ခြောက်လအတွင်း နိုင်ငံတစ်ဝန်း မွတ်စလင် ၆၀၀ ကျော် ဖမ်းဆီးခံရ

RFA က ကောက်ယူထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ခြောက်လအတွင်း ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းမှာ မွတ်စလင် ၆၀၀ ကျော် ဖမ်းဆီးခံလိုက်ရပါတယ်။ သူတို့တွေဟာ ဒုက္ခသည်စခန်းနဲ့ ကျေးရွာတွေမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေတာကြောင့် မလေးရှားနိုင်ငံကို တရားမဝင်လမ်း ကြောင်းတွေကနေသွားစဉ် အခုလို ဖမ်းဆီးခံကြရတာပါ။

၂၀၂၂ ခုနှစ်၊ မေလ ၂၁ ရက်နေ့က ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ရွှေသောင်ယံကမ်းခြေအနီး လှေမှောက်ပြီး အသက်ရှင်ကျန်ခဲ့သူများကို တွေ့ရစဉ် Photo: HANDOUT / ANONYMOUS / AFP

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကစလို့ ယခုနှစ် ဇွန်လဆန်းအထိ မွတ်စလင် ၆၀၀ ကျော်အထိ ဖမ်းဆီးခံထားရပါတယ်။

ရခိုင်ပြည်နယ်စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေနဲ့ ပြည်တွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်တွေကို အခြေခံပြီး RFA က ကောက်ယူထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ မွတ်စလင် ၂၇၀ ဦး၊ ဇန်နဝါရီလမှာ ၂၄ ဦး၊ ဖေဖော်ဝါရီလမှာ ၁၃၅ ဦး၊ မတ်လမှာ ၁၄ ဦး၊ ဧပြီလမှာ ၃၅ ဦး၊ မေလမှာ ၁၂၄ ဦး စုစုပေါင်း ၆၀၂ ဦး ဖမ်းဆီးခံခဲ့ ရတာပါ။

မွတ်စလင်တွေဟာ မလေးရှားနိုင်ငံကို ရေလမ်း၊ ကုန်းလမ်းတွေကနေ တရားမဝင် သွားရောက်ဖို့ ကြိုးစားရင်း ရခိုင်ပင်လယ်ပြင်၊ အမ်းမြို့နယ်စစ်ဆေးရေးဂိတ်၊ ရန်ကုန်၊ ဧရာဝတီတိုင်း စတဲ့နေရာတွေမှာ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

သမီးဖြစ်သူကို မလေးရှားနိုင်ငံကို ပို့ဖို့ ပိုင်ဆိုင်သမျှ ရောင်းချပြီးကြိုးစားခဲ့ပေမယ့် လမ်းမှာ ဖမ်းဆီးခံလိုက်ရတာကြောင့် ဘဝပျက်လုမတတ် ဖြစ်နေတယ်လို့ မောင်တောမြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မွတ်စလင်တစ်ဦးက ပြောပါတယ်။

"ကျနော်တို့မိသားစုက ငွေကြေးမတတ်နိုင်လို့ မလေးရှားနိုင်ငံကိုရောက်နေတဲ့ ယောက်ျားလေးနဲ့ အိမ်ထောင်ချပေးမယ်ဆိုပြီး သဘောတူထားတာ။ ကျနော့်သမီးကို ယူမလား။ ယူမယ်။ မင်း လမ်းစရိတ် တစ်ဝက်ခံမလား။ ခံမယ်။ အဲဒါဆို ပို့လိုက်မယ်။ ကျနော့်မှာ သိန်းငါးဆယ်မရှိဘူး။ လယ်ကိုရောင်းတယ်။ အိမ်ကိုရောင်းတယ်။ ရှိတာတွေကို ရောင်းပြီး လွှတ်ပေးလိုက်တာ။ အခုတော့ ပစ္စည်းကုန်သွားပြီး အဖမ်းလည်းခံရတယ်။ ဆုံးသွားပြီလေ။ ဘဝပျက်တဲ့ လမ်းကိုရောက်သွားပြီ"

