ မုံရွာမြို့နယ် ထန်းလေးပင်ရွာမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်တွေ အဲဒီညက ရွာထဲမှာ စခန်းချပြီးနောက် ၇ရက်နေ့ ညနေပိုင်းမှာ ရွာကနေ ပြန်ထွက်သွားခဲ့ပါတယ်။ စစ်ကောင်စီစစ်ကြောင်း ထွက်သွားပြီးတဲ့နောက် အရပ်သား ရှစ်ယောက်နဲ့ ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင် ခြောက်ယောက် စုစုပေါင်း ၁၄ ယောက်ရဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေ တွေ့ရှိခဲ့ပါတယ်။ သေနတ်ဒဏ်ရာနဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေပါသလို တချို့က ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက်ခံထားရပြီး ဦးခေါင်းဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေလည်း ပါဝင်တယ်လို့ တွေ့ရှိခဲ့တဲ့ မုံရွာခရိုင် PDF တပ်ရင်း ၅ ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောထားပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတချို့လည်း ပါဝင်ပါတယ်။
(၇) မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် အမှတ် ၈ ရပ်ကွက်က ရုပ်အလောင်းများ
နိုဝင်ဘာ ၃ရက်နေ့ညမှာတော့ မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် အမှတ် ၈ ရပ်ကွက်က ဒေသခံ လေးယောက်ကို စစ်ကောင်စီတပ်က နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး နောက်နေ့မနက်မှာတော့ ဖမ်းဆီးခံရသူ လေးယောက်ရဲ့ ရုပ်အလောင်းတွေကို လမ်းမတွေပေါ်မှာ ပစ်ထားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
(၈) မကွေးတိုင်း မြိုင်မြို့နယ် PDF ငါးယောက် အသတ်ခံရမှု
နိုဝင်ဘာ ၁ ရက်နေ့မနက်က မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ချိန်မှာ PDF အဖွဲ့ဝင် ငါးယောက် အဖမ်းခံလိုက်ရပြီး သတ်ဖြတ်ခံလိုက်ရပါတယ်။ အသက် ၂ဝ အရွယ် လူငယ် PDF အဖွဲ့ဝင် ငါးယောက်ဟာ လက်ပြန်ကြိုးတုပ်လျက်နဲ့ လည်ပင်း ဓားလှီးခံရတဲ့ဒဏ်ရာတွေ၊ သေနတ်ဒဏ်ရာတွေနဲ့ ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးခဲ့တာလို့ ရုပ်အလောင်းတွေကို သဂြိုဟ်ပေးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောထားပါတယ်။
ဒါကတော့ နိုဝင်ဘာလအတွင်း လူအစုလိုက် သေဆုံးရတဲ့ ဖြစ်ရပ်ရှစ်ခုပါ။
အောက်တိုဘာလမှာတော့ လူလေးယောက်ထက်မနည်း တစ်နေရာတည်းမှာ သေဆုံးရတဲ့ ဖြစ်ရပ် ၆ခု ရှိပြီး လူပေါင်း ၁၀၉ ယောက် သေဆုံးခဲ့ပါတယ်။
၂ဝ၂၂ အောက်တိုဘာလ - ၁၀၉ ယောက် သေဆုံးမှု
(၁) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဖလံပင်ရွာ
အောက်တိုဘာလ ၂၅ ရက်နေ့က ပုလဲမြို့နယ် ဖလံပင်ရွာနားမှာရှိတဲ့ ပုလဲ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) ရုံးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ရုံး တိုက်ခိုက်ခံရပြီးနောက် စစ်ကြောင်းထွက်သွားချိန်မှာ ရွာထဲ အလောင်း ၁၁ လောင်းကို ရွာသားတွေ တွေ့ရှိခဲ့ပါတယ်။ မီးရှို့သတ်ခံထားရသူတွေထဲမှာ ကလေးတွေလည်း ပါဝင်တယ်လို့ သူတို့က ပြောပါတယ်။
(၂) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
