အာဆီယံကိုယ်စားလှယ်သစ်နဲ့ တွေ့ဆုံဖို့ အပစ်ရပ်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေ ပြင်ဆင်နေ
၂၀၂၄ အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတာကြောင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တွေ၊ နိုင်ငံရေးပါတီတွေ ကိုယ်စားလှယ်အသစ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီက ဖိတ်ခေါ်ထားပါတယ်။
-
RFA Burmese
2024-01-09 -
-
-
၂၀၂၄ အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး ကိုယ်စားလှယ် Alounkeo Kittikhoun ဟာ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိတာကြောင့် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်တွေ၊ နိုင်ငံရေး ပါတီခေါင်းဆောင်တွေ ကိုယ်စားလှယ်အသစ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီက ဖိတ်ခေါ်ထားပါတယ်။
စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေ၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားနေတဲ့ နိုင်ငံရေးပါတီတွေထံ ပေးပို့တဲ့ စစ်ကောင်စီရဲ့ ဖိတ်ကြားစာမှာ အထူးကိုယ် စားလှယ်သစ် ဘယ်နေ့ရောက်မယ်ဆိုတာ အတိအကျ ဖော်ပြမထားပါဘူး။
ဒါပေမဲ့ အထူးကိုယ်စားလှယ်ဟာ ဇန်နဝါရီ ၁၀ ရက်နေ့မှာ အပစ်ရပ်အဖွဲ့တွေနဲ့ နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက်နေ့မှာ နိုင်ငံရေးပါတီတွေနဲ့ ရန်ကုန်မှာတွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ဖိတ်စာရရှိသူတွေက ပြောပါတယ်။
နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့ အဓိကထား ဆွေးနွေးမယ်လို့ အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆို့ဖို့ စီစဉ်ထားတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) အတွင်းရေးမှူးချုပ် ဗိုလ်မှူးကြီး စောကျော်ညွန့် က ပြောပါတယ်။
“လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ အစပျိုး ဆွေးနွေးကောင်း ဆွေးနွေးနိုင်တယ်။ အင်ဒိုနီးရှား အလှည့်ကျတဲ့အချိန်တုန်းက တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တဲ့၊ လုပ်ဆောင်နေဆဲလည်းဖြစ်တဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ ပေးရေးကိစ္စရပ်တွေလည်း ပါတယ်လို့တော့ ယူဆရတယ်။ သို့သော်လည်းပဲ ကျွန်တော် ပြောချင်တာကတော့ ကျွန်တော်တို့ နိုင်ငံမှာ သုံးနှစ်လောက် ကြုံတွေ့နေခဲ့ရတဲ့ အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ လမ်းစတစ်ခုကို ရလိုရငြား ပထမဆုံး ဒီကိုယ်စားလှယ်ရဲ့ ခရီးစဉ်ကနေ မျှော်လင့်ချင်တယ်”
လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဘယ်လို ကျော်လွှားမလဲဆိုတဲ့ အသေးစိတ် အချက်အလက်ကိုတော့ သူက ထုတ်မပြောပါဘူး။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ဆယ်ဖွဲ့ထဲက ခုနစ်ဖွဲ့ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ စစ်ကောင်စီက ဖိတ်ကြားထားတာပါ။ (NCA) ထိုးထားပေမယ့် အာဏာသိမ်း ပြီးနောက်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေပြန်ဖြစ်နေတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့ကိုတော့ မဖိတ်ခေါ်ထားပါဘူး။
''ကျွန်တော်တို့နိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့အတွက် အဆုံးအဖြတ်ပေးနိုင်တဲ့လမ်းစတစ်ခုကို ရလိုရငြား ဒီကိုယ်စားလှယ်ရဲ့ ခရီးစဉ်ကနေ မျှော်လင့်ချင်တယ်”
စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ကနေ မှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီ ၄၅ ပါတီ ကိုတော့ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ ရွေးကောက်ပွဲ ကော်မရှင်က ဇန်နဝါရီ ၁ ရက်နေ့မှာ အီးမေးလ်က တစ်ဆင့် ဖိတ်ကြားခဲ့တာပါ။ အဲဒီတွေ့ဆုံပွဲကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ ဇန်နဝါရီ ၁၂ ရက်နေ့ မနက်ပိုင်းမှာ ပြုလုပ်မှာပါ။
အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ အမြန်ဆုံး ဖြစ်ပေါ်လာရေးကို ကူညီပေးဖို့ တောင်းဆိုမယ်လို့ တွေ့ဆုံပွဲမှာပါဝင်မယ့် ဒီမိုကရက်တစ် ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဆွေက RFA ကို ပြောပါတယ်။
“နိုင်ငံရေးပါတီဆိုတာ သူ ဖြတ်ကျော်ရမှာ ရွေးကောက်ပွဲလေ။ ရွေးကောက်ပွဲကို ဖြတ်ကျော်ဖို့ဆိုတဲ့နေရာမှာ အခုလက်ရှိ ပြည်တွင်းမှာရှိတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ လိုတယ်။ အာဆီယံအနေနဲ့ အပြုသဘောနဲ့ ရွေးကောက်ပွဲ အောင်မြင်အောင် ပံ့ပိုး ပေးနိုင်ဖို့ ကျွန်တော်တို့ စဉ်းစားတယ်”
အာဆီယံအနေနဲ့ မြန်မာ့ပဋိပက္ခကို ပျော့ပျောင်းတဲ့နည်းနဲ့ ချဉ်းကပ်ပြီး စစ်ကောင်စီကို စည်းရုံးသိမ်းသွင်းတာက ပိုပြီးထိရောက်နိုင်တယ်လို့လည်း သူက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အာဆီယံအထူးကိုယ်စားလှယ်သစ်ရဲ့ မြန်မာ့အရေး ကြိုးပမ်းမှုကို ကြိုဆိုတယ်လို့ NUG သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်က ပြောပါတယ်။
ဒါပေမဲ့ အထူးကိုယ်စားလှယ်အသစ်ဟာ စစ်ကောင်စီဘက်က စီစဉ်ပေးသူတွေနဲ့ပဲ တွေ့ဆုံဆွေးနွေးတာမျိုး မဟုတ်ဘဲ NUG အပါအဝင် စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ အင်အားစုတွေနဲ့လည်း တွေ့ဆုံဖို့ လိုအပ်တယ်လို့ ဦးကျော်ဇော်က ထောက်ပြပါတယ်။
“ဒီအထူးကိုယ်စားလှယ်အနေနဲ့ စစ်ကောင်စီနဲ့ တွေ့ရုံမက စစ်ကောင်စီ စီစဉ်ပေးတဲ့သူ တွေ၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားအုပ်စုတွေနဲ့ တွေ့ရုံတင်မကဘဲ ပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုတဲ့ တရားဝင်အစိုးရ ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တွေ့ဆုံတာ၊ တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးစီးပွားကို အမြဲတမ်း တစိုက်မတ်မတ် လုပ်ကိုင်ကာကွယ်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ တော်လှန်ရေး အဖွဲ့အစည်းတွေ အစရှိသဖြင့် တွေ့ဆုံဖို့ အလွန်အရေးကြီးပါတယ်။ အဲဒီလိုတွေ့ဆုံမယ်လို့လည်း ကျွန်တော်တို့ ယုံကြည်မျှော်လင့်ပါတယ်”
RFA အနေနဲ့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ ရန်ကုန်ရှိ မြန်မာနိုင်ငံ ဆိုင်ရာ လာအိုသံရုံးကို အီးမေးလ်ပို့ မေးမြန်းထားပေမယ့် အကြောင်း မပြန်သေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ မွန်းလွဲပိုင်းက ဖုန်းခေါ်ခဲ့ ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုး ကတော့ အာဆီယံ အထူးကိုယ်စားလှယ်ဟာ ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းနိုင်သလို စစ်ကောင်စီ ဘက်ကလည်း အကန့်အသတ်နဲ့ ခွင့်ပြုကောင်း ခွင့်ပြုနိုင်တယ်လို့ ပြောပါတယ်။
“ထိတွေ့ဆက်ဆံပြီး ပြောဆိုဆွေးနွေးတဲ့အခါမှာ ဥပမာ သတင်းထုတ်ပြန်ချိန်မှာ ဘယ်လိုဟာမျိုးကိုတော့ ပြောမယ်၊ ဘယ်လိုဟာမျိုးတော့ မပြောပါဘူး ဆိုတာမျိုး ကြိုတင်သတ်မှတ်တဲ့ အခြေအနေတစ်ခုခုကို လက်ခံ ပါမယ်လို့ လာအိုကပြောရင် တွေ့ဆုံဖို့ ဖြစ်သွားနိုင်မယ်။ လာအိုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ ကြိုးစားတဲ့ကိစ္စကို အတွင်းစကားနဲ့ ဖောက်ကြည့်မယ်။ ရတယ်ဆိုရင် စစ်ကောင်စီ ဘက်က အခြေအနေတစ်ခုခုနဲ့ ကန့်သတ်ပြီး ခွင့်ပြုကောင်း ခွင့်ပြုနိုင်တယ်”
စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီလနောက်ပိုင်း မြန်မာ့အရေးကိုဖြေရှင်းဖို့ အာဆီယံက ၂၀၂၁ ဧပြီလ ကတည်းက ဘုံသဘောတူညီချက် ငါးရပ်ကို ချမှတ်ခဲ့ပါတယ်။ ဒါကို လက်တွေ့အကောင်အထည်ဖော်ဖို့ အလှည့်ကျဥက္ကဋ္ဌနိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှားတို့ သုံးနှစ်နီးပါး ဦးဆောင်ကြိုးပမ်းခဲ့ ပေမယ့် ဘယ်နိုင်ငံကမှ မြန်မာ့အရေးကို ထိထိရောက်ရောက် မဖြေ ရှင်းနိုင်ခဲ့သလို ဖမ်းဆီးထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ခွင့်မရခဲ့ပါဘူး။
တစ်ဖက်မှာလည်း ဒီဘုံသဘောတူညီချက်တွေ အကောင်အထည်မဖော်တဲ့အတွက် စစ်ကောင်စီကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေနဲ့ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွေမှာ အဆင့်မြင့်ကိုယ်စားလှယ် တက်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။
၂၀၂၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူတဲ့ လာအိုနိုင်ငံဟာ စစ်ကောင်စီနဲ့ နီးစပ်တဲ့ နိုင်ငံတစ်ခုဖြစ်လို တရုတ်နဲ့ သဘောထားတူညီတာကြောင့် ပျော့ပျောင်းတဲ့ နည်းလမ်းနဲ့သာ ချဉ်းကပ်လာနိုင် တယ်လို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
“လာအိုက အင်ဒိုနီးရှားနဲ့ မတူတာတော့ အမှန်ပဲ။ သူက တရုတ်နဲ့ လိုင်း (သဘောထား) တူတာ များတော့ တတ်နိုင်သမျှ စစ်ကောင်စီကို ဆွဲခေါ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တော့ ရှိပုံရတယ်။ အဲ့ဒါကြောင့် သူ့နိုင်ငံမှာ လုပ်မယ့် ကိစ္စတွေ၊ ဘာတွေမှာတော့ စစ်ကောင်စီ ကို ဖိတ်တာတွေ ဖြစ်ကောင်းဖြစ်လာနိုင်တယ်”
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အသစ် Alounkeo Kittikhoun ဟာ လာအိုနိုင်ငံ ဝန်ကြီးချုပ်ရုံးဝန်ကြီးနဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ ဖူးပါတယ်။ လာအိုနိုင်ငံရဲ့ ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်းသံအမတ်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းခဲ့တဲ့ သံတမန်ရေးရာ အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။ သူ့ကို အာဆီယံအထူး ကိုယ်စားလှယ်အဖြစ် လာအိုအစိုးရက ခန့်အပ်ခဲ့ပြီး ဇန်နဝါရီ ၁ ရက်နေ့ကတည်းက စတင်တာဝန်ထမ်းနေပြီလို့ ဇန်နဝါရီ ၇ ရက် Thai PBS သတင်းက ဖော်ပြခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက် ပထမဆုံးခန့်အပ်တဲ့ အာဆီယံအထူးကိုယ်စားလှယ်ဟာ ၂၀၂၁ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ ဒုနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံကို၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ လာရောက်ဖို့ ကြိုးစားခဲ့ပေမယ့် တောင်းဆိုချက်တချို့ကို စစ်ကောင်စီဘက်က မလိုက်လျောတဲ့အတွက် ခရီးစဉ် ဖျက်သိမ်းခဲ့ပါတယ်။
၂၀၂၂ ခုနှစ်အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံကတော့ နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ကိုအထူး ကိုယ်စားလှယ်အဖြစ် တာဝန်ပေးခဲ့ပြီး သက်တမ်းတစ်နှစ် အတွင်း မြန်မာနိုင်ငံကို နှစ်ကြိမ် လာရောက်ခဲ့ပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းခဲ့ပေမယ့် စစ်ကောင်စီက ပယ်ချခဲ့ပါတယ်။
၂၀၂၃ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားတော့ မြန်မာနိုင်ငံကို ကိုယ်စားလှယ် မစေလွှတ်ခဲ့ဘဲ Silence Diplomacy လို့ခေါ်တဲ့ စစ်ကောင်စီနဲ့ တိတ်တဆိတ်ညှိနှိုင်းတဲ့ နည်းလမ်းကိုသာ သုံးခဲ့ပါတယ်။ ဒါပေမဲ့ သက်တမ်းတစ်နှစ်အတွင်း မြန်မာ့အရေးကို ဖြေရှင်းဖို့ သက်ဆိုင်သူတွေနဲ့ ဆွေးနွေးမှုပေါင်း ၂၆၅ ကြိမ် ပြုလုပ်ခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ဇန်နဝါရီ ၈ ရက်နေ့က ထုတ်ပြောခဲ့ပါတယ်။