သူ့သမီးဖြစ်သူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က စစ်တွေမြို့နဲ့အနီး မေယုကျွန်းရဲ့ အနောက်မြောက် ၁၇ မိုင်အကွာ ပင်လယ်ပြင်မှာ လူပေါင်း ၂၂၈ ဦးနဲ့အတူ စက်လှေတစ်စင်း ပေါ်မှာ အစုလိုက်၊ အပြုံလိုက် ဖမ်းဆီးခံလိုက်ရတာပါ။

အဲဒီအထဲက ၁၀၉ ဦးကို ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ မောင်တောခရိုင်တရားရုံးကနေ ၁၉၄၇ လူဝင်မှုကြီးကြပ်ရေး လတ်တလောပြဋ္ဌာန်းချက်များ အက်ဥပဒေပုဒ်မ-၁၃(၁) အရ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ်ငါးနှစ်ကို ချမှတ်ခဲ့ပါတယ်။ ကျန်တဲ့ အသက် မပြည့်သေးတဲ့ ကလေးတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။

မွတ်စလင်တွေဟာ ဒုက္ခသည်စခန်းတွေနဲ့ ကျေးရွာတွေမှာ စားဝတ်နေရေး အခက်အခဲ ဖြစ်နေတာကြောင့် အခုလို ရှိတာတွေကို ပေါင်နှံရောင်းချပြီး မလေးရှားနိုင်ငံကို သွားလာနေကြတာပါ။

လူတစ်ယောက်ကို မောင်တောမြို့နယ်ကနေ မလေးရှားကိုသွားရင် သိန်း ၉၀ ကုန်ကျပြီး စစ်တွေမြို့နယ်ကနေ သွားရင်တော့ သိန်း ၇၀ ကုန်ကျတယ်လို့လည်း သူတို့က ပြောပါတယ်။

အဲဒီငွေတွေကိုတော့ တစ်ကြိမ်တည်းပေးရတာမဟုတ်ဘဲ မောင်တောကနေ စစ်တွေကို ရောက်ရင် ငွေကျပ်သိန်း ၂၀၊ စစ်တွေကနေ ရန်ကုန်ရောက်ရင် သိန်း ၃၀၊ ရန်ကုန်ကနေ မြဝတီရောက်ရင် ၁၀ သိန်း၊ မြဝတီကနေ ထိုင်းကို ရောက်ရင် ၁၀ သိန်း၊ ထိုင်းကနေ မလေးရှားနယ်စပ်ကိုရောက်ရင် သိန်း ၂၀ အဲဒီလို တစ်ဆင့်ချင်းပေးချေရတာ ဖြစ်ပါတယ်။ လမ်းမှာ ဖမ်းဆီးခံရရင်တော့ ပေးထားတဲ့ ပိုက်ဆံတွေ ပြန်မရတော့ဘူးလို့လည်း ပြောပါတယ်။

မွတ်စလင်တွေအတွက် ရခိုင်ပြည်နယ်မှာ အလုပ်အကိုင်ရှားပါးသလို လွတ်လွတ်လပ်လပ် သွားလာခွင့်လည်း မရတာကြောင့် အခုလို စွန့်စားပြီး သွားလာနေကြတာလို့ ကျောက်ဖြူ မြို့နယ်က အမည်မဖော်လိုတဲ့ မွတ်စလင် တစ်ဦးက ပြောပါတယ်။

“ကျနော်တို့စားဝတ်နေရေးခက်ခဲတဲ့အပေါ်မှာ လူကုန်ကူးရတာ လွယ်သွားတာပေါ့။ အခု ရခိုင်မှာဖြစ်နေတဲ့ ပြဿနာက ဘာလဲဆိုတော့ လွတ်လွတ်လပ်လပ် သွားလာခွင့်မရှိဘူး။ ရှာဖွေစားသောက်တဲ့အခါမှာလည်း စီးပွားရေးအရ အလုပ်အကိုင်အခွင့်အလမ်းက နည်းတယ်။ ဒုက္ခသည်စခန်းထဲမှာပဲ နေရတယ်ဆိုတော့ အပြင်ကိုလည်း ထွက်လို့မရဘူး။ အဲဒါတွေကြောင့်ပဲ အသက်စွန့်ပြီးသွားကြတယ်။ သေရင်မြေကြီး၊ ရှင်ရင် ရွှေထီးဆိုပြီး ထွက်သွားကြတာ”

