မောင်တောမှာ ARSA အဖွဲ့ လှုပ်ရှားမှုတွေ ရှိလာတာကြောင့် ဒေသခံတွေ စိုးရိမ်နေ
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်မှာ အာရကန် ရိုဟင်ဂျာ ကယ်တင် ရေးတပ်မတော် (ARSA) အဖွဲ့ ဝင်ရောက်လှုပ်ရှားလာတာကြောင့် တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်ပူပန်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2022-01-14
-
-
-
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေ ရပ်စဲနေပေမယ့် မောင်တောမြို့နယ် ဘက်မှာ အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့ ခုတလော ဝင်ရောက်လှုပ်ရှားလာတာ ကြောင့် စိုးရိမ် နေကြရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း မောင်တောမြို့နယ်မှာ စစ်တပ်နဲ့ ARSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ လတုန်းကလည်း ခုန်တိုင်ကျေးရွာသား ၂၀ ကျော် တောထဲ ဝါးသွားခုတ်သွားချိန်မှာ ARSA က သေနတ်နဲ့ ပစ်ခတ်လို့ ကျေးရွာသား တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
အဲဒီနောက် အခုနှစ်ဆန်းပိုင်း ဇန်နဝါရီလ အတွင်းမှာပဲ ARSA အဖွဲ့ ခေါင်းဆောင်တွေအပါအဝင် အင်အား ၅၀ ကျော်လောက်ရှိတဲ့ အဖွဲ့ဝင်တွေ လက်နက်အပြည့်အစုံနဲ့ စစ်ရေးလှုပ်ရှားတဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုဖိုင်တွေ အွန်လိုင်းပေါ် ထွက်ပေါ်လာတာကြောင့် ဒေသခံတွေ ပိုပြီးစိုးရိမ်နေကြတာပါ။
မောင်တောမြို့နယ် ဝေလာတောင်တန်းတဝိုက်မှာ စစ်ဝတ်စုံတွေနဲ့ ARSA အဖွဲ့ရဲ့ လောလောဆယ် လှုပ်ရှားမှုတွေကို တွေ့ မြင်ရတာကြောင့် အဲဒီဘက်မှာရှိတဲ့ တောတောင်တွေမှာ တောင်ယာ သွားမခုတ်ရဲ တော့ဘူးလို့ ခုန်တိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လှက RFA ကို ပြောပါတယ်။
"ARSA လှုပ်ရှားမှုကတော့ ဝတ်စုံတွေနဲ့ လက်ကိုင်ထားတဲ့ တော်လှန်ရေးအဖွဲ့ပုံစံမျိုးပေါ့။ ပြောက်ကျား အဝတ်နဲ့ပေါ့။ ပြီးတော့ တစ်ခါတလေ မြင်ရတဲ့အခါကျတော့ ငါးယောက်တစ်ဖွဲ့၊ သုံးယောက်တစ်ဖွဲ့နဲ့ လူထုအဝတ်နဲ့ တွေ့တယ်လို့ပြောတယ်။ စိုးရိမ်တာပေါ့။ စိုးရိမ်လို့ပဲ အဲဒီအနောက်ဘက်ခြမ်းကို နှစ်ယောက်၊ သုံးယောက် လူနည်းစုနဲ့ မသွားရဲတော့ဘူး။ သွားရင် လူဆယ်ယောက်၊ နှစ်ဆယ် အဲဒီလိုပဲ စုပြီးသွားတယ်။ နေ့တိုင်း တောင်ယာလည်း မခုတ်ရဲဘူး။ အဲဒီဘက်မှာ တောကလည်းကြီးနေပြီ။ အဲဒီဘက်ကို မသွားရဲဘူးဖြစ်နေတယ်"
ARSA အဖွဲ့လှုပ်ရှားနေတဲ့ ဝေလာတောင်တန်းဟာ မောင်တောမြို့နယ် မြောက်ဘက် မိုင် ၂၀ ကျော်အကွာမှာ တည်ရှိပါတယ်။ ခုန်တိုင်ကျေးရွာနဲ့ဆိုရင် နှစ်မိုင်လောက်သာဝေးတယ်လို့လည်း ဆိုပါတယ်။
