စစ်မှုထမ်းဥပဒေထုတ်ပြီး သုံးလကျော်အတွင်း ထိုင်းမှာ မြန်မာ ၃၆၀၀ နီးပါးဖမ်းဆီးခံရ

RFA Burmese
2024.05.27
စစ်မှုထမ်းဥပဒေထုတ်ပြီး သုံးလကျော်အတွင်း ထိုင်းမှာ မြန်မာ ၃၆၀၀ နီးပါးဖမ်းဆီးခံရ ထိုင်းနိုင်ငံတောင်ပိုင်း ပတ္တာနီပြည်နယ်တွင် ဖမ်းဆီးခံရသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအား ၂၀၂၄ ခုနှစ်၊ မေလ ၂၂ ရက်နေ့က တွေ့ရစဉ်။
khaosod

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြီး သုံးလကျော်အတွင်း ထိုင်းနိုင်ငံကိုရောက်လာတဲ့ မြန်မာနိုင်ငံသားတွေထဲက အထောက်အထားမရှိတဲ့သူ ၃၆၀၀ နီးပါး ဖမ်းဆီးခံနေရတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။

အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်ထက်မှာ ရေးဆွဲခဲ့တဲ့ ဒီဥပဒေကို လက်ရှိ စစ်ကောင်စီခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အတည်ပြုအသက်သွင်းလိုက်တာပါ။ ဒါကြောင့် အဲဒီဥပဒေနဲ့ အကျုံးဝင်နေတဲ့ လူငယ်တွေဟာ ရတဲ့လမ်းကနေ ထွက်ပြေးနေကြတာတွေ့ရပါတယ်။

ဒါကြောင့် ထိုင်းကိုရောက်ပြီး တရားဝင်နေထိုင်ခွင့်မရှိလို့ အဖမ်းခံရတဲ့သူဟာ ဖေဖော်ဝါရီလထဲမှာ အယောက် ကိုးရာ၊ မတ်လမှာ တစ်ထောင်၊ ဧပြီလမှာ ၁၁၀၀ နဲ့ မေလလယ်အထိ ခြောက်ရာနီးပါး အဖမ်းခံထားရတဲ့အတွက် စုစုပေါင်း ၃၆၀၀ နီးပါးရှိတာလို့ ပြောပါတယ်။ ဒီအရေအတွက်ဟာ ထိုင်းအာဏာပိုင်၊ ထိုင်းဘုရင့်တပ်မတော်၊ ထိုင်းနယ်ခြားစောင့်တပ်၊ ထိုင်းလဝကတွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ ထိုင်းသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရဖြစ်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။

"တာဝန်ရှိတဲ့သူတွေက၊ လုံခြုံရေးအဖွဲ့တွေက စကားပြန်ကတစ်ဆင့် မေးမြန်းတဲ့အခါမှာ သူတို့တွေဟာ မြန်မာနိုင်ငံက စစ်မှုမထမ်းမနေရဥပဒေကို ကြောက်ရွံ့တဲ့အတွက် တိမ်းရှောင်လာကြတဲ့ အရွယ်ကောင်း လူမယ် မောင်မယ်တွေ ဖြစ်တယ်ဆိုတဲ့အကြောင်း ပြောပြတယ်"

အဖမ်းခံထားရတဲ့သူတွေထဲမှာ ကလေးငယ်တွေလည်းပါတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကိုပြောပါတယ်။

"သုံးလခွဲအတွင်းမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်တဲ့ မြန်မာ (၃၆၀၀) ဝန်းကျင်ရှိတယ်။ သူတို့ကို တာဝန်ရှိတဲ့သူတွေက၊ လုံခြုံရေးအဖွဲ့တွေက စကားပြန်ကတစ်ဆင့် မေးမြန်းတဲ့အခါမှာ သူတို့တွေဟာ မြန်မာနိုင်ငံက စစ်မှုမထမ်းမနေရဥပဒေကို ကြောက်ရွံ့တဲ့အတွက် တိမ်းရှောင်လာကြတဲ့ အရွယ်ကောင်း လူမယ် မောင်မယ်တွေ ဖြစ်တယ်ဆိုတဲ့အကြောင်း ပြောပြတယ်။ အခုနောက်ပိုင်းမှာတော့ သူတို့နဲ့အတူ ကလေးတွေလည်း ပါတယ်ဗျ"

ပြန်ပို့ခံရတဲ့သူတွေအတွက် အန္တရာယ်များတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းအဖွဲ့ (FED) ရဲ့ အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက RFA ကိုပြောပါတယ်။

"ပြန်ပို့တယ်ဆိုတာဟာ ထွက်ပြေးလာတဲ့သူတွေအတွက် အင်မတန် အန္တရာယ်များလွန်းတယ်။ ပြန်ပို့ရင် အဲဒီလူတွေရဲ့ အန္တရာယ်ဘာရှိမလဲဆိုတာကို အဲဒါမျိုးကို စာနာနိုင်ပြီးတော့ စဉ်းစားပေးတဲ့ဟာမျိုး ထိုင်းအစိုးရက အင်မတန်အားနည်းတယ်"

ဖမ်းမိတဲ့သူတွေကို ပြန်ပို့တာဟာ စစ်ကောင်စီအတွက် တစ်ဖက်လှည့်နဲ့ စစ်သားစုပေးသလိုဖြစ်တယ်လို့ ဦးမိုးကြိုးက ဝေဖန်ပါတယ်။

"စကစက အကောင်အထည်ဖော်နေတဲ့ စစ်မှုထမ်းဥပဒေအတွက်လည်း ပြောမယ်ဆိုရင် မီးပုံပေါ်ကို ဓာတ်ဆီလောင်းပေးရာ ရောက်တယ်။ တစ်ဖက်လှည့်နဲ့ စစ်သားစုဆောင်းပေးရာရောက်တယ်လို့ ဦးတို့က သုံးသပ်တယ်"

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၇ ဦးအား ၂၀၂၄ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: Facebook/ Chiangmai Immigration)
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၇ ဦးအား ၂၀၂၄ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: Facebook/ Chiangmai Immigration)

စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ တယ်လီဂရမ်ချန်နယ်ကတော့ စစ်မှုထမ်းဥပဒေကြောင့် နယ်စပ်နဲ့ ပြည်ပနိုင်ငံတွေကို လူငယ်တွေ ထွက်ခွာနေတယ်ဆိုတာ သတင်းအမှားဖြစ်တယ်လို့ မတ်လ ၂၀ ရက်နေ့က ကြေညာထားပါတယ်။

ထိုင်းနိုင်ငံဘက်မှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ ရန်ကုန်မြို့က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးကိုလည်း RFA က အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ မေလ ၂၇ ရက်နေ့ မနက်ပိုင်းအထိ အကြောင်းမပြန်သေးပါဘူး။

ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့ကလည်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အထောက်အထားမဲ့နေထိုင်တဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။