အဲဒီလို စွန့်စားသွားလာရင်း လမ်းမှာ ဖမ်းဆီးခံရတာအပြင် သတင်းအစအနမရဘဲ ပျောက်ဆုံးနေတာတွေနဲ့ အသက်သေဆုံးတာတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကလည်း ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်းဘက်ထွက်လာရင်း မိုးသက်လေပြင်း ကျရောက်တဲ့အတွက် ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ရွှေသောင်ယံကမ်းခြေ အနီး လှေမှောက်ပြီး မွတ်စလင် အများအပြား ရေနစ်သေဆုံးခဲ့ပါတယ်။ လှေထဲမှာ မွတ်စလင် ၉၀ လောက် လိုက်ပါလာတာ ဖြစ်ပါတယ်။ အဲဒီအထဲက မွတ်စလင်အလောင်း ၁၇ လောင်းနဲ့ ပွဲစားအပါအဝင် အသက်ရှင်ကျန်နေတဲ့ လူ ၂၀ ကျော်ကို မေလ ၂၂ ရက်နေ့က အဲဒီရွှေသောင်ယံကမ်းခြေမှာ တွေ့ခဲ့တာပါ။ မေလ ၂၄၊ ၂၅ ရက်တွေမှာလည်း ရခိုင် ပြည်နယ် ဂွမြို့နယ်ကမ်းခြေမှာ မွတ်စလင်အလောင်း ရှစ်လောင်း တွေ့ရှိခဲ့ပါတယ်။ ပျောက်ဆုံးနေတဲ့ မွတ်စလင် ၄၀ ဝန်းကျင် ဘယ်ရောက်နေလဲဆိုတာကိုတော့ RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်ကျွန်းမှာ ဖမ်းဆီးခဲ့တဲ့ ရိုဟင်ဂျာများကို တွေ့ရစဉ် (Photo: HANDOUT / ROYAL THAI NAVY / AFP)

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က မွတ်စလင် ၅၉ ဦးကိုလည်း ယခု ဇွန်လ ၄ ရက်နေ့က ထိုင်းနိုင်ငံ တောင်ပိုင်း စာ့ထွန်းခရိုင်ထဲက ခိုတောင်ကျွန်းပေါ်မှာ ထိုင်း အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီ မွတ်စလင်တွေဟာ မလေးရှားနိုင်ငံကို ရောက်ပြီ ဆိုပြီး စက်လှေပေါ်ကနေ ချထားခံရပြီးနောက် ထိုင်းအာဏာပိုင်တွေက တွေ့ရှိခဲ့တာပါ။ သူတို့ကို ဒုက္ခသည်အဖြစ် ကူညီဆောင်ရွက်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ (HRW) က ထိုင်းနိုင်ငံအစိုးရကို ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့မှာ တောင်းဆိုခဲ့ပါတယ်။

အခုလို တခြားနိုင်ငံကို ထွက်ဖို့ကြိုးစားရာကနေ လူကုန်ကူးခံရသူတွေလည်း ရှိနေတယ်လို့ လူကုန်ကူးမှု တားဆီးရေး ဆောင်ရွက်နေတဲ့ စစ်တွေမြို့နယ် သက္ကယ်ပြင်ကျေးရွာက မွတ်စလင်တစ်ဦးဖြစ်တဲ့ ဦးတင်လှိုင်က RFA ကို ပြောပါတယ်။

