မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ငါးချက် စွန့်လွှတ်သင့်ပြီလား
အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘုံသဘောတူညီချက် ငါးချက်မှာ ပိတ်မိမနေဘဲနဲ့ ပိုပြီးထိရောက်တဲ့ ဆုံးဖြတ်ချက်မျိုးတွေကို ပြောင်းလဲလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ NUG ပြောရေးဆိုခွင့် ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
-
အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023-07-08 -
-
-
အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘုံသဘောတူညီချက် ငါးချက်မှာပဲ ပိတ်မိမနေဘဲနဲ့ ပိုပြီးထိရောက်တဲ့ ဆုံးဖြတ်ချက်မျိုးတွေကို ပြောင်းလဲလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့် ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
“အာဆီယံအနေနဲ့ မြန်မာ့အရေးကို ပြေလည်စေဖို့ တစ်စိုက်မတ်မတ် ကြိုးစားဆောင်ရွက်ပေးနေတာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ NUG အနေနဲ့ ကျေးဇူးလည်းတင်ပါတယ်၊ ဒါပေမဲ့ အခုချမှတ်ထားတဲ့ Five point consensus ပေ့ါနော်၊ ဒီဥစ္စာကတော့ အခုအချိန်အထိ အချိန်တွေလည်းကြာလာပြီ၊ သိသာထင်ရှားတဲ့ ရလဒ်တွေလည်း ဘာမှထွက်လာတာ မတွေ့ရသေးဘူးပေါ့၊ အဲတွက်ကြောင့်မို့လို့ အာဆီယံနိုင်ငံတွေအနေနဲ့တော့ ဒီဟာကို Five point consensus မှာတင် ပိတ်မိမနေဘဲ ပိုပြီးတော့ ထိရောက်တဲ့၊ ပိုပြီးတော့ action ပါတဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို ကျွန်တော်တို့ကတော့ အကြံပြုချင်ပါတယ်၊ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရတစ်ရပ်အဖြစ် မဖြစ်မနေ လက်ခံဆက်ဆံဖို့ ကျွန်တော်တို့အနေနဲ့ တောင်းဆိုလိုပါတယ်”
ဇူလိုင် ၆ ရက်နဲ့ ၇ ရက်နေ့က ကျင်းပတဲ့ အာဆီယံ-ဂျပန် တရားရေးဝန်ကြီးများ အထူးအစည်းအဝေး (AJSMJ) နဲ့ အာဆီယံ -G7 တရားရေးဝန်ကြီးများစည်းအဝေးတွေမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခွင့် မရခဲ့ပါဘူး။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ လာမယ့် သီတင်းပတ်မှာပြုလုပ်မယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုတက်ရောက်ဖို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကို မကြာခင် သွားရောက်မှာဖြစ်ပြီး မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီအပေါ် ပိုမိုပြင်းထန်တဲ့အရေးယူမှုတွေဆောင်ရွက်ဖို့ အမေရိကန်အစိုးရကမျှော်လင့်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ထိပ်တန်းအရာရှိတစ်ဦးက ပြောဆိုထားပါတယ်။
အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ငါးချက်ကို ကိုင်စွဲထားအုံးမှာဖြစ်တယ်လို့ မြန်မာ့အရေး လေ့လာသူတစ်ဦးဖြစ်သလို ဦးသိန်းစိန်လက်ထက် မြန်မာ့ငြိမ်းချမ်းရေးစင်တာအဖွဲ့ဝင်ဟောင်း ဦးညိုအုန်းမြင့်က ပြောပါတယ်။
“အာဆီယံဘက်ကတော့ မူ ၅ ချက်ကိုပဲ သူတို့ ဆက်ပြီးတော့တွန်းနေမယ်၊ ဒီဟာကိုပဲ နိုင်ငံရေးအတွက်အဖြေရှာမှုအတွက် သုံးမယ်လို့ ကျွန်တော်ထင်ပါတယ်ခင်ဗျ၊ အာဆီယံက မြန်မာလက်ရှိ နစကအစိုးရကို သူတို့ဖျောင်းဖျဖို့ ပိုပြီးတော့ အားသန်တယ်လို့ ကျွန်တော်မြင်ပါတယ်၊ ဒီ့အတွက်ကြောင့် ကျွန်တော်တို့ကမျှော်လင့်ထားတဲ့ အာဆီယံကနေပြီးတော့ ဖိအားတွေဖြစ်လာမယ်ဆိုတဲ့အချက်ကတော့ ကျွန်တော့်အနေနဲ့ နည်းနည်းသံသယရှိပါတယ်၊ ဒုတိယအချက်ကလည်း အမေရိကန်အပါအဝင် ဥရောပနိုင်ငံတွေအနေနဲ့ကလည်း အာဆီယံကိုပဲ မြန်မာပြဿနာကို တာဝန်ခံခိုင်းထားတယ်လို့ ကျွန်တော်အဲလိုပဲ သုံးသပ်ပါတယ်”