စစ်ကောင်စီရဲ့ ရက်စက်မှုတွေထဲက ထင်ရှားတဲ့ လုပ်ရပ်တစ်ခုကတော့ တိုက်ပွဲဖြစ်ပွားတဲ့အချိန်မဟုတ်ဘဲ ဖားကန့်မြို့နယ် အနန့်ပါရွာထဲ ဗုံးကြဲတိုက်ခိုက်မှုပါ။ ကေအိုင်အိုနှစ်ပတ်လည်နေ့အခမ်းအနားကျင်းပဖို့ ပြင်ဆင်နေကြချိန်မှာ အောက်တိုဘာ ၂၃ ရက်နေ့ညက စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သားတွေ၊ ကေအိုင်အေ အရာရှိတွေအပါအဝင် လူ ၇၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီက လူအစုလိုက်အပြုံလိုက်သေစေဖို့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာလို့ ကေအိုင်က ပြောထားပါတယ်။

ဒါ့အပြင် ဒီတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ ကေအိုင်အို ရဲ့သတင်းနဲပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA နဲ့ သီးသန့်ဆက်သွယ်မေးမြန်းချက်မှာပြောပါတယ်။
“ဒီလိုမျိုး လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တယ်ဆိုတာကတော့ ကချင်တစ်မျိုးသားလုံးအနေနဲ့ စဉ်းစားရင် အင်မတန်မှ စိတ်မကောင်းစရာ ဝမ်းနည်းစရာဖြစ်တာပေါ့၊ ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင် စစ်ရာဇဝတ်မှု မြောက်တယ်လို့ ပြောလို့ရတာပေါ့။ ရန်သူအချင်းချင်း တိုက်ခိုက်တဲ့နေရာမဟုတ်ဘူး။ ပြည်သူလူထုနဲ့နေတဲ့နေရာကို ဗုံးကြဲတိုက်ခိုက်တယ်ဆိုတာကတော့ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကျွန်တော် ပြောလိုပါတယ်။”
လူ့အခွင့်အရေးကျွမ်းကျင်သူတွေကလည်း ဒါဟာ စစ်ကောင်စီ ထပ်မံကျူးလွန်လိုက်တဲ့ စစ်ရာဇဝတ်မှုပဲလို့ ဝေဖန်ရှုတ်ချထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးကလည်း ဒီတိုက်ခိုက်မှုဟာ အရပ်သားတွေအပေါ် အလွန်အကျွံအင်အားသုံး တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ဒီလုပ်ရပ်အတွက် ကျူးလွန်သူတွေအနေနဲ့ တာဝန်ခံရမယ်လို့ သတိပေးထားပါတယ်။ စစ်ကောင်စီကတော့ သေဆုံးသူတွေဟာ အရပ်သားတွေမဟုတ်ဘဲ ကေအိုင်အေနဲ့PDF အဖွဲ့ဝင်တွေသာဖြစ်တယ်လို့ ငြင်းပါတယ်။
(၃) စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ရွှေပေါက်ပင်ရွာ
အောက်တိုဘာ ၂၂ ရက်နေ့မှာတော့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ရွှေပေါက်ပင်ရွာထဲကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းတာကြောင့် ထွက်ပြေးတဲ့ အရပ်သားစက်လှေတစ်စီးပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အရပ်သား ငါးယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
(၄) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရွှေလှံရွာ
အောက်တိုဘာလ ၂၁ ရက်နေ့ မနက်ပိုင်းမှာ ယင်းမာပင်မြို့နယ် ရွှေလှံရွာက နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့ဖြစ်တဲ့ မုံရွာခရိုင်တပ်ရင်း ၁၃ (အောင်ဆန်းမျိုးဆက်)အဖွဲ့ဝင် PDF ကိုးဦးနဲ့ အရပ်သားတစ်ဦး၊ စုစုပေါင်း ၁၀ ဦးကို သတ်ဖြတ်မီးရှို့ခဲ့ပါတယ်။
(၅) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ လေကြောင်းတိုက်ခိုက်မှု
စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ပူးပေါင်းတပ်တွေ အောက်တိုဘာ ၂၁ ရက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်မှာ တိုက်ပွဲပြင်းထန်ခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် အဲဒီတစ်နေ့တည်းမှာတင် အရပ်သား လေးယောက် သေဆုံးခဲ့ပါတယ်။
(၆) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ နေပူကုန်းရွာ လေကြောင်းတိုက်ခိုက်မှု