ဒေသခံတွေဟာ စားဝတ်နေရေးအတွက် အဲဒီတောင်တန်းတွေကို အဓိက မှီခိုလုပ်ကိုင်နေကြတာဖြစ်ပြီး ခု မသွားရဲကြတော့တဲ့အတွက် အခက်အခဲ ဖြစ်နေကြတယ်လို့လည်း ဦးမောင်လှက ပြောပါတယ်။
မောင်တောမြို့နယ်က မွတ်စလင် ဒေသခံတစ်ဦးဖြစ်တဲ့ မိုဟာမတ်ရှရီ ကတော့ ARSA အဖွဲ့ လှုပ်ရှားနေသရွေ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ ပြန်ဝင်လာဖို့ မဖြစ်နိုင်သလို အခုလက်ရှိ ဒေသတွင်းမှာရှိနေတဲ့ မွတ်စလင် တွေ လည်း စိုးရိမ်စိတ်နဲ့ နေထိုင်နေရတယ်လို့ RFA ကို ပြောပါတယ်။
"ဒီ ARSA အဖွဲ့တွေ ဆက်ရှိနေသရွေ့ ကျွန်တော်တို့ ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်တွေ ပြန်ဝင်လာဖို့ လည်း မဖြစ်နိုင်ဘူး။ နောက်ပြီးတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ လက်ရှိ ကျန်နေခဲ့တဲ့လူတွေရဲ့ အေးချမ်းသာယာမှုလည်း မရှိနိုင်ဘူးလို့ ကျွန်တော် အဲဒီလိုပဲ ပြောချင်တယ်။ ပထမကလည်း ဒီလူတွေ ကြောင့် ကျွန်တော်တို့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးရတာဖြစ်တယ်။ ထပ်ပြီးတော့ ဒီလူတွေရဲ့ လှုပ်ရှားမှုတွေကို အွန်လိုင်း ဖေ့စ်ဘွတ်မှာ တွေ့နေရတဲ့ ပုံစံနဲ့ဆိုရင် လက်ရှိကျန်နေတဲ့သူတွေလည်း ထွက်ပြေးရဦးမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ နေထိုင်နေရပါတယ်"
အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ မောင်တောမြို့နယ်က နယ်ခြားစောင့် ရဲစခန်းနဲ့ တပ်စခန်း လေးခုကို တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၂၀၁၇ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာလည်း နယ်ခြားစောင့်စခန်း ၃၀ ကို အင်အားအလုံး အရင်းနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။
"ဒေသခံတွေအတွက်ကတော့ စိုးရိမ်ရတယ်။ သူတို့က အမြဲတမ်း ပြောက်ကျားလှုပ်ရှားမှုလိုလုပ်နေတော့ ဘယ်အချိန်ဝင်လာမလဲဆိုတာ မသိဘူး"
အဲဒီနောက်ပိုင်းကစလို့ နယ်မြေရှင်းလင်းရေးဆိုပြီး စစ်တပ်က ARSA အဖွဲ့ကို စစ်ဆင်ရေးတွေ လုပ်ဆောင် ခဲ့ပါတယ်။
ခု မောင်တောမြို့နယ်မှာ ARSA အဖွဲ့က လှုပ်ရှားနေပေမယ့် အရင်ကလို လှုပ်ရှားမှုကြီးတွေလုပ်နိုင်မယ့် အခြေအနေတွေမရှိတော့ဘူးလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"အရင်တုန်းကဆိုရင်တော့ မေယုတောင်တန်း တလျှောက်လုံးကို ARSA က စစ်ရေးလှုပ်ရှားမှုတွေ လုပ်တယ်။ သင်တန်းတွေ ပေးတယ်။ အဲဒါကြောင့် ၂၀၁၇ ခုနှစ် ပြဿနာက ပေါ်လာတာ။ အခုကတော့ ခုန်တိုင်ရွာဘက် နယ်စပ်ဘက်မှာ စစ်ရေးနည်းနည်းပါးပါးလောက်ပဲ တွေ့ရတယ်။ အဲဒီနေရာတွေ ကျတော့လည်း ဒီဘက်ကလည်း စစ်တပ်ရှိတယ်။ ဟိုဘက်မှာလည်း အေအေ စစ်တပ်ရှိတယ်ဆိုတော့ ဒီကြားထဲမှာ အရင်လိုမျိုး လှုပ်ရှားချင်သလို လှုပ်ရှားလို့ မရတော့ဘူး။ ဒါပေမဲ့ နယ်စပ်နဲ့ နီးစပ်တဲ့ သူတွေကတော့ တောတောင်တွေကိုသွားတာ သတိထားရမှာပေါ့"