“တချို့ကလေးတွေဆိုရင် ဘယ်လောက်ထိ သနားဖို့ကောင်းလဲဆိုရင် လူကုန်ကူးတဲ့ ပွဲစားတွေက ကလေးတွေကို ရိုက်နှက်ပြီး ဗီဒီယိုတစ်ခုလုပ်တယ်။ ပြီးတော့ အဲဒါကို သူတို့အမေ၊ အဖေတွေဆီကို ပို့တယ်။ ခင်ဗျားသားကို အသက်ရှင်ချင်ရင် ပေးဖို့ကျန်တဲ့ ငွေ သိန်း ၃၀၊ ၅၀၊ ၂၀၊ ၁၀ စတဲ့ ပိုက်ဆံတွေကိုပို့ပေး၊ အဲဒီလိုမျိုး ခွင်ရိုက်တာတွေရှိတယ်။ မိဘတွေကလည်း ဒုက္ခသည်တွေ စခန်းမှာ နေကြတယ်။ ပေးစရာငွေမရှိဘူး။ မရှိတော့ ဘာလုပ်လဲ ဆိုရင် သူတို့ အဆောင်ကို ရောင်းလိုက်တယ်၊ ရိက္ခာထုတ်တဲ့ စာအုပ်ကို ရောင်းလိုက်တယ်။ နောက်ဆုံး သူတို့မှာ နေဖို့နေရာလည်း မရှိတော့ဘူး။ စားမယ့်ဟာ လည်း မရှိတော့ဘူး။ ဘာလို့လဲဆိုရင် သူတို့သားသမီးတွေမသေဖို့အတွက်လေ။ အဲဒီလို အခြေအနေတွေ ကျနော်တို့ မြင်တွေ့ရတယ်”

ဒီအခြေအနေတွေကြားထဲကပဲ မွတ်စလင်လူငယ်တွေ အရဲစွန့်ပြီး ပြည်ပကို ထွက်ခွာနေကြ တာပါ။

ရခိုင်ပြည်နယ်ထဲက မွတ်စလင်တွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံ မဖြေကြား ပါဘူး။

ဒီအပြင် RFA က စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဒီအကြောင်းမေးမြန်းဖို့ ဇွန် ၈ ရက်ကနေ ၁၀ ရက်နေ့အထိ ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေဆိုတာ မရှိသေးပါဘူး။

"မြန်မာတစ်နိုင်ငံလုံးမှာ တခြားလူတွေအားလုံးက ကုန်းလမ်း၊ ရေလမ်း စတာတွေနဲ့ သွားလာခွင့်ရှိကြပေမယ့် ရိုဟင်ဂျာတွေကျတော့ သာမန် ကုန်းလမ်း၊ ရေလမ်းကိုတောင် သုံးစွဲခွင့်မရှိတော့ဘူး"

ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ ပူးတွဲထူထောင်သူ ကိုနေဆန်းလွင်ကတော့ ဒီဖြစ်စဉ်တွေဟာ ဒေသတွင်းမှာ ရိုဟင်ဂျာတွေ အခြေခံရပိုင်ခွင့် ချိုးဖောက်ခံရတဲ့ နောက်ဆက်တွဲအကျိုးဆက်ပဲလို့ ထောက်ပြပါတယ်။

“ကိုယ့်အရပ်ဒေသမှာ လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်လို့ရရင်၊ တည်ငြိမ် အေးချမ်းနေရင် ဘယ်သူမှ ပြောင်းရွှေ့နေကြမှာမဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံးမှာ တခြားလူတွေအားလုံးက ကုန်းလမ်း၊ ရေလမ်း စတာတွေနဲ့ သွားလာခွင့်ရှိကြပေမယ့် ရိုဟင်ဂျာတွေကျတော့ သာမန် ကုန်းလမ်း၊ ရေလမ်းကိုတောင် သုံးစွဲခွင့် မရှိတော့ဘူး။ ရိုဟင်ဂျာတွေရဲ့ ဇာတိဖြစ်တဲ့ ရခိုင်မှာ လုပ်ကိုင်စားသောက်ခွင့်၊ သွားလာလှုပ်ရှားခွင့် စတဲ့ အခြေခံရပိုင်ခွင့်တွေ တားဆီးခံနေရတာကိုက လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်ခံနေရတာ”

ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူ စတဲ့ မြို့နယ်တွေမှာ လူမျိုးရေးပဋိပက္ခတွေကြောင့် မွတ်စလင်အများအပြား ဒုက္ခသည်စခန်းတွေကို ထွက်ပြေးခိုလှုံနေရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကလည်း ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ စစ်တပ်ရဲ့ နယ်မြေ ရှင်းလင်းရေးကြောင့် မွတ်စလင် ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရ ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org