နောက်ထပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၉ ယောက် သေဆုံးခဲ့ရတာကတော့ အောက်တိုဘာ ၈ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် နေပူကုန်းရွာမှာပါ။ အဲဒီတစ်နေ့တည်းမှာပဲ စစ်ရဟတ်ယာဉ်လေးစင်းနဲ့ နေပူကုန်းရွာမှာကို စစ်တပ်က ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
အောက်တိုဘာအတွင်း ဖြစ်ရပ် ခြောက်ခုပါ။
ဆက်ပြီးတော့ စက်တင်ဘာအတွင်း အခြေအနေတွေကို ကြားရမှာပါ။
၂ဝ၂၂ စက်တင်ဘာ - ၂၇ ယောက် သေဆုံးမှု
စက်တင်ဘာလအတွင်း လူအစုလိုက် သေဆုံးမှု သုံးနေရာမှာ ဖြစ်ခဲ့ပါတယ်။ အဲဒီသုံးခုစလုံးက စက်တင်ဘာ ၁၆ ရက် တစ်ရက်တည်းမှာ ဖြစ်ခဲ့တာပါ။ ပထမတစ်ခုက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ စာသင်ကျောင်း လေကြောင်းကနေ တိုက်ခိုက်ခံရမှုပါ။
(၁) စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်း တိုက်ခိုက်ခံရမှု
ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း တိုက်ခိုက်ခံရမှုဟာ စစ်ကောင်စီရဲ့ ရက်စက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေထဲက ထင်ရှားတဲ့ ဖြစ်ရပ်တစ်ခုပါ။
ရွာစာသင်ကျောင်းကို စစ်ရဟတ်ယာဉ်နှစ်စီးနဲ့ တစ်နာရီကျော်ကြာ ပစ်ခတ်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် ကလေးငယ် ခုနစ်ယောက် အပါအဝင် ၁၃ ယောက် သေဆုံးခဲ့ရပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ အသက်မသေဘဲ ကျန်ခဲ့သူတွေက အခုချိန်ထိ စိတ်ဒဏ်ရာတွေနဲ့ ကျန်နေခဲ့တယ်လို့ အသက်ရှင်ကျန်ရစ်တဲ့ ကျောင်းဆရာမက ပြောပါတယ်။

သေဆုံးသွားသူတွေထဲက အသက် ၇ နှစ်အရွယ် မောင်ဘုန်းတေဇရဲ့အခြေအနေကို မျက်မြင်ကျောင်းဆရာမတစ်ဦး ပြောတာက -
“ကလေးတွေကို ဆေးကုခွင့်ပေးဖို့ စစ်သားတွေဆီ ကျွန်မ တောင်းဆိုတော့ ရတယ်။ အဲဒီမှာ ကျွန်မမောင်ဘုန်းဆီကို အရင်ပြေးတယ်။ မောင်ဘုန်းလေးရဲ့လက်က လုံးဝစုတ်ပြတ်သတ်နေပြီ၊ ယောကျာ်းလေးအင်္ဂါလည်း မရှိတော့ဘူး။ ပေါင်ကြီးကလည်း တစ်ခြမ်းက စုတ်ပြတ်လို့ ခြေထောက်ကလည်း အပေါက် အပေါက်တွေနဲ့ မျက်နှာကလည်း မဲလို့။ အဲ့အချိန်မှာ သူ အရမ်းငြီးတယ်။ မေမေရေ သားသား နာလှပါပြီ သားကို သတ်လိုက်တော့ပါလို့ မောင်ဘုန်းခဏခဏ ပြောတယ်။ ”
အဲဒီစာသင်ကျောင်းမှာ PDF တွေနဲ့ KIA တပ်ဖွဲ့ဝင်တွေ ရှိတယ်ဆိုတဲ့ သတင်းရထားတာကြောင့် တိုက်ခိုက်တာလို့ စစ်ကောင်စီဘက်က ပြောထားပါတယ်။ ဒေသခံမျက်မြင်သက်သေတွေကတော့ စစ်ကောင်စီရဲ့ ပြောဆိုချက်ဟာ မမှန်ကန်ဘူးလို့ ငြင်းဆိုထားပါတယ်။
စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကို တိုက်ခိုက်တာဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်တာဖြစ်သလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချထားတဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ ကြီးလေးတဲ့ ချိုးဖောက်မှုခြောက်ခုထဲက တစ်ခုဖြစ်တယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပြောထားပါတယ်။
(၂) စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အုတ်ဖိုအိုင်ရွာသား ၁ဝ ယောက်မီးရှို့သတ်ဖြတ်ခံရမှု
စက်တင်ဘာ ၁၆ ရက် အဲဒီတစ်နေ့တည်းမှာပဲ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ အုတ်ဖိုအိုင်ရွာထဲကို စစ်ကောင်စီတပ်သားတွေ ဝင်ပြီး အရပ်သား ဆယ်ယောက်ကို မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။
