PDF သုံးဦးကို စစ်ကောင်စီလက်အပ်လိုက်မှု ထိုင်းအတိုက်အခံပါတီ ရှုတ်ချ

Lion Battalion အဖွဲ့၀င် ဒုစစ်ကြောင်းမှူး ကိုသီဟ၊ ပြန်ကြားရေးတာ၀န်ခံ ကိုထက်နေ၀င်းနှင့် ကိုစောဖြိုးလေးတို့အား တွေ့ရစဉ်။
Lion Battalion အဖွဲ့၀င် ဒုစစ်ကြောင်းမှူး ကိုသီဟ၊ ပြန်ကြားရေးတာ၀န်ခံ ကိုထက်နေ၀င်းနှင့် ကိုစောဖြိုးလေးတို့အား တွေ့ရစဉ်။ (Ciitzen Journalist)

ဧပြီလ ၁ရက်နေ့က မဲဆောက်မြို့ကို ဆေးကုသဖို့ လာရောက်သူ PDF သုံးဦး ထိုင်းလူ၀င်မှုကြီးကြပ်ရေးဂိတ်မှာ အဖမ်းခံရပြီးတဲ့နောက် ဧပြီလ ၄ ရက်နေ့မနက်ပိုင်းက နယ်ခြားစောင့်တပ် BGF တွေရှိနေတဲ့ လှေဆိပ်မှာ လွှတ်ပေးတာကြောင့် BGF တွေ က ဖမ်းဆီးလိုက်ပြီး စစ်ကောင်စီလက်ကို အပ်လိုက်ပါတယ်။

ဒါဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ Commoners ပါတီက စွပ်စွဲလိုက်ပြီးထိုင်းနိုင်ငံရဲ့ စစ်ကောင်စီနဲ့ လက်တွဲနေတဲ့အခြေအနေကို ၀ေဖန်လိုက်ပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေကလည်း လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ လုပ်ဆောင်ချက်ကို အစိုးရက စစ်ဆေးဖို့ လိုပြီလို့ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့ မနက်က ထိုင်း လူ၀င်မှုကြီးကြပ်ရေးဌာနက မြန်မာ PDF ရဲဘော် သုံးဦးကို နယ်ခြားစောင့်တပ် BGF လက်ကို ထိုးအပ်လိုက်ပြီးနောက် Lion Battalion အဖွဲ့က ဒုစစ်ကြောင်းမှူး ကိုသီဟ၊ ပြန်ကြားရေးတာ၀န်ခံ ကိုထက်နေ၀င်းနဲ့ စောဖြိုးလေး တို့ သုံးဦး အသတ်ခံရတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံက အတိုက်အခံပါတီတစ်ခုဖြစ်တဲ့ သာမန်အရပ်သားများ ပါတီ (Commoners' Party) က ထိုင်းလူ၀င်မှုကြီးကြပ်ရေးဌာနဟာ ညှဉ်းပန်းနှိပ်စက်မှု တိုက်ဖျက်ရေးဥပဒေကို ချိုးဖောက်ခဲ့တဲ့အကြောင်း လူသိရှင်ကြားရှင်းလင်းရမယ်လို့ ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ ထိုင်းအစိုးရဟာ စစ်ကောင်စီနဲ့ အလိုတူအလိုပါ ပေါင်းလုပ်နေပြီး မြန်မာပြည်သူတွေအတွက် ညီညွတ်ကြဖို့ ပါတီက ပြောရေးဆိုခွင့်ရှိသူ Kornkanok Khamta က ပြောပါတယ်။

"ထိုင်းအစိုးရရဲ့ မြန်မာတက်ကြွလှုပ်ရှားသူတွေနဲ့ ဒုက္ခသည် လာလျှောက်ထားသူတွေ အပေါ်ထားတဲ့ မူဝါဒကို လက်မခံပါဘူး။ သူတို့ကို မလုံခြုံတဲ့ နေရာကို ပြန်ပို့နေပါတယ်။ ကျမတို့အားလုံးက မြန်မာပြည်သူတွေနဲ့ တစ်ထပ်တည်းရှိတယ်ဆိုတာကို ပြသရမှာပါ"