လာမယ့်နှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌဟာ လာအိုနိုင်ငံဖြစ်တာကြောင့် လာအိုဟာ တရုတ်အစိုးရရဲ့ ဩဇာလွှမ်းမိုးတဲ့ နိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံအရေးအတွက် လာအိုအစိုးရက အထူးကိုယ်စားလှယ်ခန့်အပ်တာမျိုးတွေ ဖြစ်လာနိုင်တယ်လို့လည်း သူကသုံးသပ်ပါတယ်။
အာဆီယံဘုံသဘောတူညီချက် ငါးချက်ကတော့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ ငြိမ်းချမ်းတဲ့အဖြေတစ်ခုရဖို့ သက်ဆိုင်သူတွေ ဆွေးနွေးကြဖို့၊ အာဆီယံဥက္ကဋ္ဌနဲ့ အထူးကိုယ်စားလှယ်က ဆွေးနွေးမှုတွေမှာ ကြားဝင်ဆောင်ရွက်ဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့နဲ့ အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့နဲ့ သက်ဆိုင်သူတွေတွေ့ဆုံဖို့ စတဲ့အချက်တွေဖြစ်ပါတယ်။
အာဆီယံအရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့သဘောထားသိနိုင်ဖို့ စစ်ကောင်စီ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။
ဒီဘုံသဘောတူညီချက်တွေအတိုင်း ဆွေးနွေးနိုင်ဖို့ဆိုရင် အာဆီယံရဲ့အခွင့်အာဏာကို အပြည့်အဝအသုံးချဖို့ လိုအပ်တယ်လို့ ဗကသကျောင်းသားဟောင်း ကိုမင်းသွေးသစ်က ပြောပါတယ်။
“အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကတော့ ဒါသူတို့ရဲ့ သူတို့ဆုပ်ကိုင်ထားတဲ့လမ်းကြောင်းလေ၊ သူတို့ သံခင်းတမန်ခင်းအရဆိုရင်တော့ ဒါသူတို့လမ်းကြောင်း အမှန်ပဲ၊ ကိုယ့်ဒေသတွင်း အသိုင်းအဝိုင်းထဲမှာ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ၊ ဖြစ်ပေါ်နေတဲ့ အခြေအနေက ဒေသခံဒါမှမဟုတ် အဲနိုင်ငံပြည်သူလူထုကို ဆိုးကျိုးသက်ရောက်စေတာက ဘေးပတ်ဝန်းကျင်နိုင်ငံတွေ ဆိုးကျိုးသက်ရောက်စေတာဆိုရင် သူတို့အနေနဲ့ လုပ်ရမယ့်လမ်းကြောင်းကတော့ ဒီတစ်လမ်းကြောင်းပဲ ရှိပါတယ်၊ အဲလိုမျိုးလုပ်နိုင်ဖို့အတွက်ကို အာဆီယံရဲ့အခွင့်အာဏာတချို့နဲ့ သူ့ရဲ့အရေးပါမှုကို ကိုယ်တွယ်ပြီးတော့ စားပွဲဝိုင်းကိုရောက်လာအောင်လို့ ဖိတ်ခေါ်ရမှာပါပဲ၊ အဲလိုမလုပ်နိုင်ဘူးဆိုလို့ရှိရင်တော့ စကားအပြောနဲ့ ထုတ်ပြန်ချက်သက်သက်လောက်ပဲ ဖြစ်မှာပါဗျ”
အာဆီယံက တွေ့ဆုံဆွေးနွေးရေးနဲ့ အကြမ်းမဖက်ဖို့ လုပ်ဆောင်နေပေမယ့် စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ် ဇူလိုင် ၇ ရက်နေ့အထိ ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၃၇၅၇ ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့တယ်လို့ AAPP ကထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် နော်ဝေနိုင်ငံအခြေစိုက် အော်စလို ငြိမ်းချမ်းရေးသုတေသနအင်စတီကျူ (PRIO) ရဲ့ ၂၀၂၃ခု နှစ် ဇွန်လက ထုတ်ပြန်တဲ့စာရင်းမှတော့ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာ အထိ စစ်တပ်အပါအဝင် စစ်အာဏာသိမ်းဆန့်ကျင်သူတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သားပြည်သူ ခြောက်ထောင်ကျော်သေဆုံးခဲ့ပြီး ၂၆၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudiက မြန်မာနိုင်ငံဆိုင်ရာဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် သူတို့ အရှိန်မြှင့်ကြိုးစားနေပါတယ်လို့ သောကြာနေ့က ပြောပါတယ်။
အဲဒီ သဘောတူညီချက် ငါးချက်ဟာ အကျိုးတစ်စုံတစ်ရာမျှ မရှိတဲ့အတွက် စွန့်ပစ်လိုက်ဖို့ မြန်မာပြည်ဆိုင်ရာအဖွဲ့အစည်းတွေက ပြောဆိုနေကြချိန်မှာ အခုလို အင်ဒိုနီးရှားရဲ့ ပြောဆိုချက်ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။