အခုလို ARSA အဖွဲ့ လှုပ်ရှားလာတာကြောင့် ARSA ဟာ စစ်တပ်နဲ့ရော ရက္ခိုင့်တပ်တော် (AA) ပါ တိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့ အခြေအနေရှိတယ်လို့လည်း ဆိုပါတယ်။
မောင်တောမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမောင်ကျော်စံ ကလည်း ARSA အဖွဲ့ဟာ ဒေသခံတွေအတွက် စိုးရိမ်ရပေမယ့် အားကောင်းတဲ့ အဖွဲ့အစည်းအနေနဲ့ လှုပ်ရှားနေတာကိုတော့ မတွေ့ရဘူး လို့ RFA ကိုပြောပါတယ်။
"ဒေသတွင်းမှာ ARSA အဖွဲရဲ့ လှုပ်ရှားမှုတွေကို လေ့လာကြည့်ရရင်တော့ သူတို့က သိပ်အားကောင်းတဲ့ အဖွဲ့အစည်းအနေနဲ့ လှုပ်ရှားနေတာကို မတွေ့ရဘူး။ ဒေသခံတွေအတွက်ကတော့ စိုးရိမ်ရတယ်။ ဘာကြောင့်လဲဆိုရင် သူတို့က အမြဲတမ်း ပြောက်ကျားလှုပ်ရှားမှုလိုလုပ်နေတော့ ဘယ်အချိန်ဝင်လာမလဲ ဆိုတာ မသိဘူး။ သူတို့က လျှို့ဝှက်ဝင်လာမယ်၊ လျှို့ဝှက်ဒုက္ခပေးသွားမယ်။ ဒါပဲရှိတယ်။ ဒါပေမဲ့ ဒီဟာတွေ ကို ပြည်တွင်းမှာစနစ်တကျ ရှိနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအတွေ တွန်းလှန်လိုက်မယ်ဆိုရင် ခဏလေးနဲ့ပြတ်သွားမယ့် အလားအလာကို မြင်တွေ့ရတယ်"
အခုလို ရခိုင်ပြည်နယ် မြောက်ပိုင်းမောင်တောမြို့နယ်မှာ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) တွေ လှုပ်ရှားမှုတွေ ရှိလာတာနဲ့ပတ်သက်လို့ စစ်ကောင်စီအနေနဲ့ ဘယ်လိုကိုင်တွယ်ဆောင်ရွက် နေသလဲ ဆိုတာကို သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။
ရခိုင်ပြည်နယ် မောင်တောဒေသ မေယုတောင်ကြော တလျှောက်မှာ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) အပြင် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)၊ ရိုဟင်ဂျာ တပ်မတော် (ARA) တို့လို အဖွဲ့တွေဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်မျဉ်းကို ခြေကုပ်ယူပြီး စိမ့်ဝင်လှုပ်ရှားနေတယ်လို့လည်း သိရပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၆၊ ၂၀၁၇ ခုနှစ်တွေကလည်း ARSA တွေပေါ်ပေါက်ခဲ့ပြီး အဲဒီအဖွဲ့ အကြောင်းပြု လို့ စစ်တပ်က နယ်မြေရှင်းလင်းခဲ့တာကြောင့် မွတ်စလင် ခုနှစ်သိန်းနီးပါး တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။