Commoners ပါတီက သူ့ထုတ်ပြန်ချက်မှာ အချက် နှစ်ချက်ကို အဓိကထား ဖော်ပြ ထားပါတယ်။ ထိုင်း လူဝင်မှုကြီးကြပ်ရေးရဲ့ အခုဆောင်ရွက်ချက်ဟာ လူမဆန်တဲ့လုပ်ရပ် ဖြစ်ပြီး လူ့သိက္ခာကို ထိပါးစေတဲ့ ပြုမူချက်ဖြစ်ကြောင်းနဲ့ ထိုင်းအစိုးရဟာ စစ်ရာဇ၀တ်မှု ကျူးလွန်တဲ့ စစ်ကောင်စီကိုကူညီရင်း ကိုယ်တိုင်ပါ၀င်ကျူးလွန်သူဖြစ်သွားတာကို ရှုတ်ချထားပါတယ်။

"ထိုင်းအစိုးရရဲ့ မြန်မာတက်ကြွလှုပ်ရှားသူတွေနဲ့ ဒုက္ခသည် လာလျှောက်ထားသူတွေအပေါ်ထားတဲ့ မူဝါဒကို လက်မခံပါဘူး။ သူတို့ကို မလုံခြုံတဲ့နေရာကို ပြန်ပို့နေပါတယ်"

ထိုင်းအိမ်စောင့်အစိုးရအနေနဲ့ ရှင်းပြရမှာက လူဝင်မှုကြီးကြပ်ရေးဌာနဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ ပြည်တွင်းဥပဒေတွေကို ဘယ်လိုချိုးဖောက်ခဲ့လဲ၊ ဆေးကုဖို့လာသူတွေကို စစ်ကောင်စီလက်ကို ဘာကြောင့်၀ကွက်အပ်ခဲ့သလဲဆိုတာ ဖြစ်ပါတယ်လို့ ထုတ်ပြန်ချက်မှာ မေးခွန်းထုတ်ထားပါတယ်။

ဧပြီလ ၈ ရက်နေ့ နေ့စွဲနဲ့ ထုတ်ခဲ့တဲ့ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အစိုးရဆီက ဘာအကြောင်းပြန်ကြားချက်ရပါလဲလို့မေးတဲ့အခါမှာ

"ဘာမှအကြောင်းမပြန်ပါဘူး။ တခြားသော အသင်းအဖွဲ့တွေထုတ်ပြန်တဲ့ ကြေညာချက်တွေကိုလည်း ဒီလိုပဲ တုံဏှိဘာဝေနေခဲ့တာပါပဲ" လို့ဖြေဆိုပါတယ်။

Lion Battalion Commando ဗျူဟာစစ်ကြောင်းတပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ (Photo: Lion Battalion Commando Special Forces ဗျူဟာစစ်ကြောင်း)
Lion Battalion Commando ဗျူဟာစစ်ကြောင်းတပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ (Photo: Lion Battalion Commando Special Forces ဗျူဟာစစ်ကြောင်း)

RFA က ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Kanchana Patarachoke ကို ဆက်သွယ်တဲ့အခါမှာလည်း ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Fortify Rights အဖွဲ့ကို ဆက်သွယ်မေးမြန်းတဲ့ အခါမှာတော့ အဖွဲ့ဥပဒေပညာရှင်တစ်ဦးဖြစ်တဲ့ Patrick Phongsathorn က ဒီကိစ္စကို ထိုင်းအစိုးရအနေနဲ့ အမြန်ဆုံးစုံစမ်းဖော်ထုတ်ဖို့နဲ့ အပြစ်ရှိသူအရာရှိကို ထိုင်းနိုင်ငံက ပြဋ္ဌာန်းထားတဲ့ ညှဉ်းပန်း နှိပ်စက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူဖို့ တိုက်တွန်း လိုက်ပါတယ်။