(၃) ရှမ်းပြည်နယ်၊ မိုးဗြဲမြို့က စစ်ဘေးဒုက္ခသည် လေးယောက် သေဆုံးမှု
နောက်တစ်ခုကတော့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ပေါ်က စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ မွေတော်ဘုရား ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကလေး နှစ်ယောက်အပါအဝင် စုစုပေါင်း လေးယောက် သေဆုံးခဲ့တာဖြစ်ပါတယ်။
စက်တင်ဘာလ ၁၆ ရက် တစ်နေ့တည်းမှာ လူအစုလိုက် သေဆုံးခဲ့ရတဲ့အကြောင်း ကြားခဲ့ရတာပါ။
စစ်ကောင်စီရဲ့ သတ်ဖြတ်မှုတွေထဲမှာ လေကြောင်းသုံးတိုက်ခိုက်မှုကြောင့် လူအစုလိုက် သေဆုံးရတဲ့ ဖြစ်ရပ်တွေကလည်း ထင်ရှားပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်က အာဏာသိမ်းပြီးနောက် မကြာခင်မှာပဲ စစ်ရာဇဝတ်မှု မြောက်စေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်လာတာဖြစ်ပါတယ်။
လာမယ့် ၂ဝ၂၃ ခုနှစ်မှာလည်း စစ်ကောင်စီက လေကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပိုလုပ်လာမှာ ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက သုံးသပ်ကြပါတယ်။
“ကျွန်တော်တို့ သုံးသပ်တာကတော့ လာမယ့် ၂ဝ၂၃ မှာ လေကြောင်းတိုက်ခိုက်မှုက ပိုပြီးပြင်းထန်လာမယ့် အလားအလာရှိတယ် ဘာကြောင့်လဲဆိုတော့ စကစ က လုပ်မယ့် ရွေးကောက်ပွဲက အင်မတန်နီးကပ်လာပြီဆိုတော့ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် သူတို့က စစ်တပ်ကို ထောက်ခံတဲ့ လူတွေ မဲပေးလို့ရအောင်ဆိုတာမျိုး လုပ်လိမ့်မယ်။ အဲ့လိုမျိုးလုပ်ရင် PDF တပ်ဖွဲ့ဝင်တွေရဲ့ စခန်းတွေကို စုံစမ်းမယ် ချေမှုန်းမယ်။ ၂ဝ၂၂ မှာလည်း လေကြောင်းတိုက်ခိုက်မှု များလာခဲ့သလို ၂ဝ၂၃ မှာလည်း လေကြောင်းတိုက်ခိုက်မှုက ပိုပြီးတော့ များသထက် များလာနိုင်ပါတယ်။ ”
စစ်ကောင်စီရဲ့ ဝေဟင်က တိုက်ခိုက်မှုတွေကို အပြင်းအထန်ခံနေရတဲ့ ဒေသတွေထဲက စစ်ကိုင်းတိုင်းရဲ့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့် ပြောသွားတာပါ။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က သူ့ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေမလုပ်ဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။
စစ်ကောင်စီရဲ့ ရက်စက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ကုလကိုယ်စားလှယ်အပြင် နိုင်ငံတကာက ဖိအားပေး တောင်းဆိုနေပေမယ့်လည်း မြန်မာစစ်ခေါင်းဆောင်တွေဟာ ရုရှား၊ တရုတ်နဲ့ ပါကစ္စတန်နိုင်ငံတွေရဲ့ အကူအညီနဲ့ သူ့ရဲ့ လေတပ်အင်အားကို ဖြည့်တင်းပြီး တော်လှန်ရေး အင်အားစုတွေကို ဖိနှိပ်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ ဆိုးရွားတဲ့ တိုက်ခိုက်မှုတွေ၊ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ပြည်သူတွေဟာ နေ့စဉ် စိုးရိမ်ထိတ်လန့်မှုတွေ၊ အကြောက်တရားတွေနဲ့ နေထိုင်နေရပါတယ်။ ဒီလိုလုပ်ရပ်တွေကို ရပ်တန့်ဖို့ ပြည်တွင်း ပြည်ပ လူ့အခွင့်အရေးအဖွဲ့အစည်းတွေအပြင် နိုင်ငံတကာ အသိုင်းအဝန်းကပါ စစ်ကောင်စီကို တိုက်တွန်းပြောဆိုပေမယ့် ရပ်တန့်မသွားခဲ့ပါဘူး။
ဩဂုတ်လကနေ မေလအထိ နောက်ထပ်လေးလအတွင်း စစ်ကောင်စီတပ်ရဲ့သတ်ဖြတ်ခံရမှုတွေကို ဒုတိယအပိုင်းအနေနဲ့ ဆက်လက်ကြည့်ရှုနားဆင်ရဖို့ ရှိပါတယ်။